တရုတ်၀ယ်လိုအား လျော့နေချိန် နယ်စပ်တွင်အခြားနိုင်ငံများနှင့် ဈေးကွက်ယှဉ်ပြိုင်ရောင်းချနေရခြင်းကြောင့် မြန်မာ့ဖရဲနှင့် သခွားမွှေးဈေး ကျဆင်းလာကြောင်း သစ်သီးကုန်သည်အချို့က ပြောသည်။
မြန်မာနိုင်ငံအတွင်း စိုက်ပျိုးထုတ်လုပ်သော ဖရဲ၊ သခွားမွှေးသီးများကို မိုင်းလား နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှတဆင့် တရုတ်နိုင်ငံသို့တင်ပို့ရာတွင် လာအိုနယ်စပ်မှ တင်ပို့နေသည့် သစ်သီးများဖြင့် ဈေးကွက်ယှဉ်ပြိုင်ရောင်းနေရသည်။ ထို့အပြင် တရုတ်နိုင်ငံမှ စားသုံးသူများ၏ ၀ယ်လိုအားကလည်း လျော့နည်းသဖြင့် လက်ရှိအချိန်တွင်သစ်သီးဈေးက ကျဆင်းနေသည်။
"ဈေးကွက်အနေအထားအရ ၀ယ်လိုအားနည်းတော့ အရှုံးများနိုင်တဲ့ အခြေအနေမျိုးဘဲ"ဟု သစ်သီပွဲရုံပိုင်ရှင်တစ်ဦးကပြောသည်။
လက်ရှိ မိုင်းလားနယ်စပ်တွင် မြန်မာနိုင်ငံမှတင်ပို့သည့် ဖရဲအလုံးကြီး ကားအစီးပြတ်ကို တရုတ် ယွမ်ငွေ ၃၀,၀၀၀ မှ ၄၅,၀၀၀ အကြားဈေးပေးသည်။ ပြီးခဲ့သည့်ရက်ပိုင်းက ကားတစ်စီလျှင် ယွမ် ၃၅,၀၀၀မှ ၅၂,၀၀၀ အကြားဈေးရရှိသည်။ ဖရဲအလုံးသေးလျှင် အရောင်း၊ အ၀ယ်ခက်ခဲပြီး ဈေးမရကြောင်း ကုန်သည်များကအသိပေးနေသည်။

သခွားမွှေးကလည်း တစ်ကီလို ၃.၃ယွမ်မှ ၄ ယွမ်အကြားဈေးရှိပြီး ကားတစ်စီးလျှင် ယွမ် ၅၅,၀၀၀မှ ၆၈,၀၀၀ အကြား တရုတ်ကုန်သည်များကဈေးပေးသည်။
လက်ရှိ နယ်စပ်တွင် ဖရဲ၊ သခွားမွှေးဈေးကွက်အခြေအနေက အလုံးကြီး၊ အသီးလှမှသာ ဈေးရရှိပြီး အလုံးသေးလျှင် ကားခ၊ ဂျက်ဖာဖိုးဆုံးရှုံးမှုများကြုံနိုင်သည်ဟု ကုန်သည်အချို့ကပြောသည်။
ဖရဲ၊ သခွားမွှေးများ မိုင်းလာနယ်စပ်သို့ တင်ပို့ရာတွင် ကားတစ်စီးအတွက် ကားခကုန်ကျစိတ်က ကျပ် သိန်း ၁၃၀မှ ၁၄၀ အကြားရှိသည်ဟု ဖရဲစိုက်တောင်သူတို့က ဆိုသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။