မြန်မာနိုင်ငံ၏ ပြည်ပလယ်ယာပို့ကုန်အချို့ ဈေးနှုန်းကျဆင်းနေပြီး ပြည်တွင်းစားသုံးမှုများသည့် ပဲအချို့ ဈေးနှုန်းမြင့်တက်နေပါသည်။ ထို့ပြင် တရုတ်ကုန်သည်များ ဝယ်လိုအားရှိနေသည့် ပဲတီစိမ်းမှာ ယခုရက်သတ္တပတ်အတွင်း ဈေးနှုန်းပြန်လည် မြင့်တက်လာသည်။
မတ်ပဲဈေးကျဆင်းမှု
အိန္ဒိယနိုင်ငံအတွင်း ဝယ်လိုအားလျော့နည်းခြင်းကြောင့် မြန်မာ့ဈေးကွက်တွင် မတ်ပဲဈေးနှုန်း ကျဆင်းလာသည်။ ဆောင်းရာသီစိုက်ပျိုးသည့် မတ်ပဲအသစ်များ ဈေးကွက်အတွင်း ဝင်ရောက်လာချိန်တွင် ယခုရက်သတ္တပတ် ပြည်တွင်းမတ်ပဲဈေး ကျဆင်းသွားသော်လည်း ပြည်ပဈေးနှုန်းမှာ အနည်းငယ် မြင့်တက်လာသည်ကို တွေ့ရသည်။
လောင်စာဆီအခက်အခဲကြောင့် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးအပေါ် စိုးရိမ်မှုများရှိနေပြီး ဝယ်ယူသည့်နိုင်ငံများတွင် ကုန်စည်ရှားပါးကာ ဈေးနှုန်းမြင့်တက်နိုင်သည်ဟု သုံးသပ်ချက်များ ရှိနေသည်။ ထို့ပြင် ကုန်စည်တင်ပို့သည့် နိုင်ငံများတွင်လည်း သယ်ယူပို့ဆောင်ရေး အခက်အခဲကြောင့် ဈေးနှုန်းကျဆင်းမှုဒဏ်ကို ခံရနိုင်သည်ဟု စိုးရိမ်မှုများရှိနေသော်လည်း အိန္ဒိယနိုင်ငံအတွင်း မတ်ပဲဈေးမှာ သယ်ယူပို့ဆောင်ရေး အခက်အခဲကြောင့်ပင် ဈေးမာနိုင်သည်ဟု ခန့်မှန်းရသည်။
ယခုရက်သတ္တပတ်အတွင်း အိန္ဒိယသို့ အဓိကတင်ပို့နေသည့် မတ်ပဲ၏ ပြည်ပတင်ပို့သည့် FOB (Free On Board) ဈေးနှုန်းမှာ မတ်ပဲ FAQ တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၇၉၅/၈၀၅ မှ ၈၀၀/၈၁၀ သို့လည်းကောင်း၊ မတ်ပဲ SQ တစ်တန်လျှင် ဒေါ်လာ ၈၉၅/၉၀၅ မှ ၉၀၀/၉၁၀ သို့လည်းကောင်း ပြောင်းလဲသွားသည်။
FOB ဈေးနှုန်း အနည်းငယ်မာလာသော်လည်း ပြည်တွင်းဈေးကွက်တွင် မတ်ပဲတစ်တန်လျှင် ကျပ် ၄၀,၀၀၀ ကျော် ကျဆင်းသွားသည်။ ရန်ကုန်ဈေးကွက်တွင် မတ်ပဲ (2025 Crop) FAQ တစ်တန်လျှင် ကျပ် ၃,၀၁၄,၀၀၀ မှ ၂,၉၆၀,၀၀၀ သို့လည်းကောင်း မတ်ပဲ (2026 Crop) FAQ မှာ တစ်တန်လျှင် ကျပ် ၃,၀၂၄,၀၀၀ ခန့် ပေါက်ဈေးရှိနေသည်။ မတ်ပဲ (2025 Crop) SQ မှာ ကျပ် ၃,၃၄၄,၀၀၀ မှ ၃,၂၉၀,၀၀၀ သို့လည်းကောင်း မတ်ပဲ (2026 Crop) SQ မှာ ကျပ် ၃,၃၅၄,၀၀၀ မှ ၃,၃၀၀,၀၀၀ သို့လည်းကောင်း အသီးသီး ဈေးနှုန်းပြောင်းလဲသွားသည်။
ပဲတီစိမ်းဈေး ပြန်လည်မြင့်တက်
တောင်သူများ မျှော်လင့်ထားသည့်အတိုင်း မတ်လအတွင်း ပဲတီစိမ်းဈေးနှုန်းမှာ အတက်ဘက်သို့ ဦးတည်လာသည်။ ဆောင်းသီးနှံအဖြစ် အများဆုံးစိုက်ပျိုးသည့် ပဲတီစိမ်းမှာ အသစ်ပေါ်ချိန်တွင် ဈေးနှုန်းကျဆင်းမှု ကြုံခဲ့ရပြီးစိုက်ပျိုးသူများနှင့် ဝယ်ယူရင်းနှီးမြှုပ်နှံသူများအကြား အပြိုင်အဆိုင် ဈေးထိန်းညှိမှုများ ရှိခဲ့သည်။
ပဲတီစိမ်းစတင်ပေါ်ချိန်တွင် နယ်ဈေးကွက်၌ ပိဿာ ၂၀ လျှင် ကျပ် ၁၀၀,၀၀၀ အထက် ရှိခဲ့သော်လည်း နောက်ပိုင်းတွင် ၉၀,၀၀၀ ကျော်အထိ ကျဆင်းခဲ့ပြီး ယခုအခါ မူလဈေးထက် ပြန်လည်မြင့်တက်လာခြင်းဖြစ်သည်။ ထို့ကြောင့် ရန်ကုန် ဘုရင့်နောင်ဈေးကွက်တွင်လည်း ယခုရက်သတ္တပတ်အတွင်း ပြည်တွင်းပဲတီစိမ်းဈေး အနည်းငယ် မာလာသည်။
သို့သော် ပြည်ပသို့ ရောင်းချသည့် FOB ဈေးနှုန်းမှာမူ ပဲတီစိမ်း (အညာ) FAQ တစ်တန်လျှင် ဒေါ်လာ ၈၄၀/၈၅၀ နှင့် ပဲတီစိမ်း (ရွှေဝါ) FAQ တစ်တန်လျှင် ဒေါ်လာ ၉၃၀/၉၅၀ ဖြင့် ဈေးဖွင့်ထားသည်။ ပြည်တွင်းဈေးနှုန်းအနေဖြင့် ပဲတီစိမ်း (အညာ) တစ်ပိဿာလျှင် ကျပ် ၄,၇၅၀/၄,၇၇၀ မှ ၄,၈၃၀/၄,၈၄၀ သို့လည်းကောင်း၊ ပဲတီစိမ်း (ခရမ်း၊ ပဲခူး) ရွှေဝါ တစ်ပိဿာလျှင် ကျပ် ၅,၄၁၅ မှ ၅,၅၀၀ သို့လည်းကောင်း ပြောင်းလဲခဲ့ပြီးပဲတီစိမ်း (ဝါးခယ်မ) FAQ မှာ တစ်ပိဿာလျှင် ကျပ် ၅,၁၆၅ - ၅,၁၈၅ ဖြင့် ဈေးငြိမ်နေသည်။ မန္တလေးဈေးကွက်တွင်လည်း ပဲတီစိမ်း (အညာ) သစ် မှာ တစ်တန်လျှင် ကျပ် ၃,၁၅၇,၀၀၀ ကျော်ဖြင့် ဈေးငြိမ်နေသည်။

ပြောင်းဈေးနှုန်း တည်ငြိမ်လာ
ဖိလစ်ပိုင်နိုင်ငံသို့ ပြောင်းတင်ပို့မှု တိုးမြှင့်နိုင်ရန် ဖေဖော်ဝါရီလကုန်ပိုင်းတွင် မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်များအသင်းနှင့် ဖိလစ်ပိုင် နိုင်ငံတကာကုန်သွယ်ရေး ကော်ပိုရေးရှင်းတို့သည် မနီလာမြို့၌ နှစ်နိုင်ငံကုန်သွယ်မှုဆိုင်ရာ သဘောတူညီမှုစာချုပ် (MoU) ကို လက်မှတ်ရေးထိုးခဲ့သည်။
ထိုင်းနိုင်ငံမှ အခွန်ကင်းလွတ်ခွင့်ဖြင့် မြန်မာ့ပြောင်း ဝယ်ယူမည့်ကာလကို ၂ လ လျှော့ချခြင်းနှင့် စည်းကမ်းသတ်မှတ်ချက်များ (မီးရှို့မှုကင်းရှင်းကြောင်း ထောက်ခံချက်) တိုးမြှင့်ခြင်းတို့ကြောင့် အခြားနိုင်ငံများသို့ ဈေးကွက်တိုးချဲ့ရန် ကြိုးပမ်းနေခြင်းဖြစ်သည်။ ယခုရက်သတ္တပတ် ရန်ကုန်ဈေးကွက်တွင် ပြောင်းဈေး အနည်းငယ် အားပျော့နေသော်လည်း ပြည်ပရောင်းချသည့် FOB ဈေးနှုန်းမှာ တစ်တန်လျှင် ဒေါ်လာ ၂၄၅/၂၅၅ ဖြင့် ဈေးဖွင့်ထားသည်။
ပြည်တွင်းပြောင်းဈေးမှာ တစ်ပိဿာလျှင် ကျပ် ၁,၅၂၀/၁,၅၄၀ မှ ၁,၅၁၀/၁,၅၃၀ သို့ ပြောင်းလဲသွားသည်။ မန္တလေးဈေးကွက်တွင်မူ ရှမ်းပြောင်း တစ်တန်လျှင် ကျပ် ၈၃၉,၀၀၀ ကျော်နှင့် CP ပြောင်းသစ် တစ်တန်လျှင် ကျပ် ၈၅၀,၀၀၀ ကျော်ဖြင့် ဈေးငြိမ်နေသည်။
ပဲကြီးဈေး မြင့်တက်လာမှု
ပြည်တွင်းစားသုံးမှုအပြင် အိန္ဒိယအပါအဝင် ပြည်ပသို့ တင်ပို့နေသည့် ပဲကြီးမှာ ယခုရက်သတ္တပတ်တွင် ပြည်တွင်းဈေး မြင့်တက်လာပြီး ပြည်ပဈေး အနည်းငယ် ကျဆင်းသွားသည်။ မြန်မာနိုင်ငံအလယ်ပိုင်းတွင် ပဲကြီးစိုက်ပျိုးမှု လျော့နည်းခြင်းနှင့် အထွက်နှုန်းအားပျော့ခြင်းတို့က ဈေးနှုန်းမြင့်တက်စေသည့် အဓိကအကြောင်းရင်းဖြစ်သည်။
ရန်ကုန်ဈေးကွက်တွင် ပဲကြီး၏ FOB ဈေးနှုန်းမှာ တစ်တန်လျှင် ဒေါ်လာ ၁,၂၀၅ - ၁,၂၁၅ မှ ၁,၁၇၅ - ၁,၁၈၅ သို့ ကျဆင်းသွားသော်လည်းပြည်တွင်းဈေးကွက်၌ ပဲကြီး (ကုန်း) 2025 Crop တစ်ပိဿာလျှင် ကျပ် ၅,၉၁၀ - ၆,၀၉၀ မှ ၆,၇၈၀ - ၆,၉၆၀ သို့လည်းကောင်း၊ ပဲကြီး (ရွှေကျွန်း) တစ်ပိဿာလျှင် ကျပ် ၆,၃၇၀ - ၇,၀၅၀ မှ ၇,၅၂၀ - ၇,၇၀၀ သို့လည်းကောင်း မြင့်တက်သွားသည်။
မန္တလေးဈေးကွက်တွင် ပဲကြီး (ကြီး) တစ်တန်လျှင် ကျပ် ၄,၉၈၀,၀၀၀ ကျော်မှ ၅၅ သိန်းကျော်သို့လည်းကောင်း၊ ပဲကြီး (လတ်) မှာ ကျပ် ၄,၄၃၀,၀၀၀ ကျော်မှ ၄,၅၄၀,၀၀၀ ကျော်သို့လည်းကောင်း မြင့်တက်ခဲ့ပြီး၊ ပဲကြီး (သေး) မှာ တစ်တန်လျှင် ကျပ် ၃,၈၇၀,၀၀၀ ကျော်ဖြင့် ဈေးငြိမ်နေသည်။
နှမ်းဈေးနှုန်း အပြောင်းအလဲ
ဆီထွက်သီးနှံဖြစ်သည့် နှမ်းမှာ အမျိုးအစားအလိုက် ဈေးနှုန်းအတက်အကျ ရှိနေသည်။ တရုတ်ဈေးကွက်သို့ တင်ပို့သည့် နှမ်းနက် (စမုံ) မှာ ဈေးပြန်ကျသွားသော်လည်း ပြည်တွင်းဝယ်လိုအားရှိသည့် နှမ်းဖြူ (ဂျပန်) မှာ ဈေးအနည်းငယ် တက်လာသည်။
ရန်ကုန်ဈေးကွက်တွင် FOB ဈေးနှုန်းအနေဖြင့် နှမ်းညိုတစ်မျိုးသာ ဈေးတက်ပြီး ကျန်အမျိုးအစားများ ငြိမ်နေသည်။ နှမ်းနက် (စမုံ) မှာ ဒေါ်လာ ၂,၆၇၅ - ၂,၆၈၅၊ နှမ်းဖြူ မှာ ဒေါ်လာ ၁,၂၅၅ - ၁,၂၆၅ ဖြင့် ဈေးငြိမ်နေပြီး နှမ်းညို မှာ တစ်တန်လျှင် ဒေါ်လာ ၁,၁၆၀ - ၁,၁၇၀ မှ ၁,၁၈၀ - ၁,၁၉၀ သို့ ပြောင်းလဲသွားသည်။
မန္တလေးဈေးကွက်တွင် နှမ်းနက် (စမုံ) တစ်တန်လျှင် ကျပ် ၁၀၆ သိန်းကျော်မှ ၁၀၄ သိန်းကျော်သို့ ကျဆင်းခဲ့ပြီး နှမ်းဖြူ (ဂျပန်) မှာ ကျပ် ၄,၄၉၀,၀၀၀ ကျော်မှ ၄,၆၂၀,၀၀၀ ကျော်သို့ မြင့်တက်ခဲ့သည်။ နှမ်းညို (သစ်) မှာ တစ်တန်လျှင် ကျပ် ၄,၄၉၀,၀၀၀ ကျော်ဖြင့် ဈေးငြိမ်နေပါသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။