ပင်းချောင်းပေါ်က လျော့ကျသွားတဲ့ ဆောင်းကြက်သွန်စိုက်ခင်းများ အပိုင်း(၁)

24/01/2022 19:00 PM တွင် ဂျာနူး ဂျာနူး မှ ရေးသား

ဆောင်းရာသီကိုရောက်လာပြီဆိုရင်ပဲ အညာဒေသက လယ်မြေတွေနဲ့ ချောင်းမြေတွေပေါ်မှာ ကြက်သွန်နီ စိုက်ပျိုးနိုင်ဖို့ တောင်သူတွေ အလုပ်ရှုပ်နေကြတာကိုတွေ့မြင်နိုင်ပါ တယ်။ ဒီဇင်ဘာလကုန်ပိုင်းကို ရောက်လာပြီဆိုရင် သဘာဝအလျောက်ပြန့်ကြဲပြီး စီးဆင်းလာတဲ့ချောင်းရေကို ဘတ်ဖိုးတွေနဲ့ကော် မြောင်းတူးပြီး လိုရာကို ခပ်ကျဉ်းကျဉ်း စီးဆင်းစေပါတယ်။ အဲ့ဒီနောက် ပေါ်လာတဲ့ချောင်းမြေကို စိုက်ပျိုးမြေဖြစ်အောင် မြေ အနိမ့်အမြင့်ကိုပြုပြင်ပြီး ကြက်သွန်စိုက်ပျိုးကြတာဖြစ်ပါတယ်။ ဒီလုပ်ငန်းတွေက တစ်နိုင်ငံလုံးရဲ့ မီးဖိုချောင်မှာ ကြက်သွန်နီကိုဖူဖူလုံလုံစားနိုင်ဖို့အပြင် နိုင်ငံခြား ဝင်ငွေလည်းရှာဖွေပေးမယ့် ချောင်းကြက်သွန် စိုက်ခင်းတွေဖြစ်လာအောင် တောင်သူတွေ စတင်ဆောင်ရွက်ရတဲ့ လုပ်ငန်းဖြစ်ပါတယ်။

မကွေး၊ ရေနံချောင်း၊ ချောက်စတဲ့ အညာဒေသရဲ့ အဓိကစိုက်ပျိုးနေကြတဲ့ စီးပွားဖြစ်သီးနှံက ကြက်သွန်ဖြစ်ပြီး စပါးကတော့ ဝမ်းစာအတွက်သာ စိုက်နိုင်ကြပါတယ်။ ဒါကြောင့် စီးပွားဖြစ်သီးနှံအဖြစ်မှီခိုအားထားတဲ့ ကြက်သွန်က စျေးအလွန်အမင်း ကျဆင်းခဲ့တဲ့အတွက် ၅ဧက အောက်လုပ်ကွက်ငယ်တောင်သူတွေအဖို့မှာတော့ မိမိဝေစုရတဲ့ချောင်းမြေပေါ်မှာ အခင်းရှင်အဖြစ် ဆောင်းကြက်သွန်မစိုက်နိုင်တော့ပဲ နေ့စားလုပ်သား အဖြစ်သာလုပ်ကိုင်နေရတာ စိတ်မကောင်းဖြစ်မိတယ်လို့ အခင်းရှင် ဟောင်းဖြစ်သူ သပြေပင်ကျေးရွာက ဒေါ်ရင်ရင်လှိုင်ကပြောပါတယ်။

“ မိရိုးဖလာ လုပ်နေကျဖြစ်တဲ့အတွက်ကို ကိုယ့်ရင်ထဲမှာ မကောင်းဘူးပေါ့နော်။ ဒါပေမယ့်လို့ အပင်ကိုမြေထဲကျပြီးရော စိုက်ထားလို့မရဘူးပေါ့လေ။ နောင်အခါ ပက်ရမယ့် အာမို၊ ပုလဲ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးကမှ အစ အစစအရာရာစျေးတွေက တက်နေတော့ မကြီးတို့က မစိုက်ရဲတော့ဘူးဖြစ်သွားတာ” လို့ ဒေါ်ရင်ရင်လှိုင်ကပြောပါတယ်။

မိုးစပါးအပြီး လယ်မြေပေါ်မှာ ဘောင်ဖော်ကာ ရေဖျန်းစိုက်ပျိုးတဲ့ ကုန်းကြက်သွန်ခင်းအား ၂၀၂၂၊ ဆောင်းရာသီအတွင်း ရေနံချောင်းမြို့တွင်တွေ့ရစဉ်

မြန်မာတစ်နိုင်ငံလုံးမှာ ကြက်သွန်စိုက်ဧက နှစ်သိန်းနီးပါးရှိပြီး မကွေး၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှာ စိုက်ဧကအများဆုံးဖြစ်ပြီး ဧကသုံးသောင်းနဲ့အထက် စိုက်ပျိုးထုတ်လုပ်ကြတဲ့ တိုင်းဒေသကြီးများဖြစ်ပါတယ်။ မြန်မာ့ကြက်သွန်နီကို ထွက်ရှိရာဒေသ၊ ထွက်ရှိချိန်နှင့် အရည်အသွေးအတန်းစားပေါ်မူတည်ပြီး အမျိုးမျိုးခေါ်ဝေါ်ကြပါတယ်။ စျေးကွက်မှာ လူသိများပြီးကြိုက်လည်းကြိုက်ကြတဲ့ မြစ်သားကြက်သွန်နီက ဆောင်းရာသီမှာစိုက်ပျိုးတာဖြစ်ပြီး နွေမှာပေါ်တဲ့ကြက်သွန်နီမျိုးဖြစ်ပါတယ်။ အရောင်လှတဲ့ရွှေဖလားရောင် ဒါမှမဟုတ် ရွှေဒင်္ဂါးရောင်ရှိပြီးအခွံပါးကာ အထားခံပါတယ်။ မြင်းခြံ ကထွက်တဲ့ ဆောင်းစိုက်ကြက်သွန်နီကလည်း မြစ်သားကြက်သွန်လိုပဲ ပထမတန်းစား ထဲမှာပါဝင်ပါတယ်။ အရွယ်အစားလုံးဝန်းပြီး အခွံပါးကာ အနီရောင်ရှိပါတယ်။

မြင်းခြံကထွက်တဲ့ မိုးကြက်သွန်နီက ဥပုံစံရှည်ပြီးပွပါတယ်။ အူတိုင်ပါပြီး အမွှာကျစ်ပါတယ်။ ဆယ့်တစ်လပိုင်းကနေ တစ်လပိုင်းအထိက ကြက်သွန်ပေါ်တဲ့ ရာသီဖြစ်ပါတယ်။ ရေနံချောင်း မိုးကြက်သွန်နီကလည်း မြင်းခြံမိုးကြက်သွန်နီလိုပဲ ဥပုံစံရှည်ပြီးပွသလို အူတိုင်ပါပြီး အမွှာကျစ်ပါတယ်။ တစ်လပိုင်းကနေ မတ်လအထိက ရေနံချောင်းမိုးကြက်သွန်ပေါ်တဲ့ ရာသီဖြစ်ပါတယ်။ ရေနံချောင်းဆောင်းကြက်သွန်ကတော့ ဥပုံစံဝိုင်းပြီး အနီရင့်ရောင်ရှိပါတယ်။ ဥအလတ်စားများသာထွက်ပေမယ့် ပြည်ပဝယ်လက်ရှိတဲ့အမျိုးအစားဖြစ်ပြီး မတ်လကနေ မေလအတွင်းက ကြက်သွန်ပေါ်တဲ့ ရာသီဖြစ်ပါတယ်။

ဆောင်းမှာစိုက်တဲ့ ဆိတ်ဖြူကြက်သွန်နီက တတိယတန်းစားကြက်သွန်နီဖြစ်ပြီး ဥပုံစံရှည်ပြီးအခွံထူပါတယ်။ အနီရင့်ရောင်ရှိပြီး ဥအလတ်စားများဖြစ်ပါတယ်။ ဧပြီလကနေ ဇွန်လအထိက ဆိတ်ဖြူ ဆောင်းကြက်သွန်ပေါ်တဲ့ကာလများဖြစ်ပြီး လူကြိုက်နည်းပါတယ်။ မန္တလေးဒေသက ထွက်တဲ့မိုးကြက်သွန်ကတော့ စတုတ္ထတန်းစားဖြစ်ပြီး ဥပွပြီး အနီရောင်ရင့်ရင့်ရှိပါတယ်။ အမွှာများပြီး အလယ်အူတိုင်ပါရှိပါတယ်။ အထားမခံလို့ လူကြိုက်နည်းပြီး ဇန်နဝါရီလမှ ဖေဖေါ်ဝါရီလအတွင်းက ကြက်သွန်ပေါ်တဲ့ ကာလများဖြစ်ပါတယ်။ မင်းတုန်းကြက်သွန် ကတော့ ဥပုံစံကျစ်လျစ်ပြီး ရွှေဖလားရောင်ရှိကာ အထားခံတဲ့အပြင်အနံ့အရသာ ပိုပြီး ကောင်းမွန်လို့ လူကြိုက်များပါတယ်။

ချောင်းကြက်သွန်လုပ်ငန်းကတော့ စီးပွားဖြစ်အမြောက်အများစိုက်ပျိုးကြတာဖြစ်လို့ ပြည်တွင်းစားသုံးဖို့နဲ့ ပြည်ပတင်ပို့နိုင်ဖို့ အားထားရတဲ့လုပ်ငန်းဖြစ်ပါတယ်။ မြေသြဇာနည်းပြီးသဲများတဲ့ချောင်းမြေကို နွားချေးနဲ့ ဓာတ်မြေသြဇာရောပြီး မြေဆီလွှာကောင်းအောင်ပြုပြင်ပေးရပါတယ်။ အဲ့ဒီနောက် ပျိုးထောင်ထားတဲ့ ကြက်သွန်ပျိုးတွေကို ပြောင်းရွှေ့ စိုက်ပျိုးတာပဲဖြစ်ပါတယ်။ လယ်မြေဧကနည်းပါးပေမယ့် စိုက်ပျိုးစီးပွားကိုအဓိကထားလုပ်ကိုင်ကြတဲ့ အညာဒေသကတောင်သူတွေက ရေနည်းလာတဲ့ချောင်းမြေကိုပြုပြင်ပြီး စိုက်ဧကတိုးအောင် ဆောင်ရွက်ကြတာပဲဖြစ်ပါတယ်။

ဆောင်းရာသီမှာစိုက်ပျိုးတဲ့ ချောင်းကြက်သွန်က စတင်စိုက်ပျိုးချိန်မှာ မြေပြင်ရတဲ့ လုပ်ငန်းတွေကိုခက်ခက်ခဲခဲ လုပ်ကိုင်ကြရသလို စိုက်ပျိုးပြီးချိန်မှာလည်း ချောင်းရေလွဲထားတဲ့ တာတွေကျိုးပေါက်လာပြီး ချက်ချင်းပြန်လည်ပြုပြင်ဖို့ အလျင်မမှီပါက လူကလှဲအိပ်ပြီး ရေပေါက်ကိုပိတ်ရတဲ့အထိ ကြက်သွန်စိုက်ခင်းရေမလွှမ်းအောင် ဆောင်ရွက်ကြရပါတယ်။ ဒါကြောင့် ရေကင်းမပြတ်စောင့်ကြည့်တဲ့ လုပ်ငန်းတွေကိုစုပေါင်း လုပ်ကိုင်ရပါတယ်။ ကြက်သွန်ပေါ်တဲ့ရာသီချိန်မှာလည်း ရာသီဥတုဖောက်ပြန်ပြီး မိုးနဲ့အတူ ချောင်းရေက စောပြီးကျလာပါက ကြက်သွန်ခင်းတွေရေမမြှုပ်အောင် ညလုံးပေါက် ကြက်သွန်တူးဖော်တဲ့လုပ်ငန်း တွေကိုလုပ်ကိုင်ကြရပါတယ်။ ချောင်းကြက်သွန်က တစ်ဦးတစ်ယောက်ကောင်းနဲ့ ဆောင်ရွက်လို့ရတဲ့လုပ်ငန်းမျိုးမဟုတ်ပဲ တောင်သူစုပေါင်းအားနဲ့ ညီညီညွတ်ညွတ်လုပ်ကိုင်ရတဲ့လုပ်ငန်းဖြစ်ပါတယ်။ ရေကျချိန် ပေါ်လာတဲ့ချောင်းမြေကို မြေယာခွဲခြမ်းဝေမျှပြီး မြေပြင်တဲ့လုပ်ငန်းတွေ၊ ကြက်သွန်ခင်းရေမမြှုပ်အောင် စောင့်ကြည့်လုပ်ကိုင်ရတာဖြစ်တဲ့အတွက် ချောင်းမြေပေါ်မှာ ဆောင်းကြက်သွန် စိုက်ပျိုးတဲ့လုပ်ငန်းက တောင်သူတွေအဖို့ စိန်ခေါ်မှုများစွာနဲ့ ခက်ခက်ခဲခဲဆောင်ရွက်ရတဲ့ လုပ်ငန်းဖြစ်ပါတယ်။ ဒါကြောင့် ကြက်သွန်ပေါ်ချိန်၊ အကျိုးအမြတ်ခံစားရမယ့်အချိန်မှာ အကျိုးအမြတ်မရှိတဲ့အပြင် အရင်းပါဆုံးရှုံးစေတဲ့ စျေးကွက်အနေထားမျိုးက တောင်သူကိုပိုပြီး အထိနာစေတာဖြစ်ပါတယ်။

နောက် တောင်သူတွေကြုံနေရသောဈေးကွက်မှ ကြက်သွန်ကြမ်းခင်းဈေးသတ်မှတ်ပုံ တို့ကိုလည်း ဆက်ပါဦးမည်...

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်