သီးနှံတွေ ဈေးကောင်းရဖို့ အရည်အသွေးနှင့် ဈေးကွက်ကို လေ့လာပြီးစိုက်ကြစို့

29/12/2017 14:58 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး UNESCO-LIFT UNESCO-LIFT မှ ပေးပို့ထားပါသည်။

လယ်ယာထွက်ကုန်ပစ္စည်းတွေ စျေးကောင်းရဖို့ဆိုရင် တောင်သူတွေအနေနဲ့ သီးနှံဈေးကွက် အခြေအနေကို ခန့်မှန်းရွေးချယ်စိုက်ပျိုးနိုင်ဖို့ လိုအပ်သလို အရည်အသွေးပြည့်မီအောင် စိုက်ပျိုး ဖို့လည်း လိုအပ်တယ်ဆိုတဲ့အကြောင်းကို ဒီအစီအစဉ်မှာ တင်ပြပေးသွားမှာပါ။

သောတရှင်များခင်ဗျား။ ပြန်ကြားရေးဝန်ကြီးဌာန၊ UNESCO နဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနတို့ကပူးပေါင်းဆောင်ရွက်ပြီး၊ မြန်မာ့အသံနှင့် သြစတြေးလျ ABC နိုင်ငံတကာဖွံ့ဖြိုးရေးဌာနတို့ကစီစဉ်ထုတ်လွှင့်လိုက်တဲ့ “စားနပ်ရိက္ခာဖူလုံရေး သားစဉ်မြေးဆက်ပေး အစီအစဉ်ကို တင်ဆက်တော့မှာ ဖြစ်ပါတယ်”။ လယ်ယာထွက်ကုန်ပစ္စည်းတွေ စျေးကောင်းရဖို့ဆိုရင် တောင်သူတွေအနေနဲ့ သီးနှံဈေးကွက် အခြေအနေကို ခန့်မှန်းရွေးချယ်စိုက်ပျိုးနိုင်ဖို့ လိုအပ်သလို အရည်အသွေးပြည့်မီအောင် စိုက်ပျိုး ဖို့လည်း လိုအပ်တယ်ဆိုတဲ့အကြောင်းကို ဒီအစီအစဉ်မှာ တင်ပြပေးသွားမှာပါ။ ဒီအကြောင်းကိုတော့ မြန်မာ့အသံရဲ့ သတင်းထောက် ခိုင်မျိုးအောင်က ဆက်လက်တင်ပြသွားမှာဖြစ်ပါတယ်။

ဦးမောင်ဝင်း။ ။ ရာသီအလိုက်စိုက်တဲ့သီးနှံကိုမှ စျေးကွက်ပေါ်မူတည်ပြီးတော့ စိုက်ပါတယ်။ အရင်တုန်းကမိရိုးဖလာ နှမ်းဆိုလို့ရှိရင် ရိုးစိမ်းတို့၊ ဒီတခြားမျိုးတွေရှိတယ်။ စျေးကွက်ပေါ်မူတည်ပြီးတော့ နှမ်းနက်ဆိုတဲ့မျိုးကိုစိုက်ကြပါတယ်။ တောင်သူတွေ အများအားဖြင့်။ ဘာဖြစ်လို့လဲဆိုရင် နှမ်းတစ်တင်း၊ တစ်တင်းရဲ့နှုန်းကထက်ဝက်လောက်ကွာနေလို့ပါ။ အဲ့ဒါကြောင့် စျေးကွက်ကိုကြည့်ပြီးတော့ စိုက်တာလို့ပြောလို့ရပါတယ်။ ပဲတီစိမ်းကိုစိုက်လို့ ရပေမဲ့လို့လည်းပဲတီစိမ်းစျေးက မနှစ်ကထက်ဝက်ကျသွားသည့်အတွက် ပဲတီစိမ်းအခုနှစ် လျှော့ပါတယ်။ ဦးတို့သာစည်နယ်မှာတော့။

ခိုင်မျိုးအောင်။ ။ သာစည်မြို့နယ်၊ အောင်သာကျေးရွာမှ တောင်သူဦးမောင်ဝင်းက အရင်နှစ်က သီးနှံစျေးနှုန်းကို ကြည့်ပြီးတော့ စိုက်သလို ဈေးကွက်ကိုလည်း ကြည့်ပြီးစိုက်တယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ ။ ဘာကြောင့် တောင်သူတွေအနေနဲ့ အရင်နှစ်ကဈေးနှုန်းကိုပဲအဓိကထားကြည့်ပြီးတော့ စိုက်ပျိုးနေရသလဲဆိုတာကိုတော့ ရေဆင်းတက္ကသိုလ် စိုက်ပျိုးစီးပွားပညာဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာသိင်္ဂီမြင့်က အခုလိုရှင်းပြပါတယ်။

ဒေါက်တာသိဂီ င်္မြင့်။ ။ တောင်သူတွေတော်တော်များများကအရင်နှစ်ကစျေးနှုန်းကိုပဲမူတည်ပြီး၊ ခန့်မှန်းပြီးတော့ စိုက်ကြတယ်။ အဲ့ဒါကတော့ သူတို့အတွက် အသေချာဆုံးသူတို့သိတယ်။ သူတို့ကိုယ်တိုင်ရောင်းခဲ့တာ။ နောက်စျေးဘယ်လိုဖြစ်မလဲဆိုတဲ့ဟာကိုခန့်မှန်းတဲ့အခါမှာတော့ မသေချာမှုတွေ အများကြီးရှိပါတယ်။ အဲ့ဒီမသေချာမှုတွေကလည်းစွန့်စားမှုကို ဖြစ်စေတယ်ပေါ့။ တောင်သူတွေကိုယ်၌က ရင်းနှီးမြှပ်နှံနိုင်မှုကလည်းအရမ်းကြီးမမြင့်ဘူး။အဲလိုဆိုတော့ စွန့်စားမှုတွေကိုမလိုအပ်ပဲမလုပ်နိုင်ကြဘူး။ ဆရာမတို့နိုင်ငံမှာကသီးနှံစျေးကွက်တွေကမသေချာမှုတွေ အများကြီးပဲ။ အဲ့ဒီမသေချာမှုတွေကမစွန့်စားချင်လို့။

ခိုင်မျိုးအောင်။ ။တောင်သူတွေအနေနဲ့ စွန့်စားစရာမလိုဘဲဈေးကောင်းရရှိဖို့ သေချာတဲ့သီးနှံကိုရွေးချယ်စိုက်ပျိုးနိုင်ဖို့လိုပါတယ်။ ဒီအတွက် သီးနှံစျေးကွက်ဆိုင်ရာအချက်အလက်တွေ တောင်သူတွေ သိရှိအောင် ဖြန့်ဝေပေးနေတဲ့ နေရာဌာနတွေလည်းရှိနေပြီဖြစ်ပါတယ်။ဒီဌာနတွေထဲကတစ်ခုဖြစ်တဲ့ လယ်ယာစိုက်ပျိုးရေးနှင့် စျေးကွက်သတင်းအချက်အလက်အေဂျင်စီ (AMIA) မှ ပူးတွဲတည်ထောင်သူနှင့် မန်နေဂျာဒေါ်ဝတ်ရည်မွန်ကသီးနှံပေါက်စျေးတွေကိုပုံမှန်ထုတ်ပြန်ပေးနေတဲ့အကြောင်းအခုလိုပြောပါတယ်။

ဒေါ်ဝတ်ရည်မွန်။ ။စျေးနှုန်းစုဆောင်းတာကတော့ ကုန်စည်ဒိုင်တွေရှိတဲ့ ရန်ကုန်ရှိမယ်၊ မန္တလေးရှိမယ်။ ပခုက္ကူ၊ မုံရွာ၊ အောင်ပန်း၊ သီရိမင်္ဂလာဈေး၊နဲ့ မူဆယ်ပေါ့နော်။ အဓိကမြို့ကြီးတွေရဲ့ ကုန်စည်ဒိုင်တွေကဈေးနှုန်းတွေကို ကျွန်မတို့ စုဆောင်းတယ်။ တောင်သူတွေကိုကုန်စည်ဒိုင်ကဈေးနှုန်းအစစ်အမှန်တွေကိုထုတ်ပြန်ပေးတယ်။ ရန်ကုန်မှာဆိုဘာအဓိကျလဲ၊ အောင်ပန်းမှာဆိုရင် ဟင်းသီးဟင်းရွက်ပေါ့နော်၊ မန္တလေးမှာဆိုလိုရှိရင် အဓိက နှမ်းပေါ့။ အဓိကကျတဲ့ဟာတွေကိုပဲရွေးပြီးတော့မှ ညီမတို့က Facebook မှာတင်တယ်။ သိချင်တဲ့ ကုန်စည်ဈေးနှုန်းတွေကို Chat Box ကနေတစ်ဆင့်၊ Comment ကနေတစ်ဆင့်ပဲဖြစ်ဖြစ် မေးလို့ရှိရင် ညီမတို့ ပြန်ဖြေပေးတာရှိတယ်။ 

ခိုင်မျိုးအောင် ။ ။ တောင်သူတွေအနေနဲ့ ဈေးကွက်နဲ့ပတ်သက်ပြီးသိချင်တာရှိရင် AMIA  ကိုဆက်သွယ်နိုင်တဲ့အကြောင်းသူကဆက်ပြောပါတယ်။ 

ဒေါ်ဝတ်ရည်မွန်။ ။တောင်သူတွေအနေနဲ့ပေါ့နော် ဈေးကွက်နဲ့ပတ်သက်ပြီးတော့ သိချင်တယ်ဆိုလို့ရှိရင် Facebook.com/AMIA Myanmar ဆိုတဲ့ စာမျက်နှာမှတစ်ဆင့်ကြည့်ရှုနိုင်တယ်။ ဖုန်းနံပါတ်အနေနဲ့ဆိုလိုရရှိရင်တော့ ၀၉-၂၆၂၉၈၄၀၅၇ ကိုလည်းဆက်သွယ်ပြီးတော့မှ မေးမြန်းနိုင်တယ်။

ခိုင်မျိုးအောင်။ ။ သီးနှံပေါက်စျေးကိုတော့ တစ်လလောက်သာကြိုတင်ခန့်မှန်းနိုင်တဲ့အကြောင်းဒေါ်ဝတ်ရည်မွန်ကဒီလိုပြောပါတယ်။

ဒေါ်ဝတ်ရည်မွန်။ ။ မနှစ်ကဈေးတွေရယ်။ ဒီနှစ်ဈေးတွေရယ်။ အရင်လကဈေးတွေရယ် ချိန်ပြီးတော့မှ ဖြစ်နိုင်ခြေတွေကို ပြန်ထုတ်ပေးတာဖြစ်တယ်။ တစ်လလောက်ပဲကျွန်မတို့ကြိုတင်ခန့်မှန်းချက်ထုတ်နိုင်တယ်။ နောက်နှစ်ဆိုတဲ့ဟာကိုခန့်မှန်းဖို့ကတော့ ခက်တယ်။ 

ခိုင်မျိုးအောင်။ ။ ဒီလိုသီးနှံဈေးကွက်ကိုကြိုတင်ခန့်မှန်းဖို့ခက်ခဲတဲ့စိုက်ပျိုးရေးမှာမျိုးဈေးကြီးမြင့်တဲ့ အခက်အခဲကိုပါ ကြုံတွေ့နေရကြောင်းတောင်သူဦးမောင်ဝင်းကခုလိုဆိုပါတယ်။ 

ဦးမောင်ဝင်း။ ။ နှမ်းရာသီရောက်ရောက်၊ ပဲရာသီရောက်ရောက် ဘယ်လိုရာသီပဲရောက်လာရောက်လာဦးတို့ဝယ်ရတဲ့ မျိုးစျေးသည် ပြန်ရောင်းရတဲ့စျေးနဲ့ကထက်ဝက်ကွာပါတယ်။ ကုလားပဲတစ်တင်းကို ၅၈၀၀၀၊ ၆၀၀၀၀ ဝယ်စိုက်ခဲ့ရပါတယ်။ ဦးတို့ ပြန်ထွက်လာတဲ့အချိန်မှာ ၃၂၀၀၀ ပဲဦးတို့ ရောင်းရပါတယ်။ တောင်သူတွေရဲ့လက်ထဲမှာရောင်းချစရာမရှိတော့တဲ့အချိန်မှာတော့ စျေးကတက်သွားပါတယ်။ မျိုးကိုအကြွေးစနစ်ကလေးနဲ့ ရောင်းချပေးမယ်ဆိုရင်တော့ မျိုးချိန်မှာစျေးကြီးတယ်ဆိုတဲ့စနစ်ပပျောက်သွားမယ်လို့ထင်ပါတယ်။

ခိုင်မျိုးအောင်။ ။ မျိုးဈေးကြီးတာထက် သီးနှံစျေးကောင်းရဖို့ကသာအဓိကဖြစ်တယ်လို့ ဒေါက်တာသိဂီ င်္မြင့်က အခုလိုပြောပါတယ်။ 

ဒေါက်တာသိဂီ င်္မြင့်။ ။ မျိုးဆိုတာကတော့လည်းသီးနှံစျေးထက်ပိုမြင့်မှာပဲ။ ပိုမမြင့်လို့ရှိရင် ဒါဟာမျိုးကောင်းမျိုးသန့်လို့ ပြောလို့မရဘူး။ မျိုးကိုထုတ်တာနဲ့ သီးနှံရိုးရိုးကိုထုတ်တာနဲ့ကလည်းကုန်ကျစရိတ်တွေ မတူဘူး။ မျိုးရဲ့စျေးကတော့ မြင့်မှာပဲ။ အဲ့ဒီမျိုးကောင်းမျိုးသန့်တွေကိုဝယ်သုံးတဲ့အခါမှာသီးနှံစျေးကကောင်းမယ်ဆိုတာသေချာရင် တောင်သူကဝယ်ရမှာကိုဝန်မလေးပါဘူး။ သူ့ သီးနှံကောင်းကောင်းထွက်မှ သူအမြတ်များများရမယ်။ ဒီဘက်မှာမျိုစေ့လုပ်ငန်းကိုလုပ်တဲ့သူတွေ အနေနဲ့လည်းအကြွေးရောင်းစရာမလိုဘူး၊ စိတ်ပူစရာမလိုဘူး။ 

ခိုင်မျိုးအောင်။ ။ ဒါပေမဲ့ သီးနှံဈေးကောင်းရဖို့အတွက် ဈေးကွက်ကိုချဲ့ထွင်နိုင်ဖို့လိုတယ်လို့ ဆက်ပြောပါတယ်။ 

ဒေါက်တာသိဂီ င်္မြင့်။ ။ သီးနှံစျေး ကျခြင်းတက်ခြင်းဆိုတာကရောင်းလိုအားနဲ့ ဝယ်လိုအားရဲ့ အားမျှမှုကနေဖြစ်တာ။ အဲ့ဒါကြောင့်မို့လို့ ကိုယ်ပြည်တွင်းစျေးကွက်တင် မဟုတ်ဘဲနဲ့ အပြင်ကိုရောင်းဖို့ လိုအပ်တယ်။ 

ခိုင်မျိုးအောင်။ ။  သီးနှံစျေးကောင်းရဖို့ အရေးပါတဲ့ ပြည်ပဈေးကွက်သို့ သီးနှံတင်ပို့ရောင်းချနေတဲ့ အခြေအနေတွေနဲ့ ပြည်တွင်းသီးနှံဈေးကွက်အပေါ် ပြည်ပဈေးကွက်ရဲ့ အကျိုးသက်ရောက်မှုအခြေအနေတွေကိုသိရှိနိုင်ဖို့နယ်စပ်ကုန်သွယ်ရေးမှာအရေးပါတဲ့ရှမ်းပြည်နယ်၊ မူဆယ်မြို့ကိုသွားရောက်လေ့လာခဲ့ပါတယ်။ မူဆယ် ဆန်ဈေးကွက်အကြောင်းကိုတော့ ဆန်စပါးကုန်စည်ဒိုင် (မူဆယ်)အသင်းရဲ့ ဥက္ကဌဦးသန်းဌေးဦးကအခုလိုရှင်းပြပါတယ်။

ဦးသန်းဌေးဦး။ ။ ဈေးကွက်အရတော့ မူဆယ်ပေါက်အနေနဲ့လည်းရောင်းချမှုအရအတွက် ကောင်းပါတယ်။ ဈေးနှုန်းကတော့ မူဆယ်အထိုင်ဈေးအနေနဲ့ ဒီ ၅ မတ် (Max) ဆန်ဆိုရင်လည်းအမြင့်ဆုံး ၂၆၅၀၀ လောက်အထိ ၅၀ ကီလိုတစ်အိတ်ကိုရောင်းချရပါတယ်။  ၁၀ မတ်ဆန်ပေါ့ ကရင်မလိုဆန်မျိုးဆိုရင်လည်း ၂၅၈၀၀ ဝန်းကျင်ပေါ့ ရောင်းရပါတယ်။ စျေးနှုန်းအလားအလာကတော့ လက်ရှိဈေးနှုန်းတွေကတော့ အောက်ဈေးတန်းလို့တော့ မှန်းလို့ရပါတယ်။ ဒီလိုပေါ်ပေါ်ချင်းမှာဒီတိုင်းပုံမှန်တိုင်းသွားမယ်ဆိုရင်တော့ ဒီဈေးထက်တော့မကျပါဘူး။ ပိုရောင်းကောင်းဖို့အလားအလာကောင်းတွေပဲအများကြီးရှိနိုင်ပါတယ်။ လက်ရှိဈေးနှုန်းမှာလည်းမူဆယ်ရောက်တဲ့ ပစ္စည်းတွေကရောင်းချမှုအားကောင်းပါတယ်။ 

ခိုင်မျိုးအောင်။ ။ အထွက်ကောင်းအောင် စိုက်ပျိုးရုံသာမကပြည်ပဈေးကွက်မှာအရည်အသွေးအရယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ သီးနှံတွေဖြစ်အောင်စိုက်ပျိုးဖို့လည်းလိုအပ်ပါတယ်။ ဒါကြောင့် ပြည်ပဈေးကွက်အတွက် အရည်အသွေးပြည့်မီတဲ့ နှမ်းနက်သီးနှံကိုစိုက်ပျိုးသင့်ကြောင်းလယ်ယာထွက်ကုန် ကုန်စည်ဒိုင် ဥက္ကဌဦးလှမောင်ကအခုလိုပြောပါတယ်။

ဦးလှမောင်။ ။ ကျွန်တော်တို့ နှမ်းနက်ကျတော့ တစ်ခြားနိုင်ငံကတအားကြိုက်တယ်။ တစ်ခြားနိုင်ငံကထွက်တဲ့နှမ်းနက်တွေက ကျွန်တော်တို့နှမ်းနက်ကိုမမီဘူး။ ကျွန်တော်တို့နှမ်းကျတော့ စားတဲ့နေရာမှာအရသာပိုရှိတယ်။ ဈေးချင်းတူရင် ကျွန်တော်တို့ နှမ်းကိုပိုပြီးမှ ကြိုက်တယ်။ ကျွန်တော်တို့ဘက်မှာ နှမ်းနက်ကိုပိုစိုက်သင့်တယ်။ 

ခိုင်မျိုးအောင်။ ။ ပြည်ပကိုတင်ပို့တဲ့အခါမှာသတ်မှတ်ထားတဲ့ သီးနှံအရည်အသွေးသတ်မှတ်ချက်တွေ ကိုတော့ မြန်မာ့ကုန်ပစ္စည်းစစ်ဆေးရေးနှင့်စမ်းသပ်မှုလုပ်ငန်းလီမိတက် (MITS)မှ စစ်ဆေးရေးမှူးချုပ် ဦးအောင်နိုင်စိုးကဒီလိုရှင်းပြပါတယ်။ 

ဦးအောင်နိုင်စိုး။ ။ ပြောင်းနဲ့ပတ်သက်လို့ ၁၀၀ ဂရမ်မှာဖုန်၊ သဲ၊ ခဲ က တစ်မှတ်ပဲပါခွင့်ရှိပါတယ်။ ပိုးထိုး၊ ပိုးကိုက်ကငါးမှတ်၊ အပျက်အစီးက ၆ မှတ် ပါခွင့်ရှိတယ်။ အဓိကကတော့ အစိုဓာတ် ၁၄ % ရှိရမှာဖြစ်တယ်။ ပဲနဲ့ ပတ်သက်လို့ဆိုရင်လည်း ၁၀၀ ဂရမ်မှာဖုန်၊ သဲ၊ ခဲကိုတစ်မှတ် ပေးပါတယ်။ ပိုးထိုးပိုးကိုက်ကိုတစ်မှတ်ပေးတယ်။ ဆန်နဲ့ပတ်သက်လို့ကတော့ အများကြီးရှိပါတယ်။ ၁၀၀ ဂရမ်မှာစပါးလုံးက ၄ လုံးပဲလက်ခံပါတယ်။ အစိုဓာတ်ကိုလည်း ၁၄ % သတ်မှတ်ထားပါတယ်။ သည့်ထက်ကျော်လို့ မရဘူး။ အဲ့ဒါတော့ လုံးဝခွင့်မပြုဘူး။ ဘာကြောင့်လဲဆိုတာ့ သည့်ထက်ကျော်သွားရင် မှိုဆိပ်များသွားတယ်။

ခိုင်မျိုးအောင်။ ။ ဦးအောင်နိုင်စိုးကသူရဲ့ သီးနှံအရည်အသွေးစစ်ဆေးမှု အတွေ့အကြုံအရတောင်သူတွေ စပါးကိုဘယ်လိုစိုက်ပျိုးရမလဲဆိုတာအခုလိုအကြံပြုပါတယ်။ 

တောင်သူတွေအနေနဲ့ကတော့ စိုက်ပျိုးတဲ့အချိန်မှာအကြံပေးတာကတော့ ဆန်ဆိုရင်လည်းတစ်အမျိုးတည်းပဲစိုက်၊ တစ်မျိုးတည်းပဲကကောင်းတယ်။ ဥပမာ- စပါးကဒီကဆင်းရွှေလီစိုက်တယ်။ ဟိုကရွှေဝါထွန်း၊ ဟိုကကျတော့ရွှေတဆုပ်၊ အဲ့လိုစပါးတွေ စုလိုက်ပြီးတော့ ကြိတ်လိုက်တော့ ဆန်တွေကမျိုးစုံထွက်ကုန်ကော၊ ဟိုရောင်းပန်းကျတော့ မကောင်းတော့ဘူးပေါ့။ အကုန်သောင်းပြောင်းစိုက်လိုက်ရင်တော့ ဆန်တွေကအရောင်လည်းမလှဘူး၊ ရောင်းပန်းလည်းမဝင်ဘူး။

ခိုင်မျိုးအောင်။ ။ တောင်သူတွေအနေနဲ့ ် ဒီလိုအရည်အသွေးသတ်မှတ်ချက်တွေကို ပြည့်မီအောင် စိုက်ပျိုးပြီး ပြည်ပဈေးကွက်မှာကောပြည်တွင်းစျေးကွက်မှာပါ ဈေးကောင်းရအောင် စုပေါင်းရောင်းချစနစ်နဲ့ ရောင်းချချင်တယ်လို့ တောင်သူဦးမောင်ဝင်းကပြောပါတယ်။ 

ဦးမောင်ဝင်း။ ။ ဦးတို့မှာတော့ ပွဲစားလာပေးတဲ့စျေးကိုပေးသလိုရောင်းရပါတယ်။ နောက်ပိုင်းတွေမှာတော့ စုပေါင်းရောင်းချစနစ်နဲ့ပဲသွားချင်တော့တယ်။ ပစ္စည်း quality မီအောင်လုပ်ပြီးတော့ ပွဲစားတွေကိုစျေးပြိုင်စနစ်နဲ့ ခေါ်မယ်။  စျေးသာတဲ့သူကိုရောင်းမှသာလျှင် ဦးတို့အနေနဲ့အသက်ရှုပေါက်ချောင်လိမ့်မယ်လို့တောင်သူတစ်ယောက်အနေနဲ့ ဦးမြင်မိပါတယ်။ 

ခိုင်မျိုးအောင်။ ။ ဒီလိုစုပေါင်းရောင်းချစနစ်ဟာတောင်သူတွေရဲ့ရောင်းအားပိုကောင်းလာနိုင်တယ်လို့ ဒေါက်တာသိဂီ င်္မြင့် ကအခုလိုရှင်းပြပါတယ်။ 

ဒေါက်တာသိဂီ င်္မြင့်။ ။ စျေးကွက်မှာဝယ်လိုအားနဲ့ ရောင်းလိုအားဆိုတာအမြဲတမ်းပြိုင်နေတာ။ ရောင်းတဲ့သူကစျေးကောင်းကောင်းရချင်တယ်။ ဝယ်တဲ့လူကစျေးနှိမ်ပေးချင်တယ်။ ဒါကသဘာဝပဲ။ ရောင်းတဲ့သူကစျေးကောင်းကောင်းရဖို့ဆိုရင် ရောင်းတဲ့လူကအားကောင်းရမယ်။ တောင်သူတစ် ယောက်ချင်းကတော့ အားကောင်းစရာအကြောင်းမရှိဘူး။ တစ်ယောက်အားနဲ့ မရရင် အများအားနဲ့ ရမယ်။ အများပူးပေါင်းလိုက်လို့ရှိရင် အားကောင်းလာမယ်။ ရောင်းတဲ့အခါမှာလည်းအားပိုကောင်းလာတော့ ကိုယ်လိုချင်တဲ့ စျေးမရရင် မရောင်းဘူး၊ အရည်အသွေးကိုပိုတက်အောင်လုပ်ပြီးမှ ရောင်းမှာလား၊ အခြောက်ခံပြီးမှ ရောင်းမှာလား၊ အကုန် ညီတူညာတူဒီစျေးကိုမမြင့်မြင့်အောင် အတူဝိုင်းလုပ်ပြီးတော့မှ ရောင်းမယ်ဆိုရင် စျေးတွေကပိုကောင်းလာနိုင်တယ်လေ။

ခိုင်မျိုးအောင်။ ။ သီးနှံတွေကိုတန်ဖိုးမြှင့်ထုတ်ကုန်တွေအဖြစ် ထုတ်လုပ်ခြင်းဖြင့် သီးနှံကိုဈေးကောင်းရစေနိုင်ပြီးဈေးကျတာကိုလည်းကာကွယ်နိုင်မှာဖြစ်ကြောင်းဆက်ပြောပါတယ်။ 

ဒေါက်တာသိဂီ င်္မြင့်။ ။ ပြည်တွင်းမှာပဲဘာလုပ်တုန်း၊ ဖရဲသီးဖရဲသီးအတိုင်းမရောင်းဘဲနဲ့ ဖျော်ရည်တွေလုပ်ပြီးစည်သွတ်ပြီးတော့ ရောင်းနိုင်အောင် လုပ်မလား၊ ဒီဝယ်လိုအားတွေ ချဲ့ထွင်ဖို့လိုတယ်။ ကိုယ့်ပြည်တွင်းမှာပဲအဲ့ဒီပုပ်သိုးသွားမယ့်ဟာတွေ၊ ကြာကြာမစောင်နိုင်တဲ့ ပစ္စည်းတွေကိုထပ်ထပ်ပြီးကုန်ချောတွေထုတ်တဲ့စနစ် ဖွံ့ဖြိုးတိုးတက်လာဖို့လိုတယ်။ ကုန်ချောထုတ်တဲ့အတွက် အလုပ်အကိုင်အခွင့်အလမ်းတွေ အများကြီးရလာမယ်။ ကုန်ချောဖြစ်လာတဲ့အတွက် စျေးတွေ ပိုရလာမယ်။ နောက်တစ်ခါ စျေးကျမယ့်ဟာကိုကာကွယ်ပြီးသားဖြစ်သွားတယ်။ 

လင်းဇော်နိုင်။ ။ တောင်သူတွေအနေနဲ့ ဈေးကွက်ကို ကြိုတင်ခန့်မှန်းပြီးသီးနှံကိုစိုက်ပျိုးခြင်း၊ အရည်အသွေးပြည့်မီအောင်စိုက်ပျိုးပြီးဈေးကွက်ကိုချဲ့ထွင်ခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန်တွေ ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ခြင်းတို့ဖြင့် သီးနှံဈေးကာင်းရရှိနိုင်တယ်ဆိုတာတင်ပြလိုက်ရပါတယ်ခင်ဗျား။

(Presenter)။ ။စားနပ်ရိက္ခာဖူလုံရေး၊ သားစဉ်မြေးဆက်ပေးအစီအစဉ်ကို ပြန်ကြားရေး ဝန်ကြီးဌာန UNESCO နဲ့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနတို့ကပူးပေါင်းဆောင်ရွက်ပြီး မြန်မာ့အသံနဲ့ Australia ABC နိုင်ငံတကာဖွံ့ဖြိုးရေးဌာနတို့ကစီစဉ်ထုတ်လွှင့်လိုက် တာဖြစ်ပါတယ်။ ဒီအစီအစဉ်ကို အသက်မွေးဝမ်း ကြောင်းမှုနဲ့ စားနပ်ရိက္ခာဖူလုံရေးရန်ပုံငွေအဖွဲ့ Lift Fund က အဓိကကူညီပံ့ပိုးတာ ဖြစ်ပါတယ် ခင်ဗျာ။