မြေဆီဈေးကြီးလွန်းလို့ မြေဆီလွှာနည်းပညာကို ပိုမိုအားပြုလာကြတဲ့ တောင်သူများ

18/08/2022 14:59 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

တင်မ် မက်ကလယ်လန်း (Tim McClelland) ကတော့ ယခုနှစ်ထဲမှာ စိုက်ပျိုးရေးလုပ်ပုံကိုင်ပုံတွေ ပြောင်းလဲလာရတဲ့ သြစတြေးလျ တောင်သူလယ်သမားများစွာထဲက တစ်ယောက်ဖြစ်ပါတယ်။ သူဟာ ဓာတ်မြေသြဇာဈေးတွေ မိုးထိုးတက်လာပြီးနောက်ပိုင်း မြေဆီလွှာနည်းပညာအပေါ်  ပိုမိုအားကိုးအားထား ပြုလာခဲ့သူ တစ်ယောက်ပါ။

နိုင်ငံအနောက်မြောက်ပိုင်းရှိ ဗစ်တိုးရီးယားပြည်နယ်ထဲက စိုက်ပျိုးမွေးမြူရေးတောင်သူ မက်ကလယ်လန်းဟာ အခုဆိုရင် ဓာတ်မြေသြဇာတစ်တန်ကို ဒေါ်လာ ၁၁၀၀ ပေးချေဝယ်ယူနေရပါတယ်။ လောင်စာဆီ စရိတ်စက ကြီးမြင့်လာရာကနေ ဓာတ်မြေသြဇာဈေးတွေ စံချိန်တင်လာခဲ့တာဖြစ်ပြီး ၂၀၂၁ တုန်းက တစ်တန်ကို ၆၅၀ ဒေါ်လာသာ ရှိခဲ့ရာကနေ ယခုလောက်အထိ မြင့်တက်လာတာပါ။

မက်ကလယ်လန်းဟာ ယခင်ကတည်းက မြေနမူနာစစ်ဆေးချက်ရလဒ်တွေကို အားကိုး အားထားပြုပြီး သူ့စိုက်ခင်းတွေမှာ ဓာတ်မြေသြဇာနှုန်းထားအမျိုးမျိုး ကျွေးလာခဲ့တာပါ။ အခုတော့ မြေဆီဈေးက မိုးထိုးလာတာကြောင့် မြေဆီကို နှိုင်းနှိုင်းချိန်ချိန် သုံးဖို့ရာ ပိုပြီး အရေးကြီးလာပါတယ်။ ယခင်နှစ်တွေတုန်းက သူစိုက်ခင်းတွေအနက် ထက်ဝက်လောက်ကိုသာ မြေနမူနာယူ (soil sampling) စစ်ဆေးခဲ့ပေမဲ့ ယခုနှစ်မှာတော့ မြေအားလုံးနီးပါးကို တိုင်းတာစစ်ဆေးဖြစ်ခဲ့ပါတယ်။

"မြေနမူနာစစ်ဆေးလိုက်ခြင်းအားဖြင့် ရာသီအစမှာ ကျွန်တော်တို့မြေကြီးအတွင်း နိုက်ထရိုဂျင်၊ ဖော့စဖရပ် စတာတွေ ဘယ်လောက်ရှိသလဲ သိရပါတယ်။ ဒီတော့ ဘယ်လောက်လိုအပ်တယ်၊ ဘယ်လောက်ထည့်ရမယ်ဆိုတာ အလွယ်တကူ တွက်ချက်နိုင်စေပါတယ်" လို့ သူက ပြောပါတယ်။

ဓာတ်မြေသြဇာဟာ သီးနှံအထွက်နှုန်း အလားအလာကောင်း ရှိနေချိန်မှာတောင် တောင်သူတွေကို ဘဏ္ဏာရေးအရ အထိအခိုက်ဖြစ်စေတဲ့ သွင်းကုန်တွေ များစွာထဲက တစ်မျိုးဖြစ်ပါတယ်။

နောက်ဆုံးသိရတဲ့ ဓာတ်မြေသြဇာဈေးဟာ တစ်တန်ကို ၉၆၀ ဒေါ်လာ ရှိတာကြောင့် ၂၀၁၇ နဲ့ ၂၀၂၀ ခုနှစ်ကြား ပျမ်းမျှဈေးနှုန်း ၄၀၅ ဒေါ်လာနဲ့ ယှဉ်ရင် နှစ်ဆကျော် မြင့်တက်လာတယ်လို့ Thomas Elder Markets ရဲ့ စိုက်ပျိုးရေးဈေးကွက်သုတေသီ အင်ဒရူးဝှိုက်လောက ပြောပါတယ်။

လယ်သမားတွေအနေနဲ့ ဓာတ်မြေသြဇာကို သတ်သတ်မှတ်သတ် အသုံးပြုနိုင်စေတဲ့ နည်းပညာတွေကို ကျင့်သုံးမယ်ဆိုရင် မြေသြဇာကို လျှော့ချသုံးစွဲနိုင်လိမ့်မယ်လို့ ဝှိုက်လောက ဆိုပါတယ်။

တောင်သူများစွာဟာ မြေနမူနာစစ်ဆေးမှုနည်းလမ်းကို ယခင်ကတည်းက အသုံးပြုခဲ့ကြတာဖြစ်ပေမဲ့ ယခုလို မြေဆီဈေး ကြီးမြင့်မှုကြောင့် ဒီအလေ့အထဟာ ပိုမိုအရေးပါလာပြီး မြေဆီဈေးတွေ ပြန်ကျသွားချိန်မှာတောင် ဆက်လက်ကျင့်သုံးဖြစ်ကြတော့မယ်လို့ ဝှိုက်လောက ပြောပါတယ်။

Rabobank ရဲ့ ကုန်စည်သုတေသီ ကာလစ်ဂေါ်ဒွန် ရဲ့ ပြောဆိုချက်အရ သြစတြေးလျတောင်သူတွေဟာ နှစ်စဉ် ဓာတ်မြေသြဇာတန်ချိန် ခြောက်သန်းနဲ့ ခုနစ်သန်းကြား သုံးစွဲကြောင်း သိရပြီး နိုင်ငံစိုက်ပျိုးရေးထုတ်လုပ်မှု တိုးပွားလာတာနဲ့အညီ ဓာတ်မြေသြဇာသုံးစွဲမှုလည်း မြင့်တက်လာမယ်လို့ ခန့်မှန်းထားပါတယ်။

သြစတြေးလျ ဓာတ်မြေသြဇာရောင်းအားဟာ နိုင်ငံတကာဈေးကွက်နဲ့ ချိတ်ဆက်နေပြီး ပြည်ပသွင်းကုန်အပေါ် ကြီးကြီးမားမား မှီခိုနေတယ်လို့ ဂေါ်ဒွန်က ပြောပါတယ်။

သြစတြေးလျဟာ ပိုတက်ဆီယမ် ဓာတ်မြေသြဇာ ၁၀၀% လုံံးကို အမေရိကန်ပြည်ထောင်စု၊ ကနေဒါနဲ့ ဘီလာရုဇ်တို့ဆီကနေ တင်သွင်းပါတယ်။ ဒါပေမဲ့ ယူကရိန်းစစ်ပွဲကြောင့် လက်ရှိမှာ ဘီလာရုဇ်ဆီက သွင်းကုန်တွေကို ဝယ်ယူလို့မရနိုင် ဖြစ်နေပါတယ်။

ဒါ့အပြင် ယူရီးယားဓာတ်မြေသြဇာ ၉၃ ရာခိုင်နှုန်းကိုလည်း တင်သွင်းရပြီး အများအားဖြင့် ကာတာ၊ ဆော်ဒီအာရေဗျနဲ့ တရုတ်နိုင်ငံဆီက ဝယ်ယူတာဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်က ပြည်တွင်းမြေဆီဖူလုံအောင် ပို့ကုန်ပိတ်ပင်လိုက်တဲ့အတွက် အဲဒီဘက်မှာလည်း ရောင်းအားကျဆင်းမှု ဖြစ်နေတယ်လို့ ဂေါ်ဒွန်က ပြောပါတယ်။

မြေဆီကို ဆင်ဆင်ခြင်ခြင်နဲ့ သုံးစွဲလာကြတာနဲ့ တစ်ချိန်တည်းမှာပဲ ပညာရှင်တွေဟာ အရေးကြီးဓာတ်မြေသြဇာတစ်မျိုးဖြစ်တဲ့ ဖော့စဖရပ်စ် အသုံးပြုမှု ကမ္ဘာနဲ့ချီပြီး လွဲမှားနေတာကို ဖြေရှင်းဖို့ ဖော့စ်ဖရပ်ပြဿနာအပေါ် အသေးစိတ်လေ့လာထားတဲ့ လေ့လာမှုတစ်ခုထဲမှာ သတိပေးထားကြပါတယ်။

အဆိုပါသုတေသနကို ဦးဆောင်ပြုလုပ်ခဲ့တဲ့ ယူကေ ဂေဟဗေဒနဲ့ ဇလဗေဒစင်တာရဲ့ ပါမောက္ခ ဘရိုင်ယန်စပီးယားက "ဖော့စဖရပ်ပြဿနာဟာ စားနပ်ရိက္ခာဖူလုံမှုအကျပ်အတည်းဆီရောက်အောင် တွန်းပို့နိုင်ပါတယ်။ ဒီမြေသြဇာက အရင်းအမြစ် ကန့်သတ်ချက်ရှိပြီး ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာ အလွန်အကျွံ သုံးစွဲနေသလောက် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ လုံလုံလောက်လောက် မရနိုင်ဖြစ်နေပါတယ်" လို့ ပြောပါတယ်။

စိုက်ပျိုးမွေးမြူရေးတောင်သူ မက်ကလယ်လန်းကတော့ မြေဆီလွှာတိုင်းတာစစ်ဆေးခြင်းက ဓာတ်မြေသြဇာအသုံးကို ချွေတာပေးတာမျိုးမဟုတ်ပေမဲ့ ဓာတ်မြေသြဇာ မလိုတဲ့နေရာကနေ လိုအပ်တဲ့နေရာဆီရောက်အောင် ဖြန့်ချိပေးဖို့ကို သေချာပေါက် ကူညီပေးတယ်လို့  ပြောပါတယ်။

သူ့ စိုက်ခင်းမှာ မြေဆီလိုအပ်ချက်နည်းတဲ့ ပဲရာဇာလို ပဲမျိုးစုံသီးနှံတွေ တမင်တကာ ပိုမိုစိုက်ပျိုးခဲ့တာကြောင့် ဒီနှစ် သူ့အခင်းမှာ အရင်နှစ်ကထက် မြေဆီသုံးစွဲမှု နည်းလာတယ်လို့ ပြောပါတယ်။

နယူးဆောက်ဝေးလ်ပြည်နယ် ကောက်ပဲသီးနှံကော်မတီ ဥက္ကဋ္ဌ ဂျပ်စတင်အီဗာရစ်က မြေနမူနာယူခြင်း၊ မြေဆီလွှာတိုင်းတာစစ်ဆေးခြင်း စတဲ့ အလေ့အထတွေ ပိုမိုတွင်ကျယ်ခေတ်စားလာမယ်လို့ မျှော်လင့်ကြောင်း ပြောဆိုပါတယ်။

တောင်သူလယ်သမားတွေဟာ မိုးလေဝသအခြေအနေကောင်းကို အခွင့်အရေးယူနိုင်ဖို့အတွက် မြေဆီ မဖြစ်မနေ သုံးစွဲဖို့ လိုအပ်နေဦးမယ်လို့လည်း အီဗာရစ် က ပြောပါတယ်။

"ပြဿနာကတော့ မိုးကလည်းကောင်းပြီး ရာသီဥတုအခြေအနေ ပေးနေတာဖြစ်ပါတယ်။ သီးနှံအထွက်ကောင်းမယ့်အလားအလာ ရှိနေတာကြောင့် ကျွန်တော်တို့အနေနဲ့ ဒီမြေဆီဈေးတွေအတိုင်း ဝယ်ယူပြီး ပုံမှန်လို ဆက်သွားရဦးမှာပါ" လို့ အီဗာရစ်က ပြောပါတယ်။

Adelaide တက္ကသိုလ် ဓာတ်မြေသြဇာနည်းပညာသုတေသနစင်တာ ဌာနအုပ် ပါမောက္ခ မိုက်ကယ် မက်လက်ဖ်လင်က မြေဆီဈေး ကြီးမြင့်ခြင်းဟာ လယ်သမားတွေကို ထိထိ‌ရောက်‌ရောက် သုံးစွဲတတ်လာအောင် တွန်းအားပေးနိုင်ကြောင်း၊ ဒါပေမဲ့လည်း မြေဆီဈေးဟာ အဆမတန် မြင့်တက်လွန်းသွားခဲ့ရင် လယ်သမားတွေဟာ အခြားနည်းလမ်းကို ရှာဖွေလာနိုင်တာကြောင့် ဈေးသက်သာပေမဲ့ မထိရောက်တာမျိုး ရှိလာနိုင်ကြောင်း ပြောပါတယ်။

တိရစ္ဆာန်ချေး၊ မြေဆွေး စတဲ့ မိရိုးဖလာ မြေဆီအစားထိုးပစ္စည်းတွေဟာ အိမ်နောက်ဖေးဥယျာဉ်ခြံအတွက် အဆင်ပြေနိုင်ပေမဲ့ သီတင်းပတ်အနည်းငယ်အတွင်း ဟက်တာ ၃၀၀၀၀ လောက် စိုက်ရမဲ့အခါမျိုးမှာတော့ ထောက်ပံ့ပို့ဆောင်ရေးအရ မဖြစ်နိုင်ဘူးလို့ မက်လက်ဖ်လင်က ပြောပါတယ်။

မြေဆီဈေးကြီးမြင့်လွန်းတာကြောင့် မနှစ်ကရာသီ သီးနှံအထွက်ကောင်းကနေ ရရှိလာတဲ့ အကျိုးအမြတ်များစွာကို စားသုံးသွားတယ်လို့ အီဗာရစ်က ပြောဆိုခဲ့ပါတယ်။

"မနှစ်တုန်းက တော်တော်လေး အခြေအနေကောင်းခဲ့တယ်လို့ ထင်ခဲ့ကြတယ်။ ဒါပေမဲ့ မြေဆီဈေး၊ လောင်စာဆီဈေးနဲ့ ဆေးဝါဈေးတွေ ကြီးမြင့်လာမှုက ရလာတဲ့ အကျိုး အမြတ်တွေကို စားသုံးသွားပါတယ်။ ပုံမှန်ဆိုရင် ဒီအမြတ်ဟာ မိုးခေါင်တဲ့နှစ်တစ်နှစ်အတွက် ထေခုပေးနိုင်တဲ့ အရာပါ" လို့ သူက ပြောဆိုခဲ့ပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: Farmers turn to soil science technology as soaring fertiliser prices take hit out of bumper crop - The Guardian

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်