၂ ပတ်ဆက်တိုက် ဈေးကျနေတဲ့ ပဲစဉ်းငုံနီနဲ့ ဈေးငြိမ်နေတဲ့ ပဲတီစိမ်း

03/05/2024 13:00 PM တွင် AMIA AMIA မှ ရေးသား

ပဲစဥ်းငုံနီ

ပဲစင်းငုံနီ ဒီတစ်ပတ် ဈေးကျဆင်းပါတယ်။ ပြီးခဲ့တဲ့ အပတ်ကတည်းက‌ ဈေးကျဆင်းနေခဲ့တာဖြစ်ပြီး  လက်ရှိမှာတော့ တစ်တန်ကို သိန်း ၄၀ အောက်ရောက်သွားနိုင်မလားဆိုတာ စောင့်ကြည့်ရမယ့် အခြေအနေလည်း ဖြစ်ပါတယ်။ 

အိန္ဒိယနိုင်ငံမှာလည်း အဆမတန် မြင့်တက်နေတဲ့ ပဲဈေးနှုန်းကို ထိန်းချုပ်ဖို့အတွက် တစ်နိုင်ငံလုံး အနှံ့မြေပြင်ကွင်းဆင်း အရေးယူတာတွေ လုပ်ဆောင်နေတဲ့အတွက် ပဲ ဈေးဟာ ဆက်တိုက်ကျဆင်းနေခဲ့တာပါ။ အိန္ဒိယနိုင်ငံ ချန်နိုင်းဈေးကွက်၊ နယူးဒေလီ ဈေးကွက်မှာ တော့ ၂ ရက်တာကာလ ဈေးအဖွင့်မရှိတာကို တွေ့ရပါတယ်။

အိန္ဒိယအစိုးရက ပြည်ပကနေ ပဲစင်းငုံနီ တင်သွင်းခွင့်ကို ပေးထားပေမယ့် အိန္ဒိယနိုင်ငံ ပဲစင်းငုံလိုအပ်ချက် မြင့်မားနေတဲ့အတွက်ကြောင့် ပြည်ပကနေလည်း ပဲ အဝင်က နည်းပြီး ပဲစင်းငုံနီဈေးဟာ ၁၀ ရာခိုင်နှုန်းကျော်ထိ မြင့်တက်လာတယ်လို့ အိန္ဒိယသတင်းမှာ ဖော်ပြထားပါတယ်။

ရန်ကုန်စျေးကွက်မှာ ပဲစဥ်းငုံနီတစ်တန်ကို ကျပ် ၄၀၅၈၀၀၀ ကျပ်  ပေါက်ဈေးရှိနေပြီး ပြီးခဲ့တဲ့ အပတ်နဲ့ ယှဉ်ရင် တစ်တန်ကို ၇၀၀၀၀ ကျော်ဈေးကျဆင်းသွားပါတယ်။ 

ပြီးခဲ့တဲ့ လ နဲ့ ယှဉ်ရင်တော့  ပဲစင်းငုံနီ ဈေးဟာ အတက်ဈေး မှာပဲရှိနေဆဲပါပဲ။ 

ပဲတီစိမ်း

ပဲတီစိမ်းကတော့ ၂ ပတ်တာကာလအတွင်း ဈေးငြိမ်နေပါတယ်။ ပြည်တွင်းဝယ်ရောင်း အခြေအနေကလည်း ငြိမ်နေတယ်လို့သိရပါတယ်။ လက်ရှိဈေးငြိမ်နေတဲ့ အခြေအနေဖြစ်တဲ့အတွက် သိုလှောင်မယ်ဆိုရင်တော့ ဒီအခြေအနေက ဝယ်ယူသိုလှောင်သင့်တယ်လို့ ကုန်သည်ကြီး အချို့က ဆိုပါတယ်။ 

ပဲတီစိမ်းက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလလောက်ကနေစပြီး ဆက်တိုက် ဈေးကျဆင်းနေခဲ့တာ ဖြစ်ပါ တယ်။ ပြီးခဲ့တဲ့ နှစ်ကတော့ ပုံမှန် သင်္ကြန်ကာလအပြီး ဈေးငြိမ်နေပေမယ့် မေလ ကုန် ဇွန် လဆန်းပိုင်းလောက် အတက်ဈေး ရှိနေခဲ့ဖူးပါတယ်။

ရန်ကုန်ဘုရင့်နောင်‌ဈေးကွက်မှာတော့ ပဲတီစိမ်း(ပဲခူးရွှေဝါ)က တစ်ပိဿာကို ၃၆၆၅ ကျပ်၊ ပဲတီစိမ်း(ခရမ်းရွှေဝါ)ကတစ်ပိဿာကို ၃၈၃၀ ကျပ်၊ ပဲတိစိမ်း(ဝါးခယ်မ)ကတော့ တစ်ပိဿာကို ၃၀၀၀ မှ ၃၆၇၀ ပေါက်ဈေးရှိပြီး ဈေးငြိမ်ပါတယ်။

မန္တလေးဈေးကွက်မှာ လည်းပဲတီစိမ်း(အညာ)ကလည်း တစ်အိတ်ကို ၁၄၅၀၀၀ ကနေ ၁၅၅၀၀၀ ကျပ်ရှိပြီး ပြီးခဲ့တဲ့ အပတ်က ဈေးအတိုင်း အပြောင်းအလဲ မရှိ ငြိမ်နေပါတယ်။

ပြောင်းဆံ

ပြောင်းဆံကတော့ ပြီးခဲ့တဲ့အပတ်က ဈေးမြင့်တက်နေခဲ့တာဖြစ်ပြီး ဒီတစ်ပတ်မှာလည်းဆက်ပြီး ဈေးမြင့်တက်လာပါတယ်။ မြဝတီကုန်သွယ်ရေးလမ်းကြောင်း ပြန်လည်ဖွင့်ပြီး တင်ပို့မှုရှိနေပြီဖြစ်လို့ ဈေးပြန်လည် မြင့်တက်နေတာလို့ သိရပါတယ်။

ဈေးကွက်အတွင်း ဈေးမြင့်တက်နေပေမယ့် တောင်သူ့လက်ထဲမှာတော့ ပြောင်းတွေ မရှိတော့ဘူးလို့ သိရပါတယ်။ 

ရန်ကုန်ဈေးကွက်မှာတော့ ပြောင်းဆံ တစ်ပိဿာကို ၁၀၇၀ မှ ၁၀၉၀ ကြားရှိပြီး တစ်ပိဿာကို ၃၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

မန္တလေးဈေးကွက်မှာလည်း ပြောင်းစီပီ တစ်အိတ်ကို ၅၁၅၀၀  ပေါက်ဈေးရှိနေပြီး တစ်အိတ်ကို ၅၀၀ ကျပ်ဈေးတက်လာပါတယ်။ရှမ်းပြောင်းတွေကလည်း တစ်အိတ်ကို ၅၁၅၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၅၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။

စားတော်ပဲ

ပြည်တွင်းစားတော်ပဲကတော့ ဈေးကွက်အတွင်း အနည်းငယ် မြင့်တက်ပေမယ့် ပြည်ပကနေ တင်သွင်းတဲ့ စားတော်ပဲ ကနေဒါကတော့ ဈေးကျဆင်းနေပါတယ်။ ဈေးကွက်ထဲ ပြည်တွင်း ပဲရော ပြည်ပ ပဲက ပုံမှန် အဝင်ရှိနေတဲ့အတွက် စားတော်ပဲ ဈေးက လက်ရှိကာလ အတွင်း အကျဈေးနဲ့ ပဲ အရောင်းအဝယ်ရှိနေတယ်လို့သိရပါတယ်။ ပြီးခဲ့တဲ့နှစ်ကတော့ ဈေးကောင်းရရှိတဲ့ ပဲလည်း ဖြစ်ပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ စားတော်ပဲက တစ်ပိဿာကို ၅၁၆၅ မှ ၅၅၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၆၅ ကျပ် ဈေးကျဆင်းသွားပါတယ်။

မန္တလေးဈေးကွက်မှာတော့ စားတော်ပဲ (ကျွန်း)က တစ်အိတ်ကို ၂၆၀၀၀၀ မှ ၂၇၀၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးမြင့်တက်လာပါတယ်။ စား‌တော်ပဲ (ကနေဒါ)ကတော့ တစ်အိတ်ကို ၂၆၅၀၀၀ မှ ၂၇၀၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၅၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်