Sustainable Agriculture (ရေရှည်တည်တံ့သော စိုက်ပျိုးရေး)

08/12/2017 22:29 PM တွင် Ko Ye Linn Oo Ko Ye Linn Oo မှ ရေးသား

အလွန် ရေးပန်းစားတဲ့ စကားစုပါ။ ဖန်တစ်ရာတေနေအောင် သုံးနေကြလို့ (သူများတိုင်းပြည်မှာပြောပါတယ်) ဘာကိုဆိုလိုမှန်းတောင် မသိတော့အောင်ပါ။ ပေါ်လစီချမှတ်သူတွေ၊ နိုင်ငံရေးသမားတွေက သူတို့ပေါ်လစီ ကို ပြည်သူတွေကို ချပြတဲ့အခါ၊ အဖွဲ့အစည်းတွေက ရံပုံငွေ တောင်းခံတဲ့အခါမျိုးတွေမှာ ခံတွင်းတွေ့တွေ့ သုံးကြတာ များပါတယ်။ ကျနော်တို့ မြန်မာပြည်မှာတော့ သိပ်ပြီး တွင်တွင်ကျယ်ကျယ် သုံးတာ မတွေ့သေးပါဘူး။ (ကျနော့် အထင်) Sustainable Agriculture ဆိုတာ Sustainable Development (ရေရှည်ဖွံ့ဖြိုးမှု) သဘောတရားကို Agriculture နယ်ပယ် မှာမွေးစားပုံဖေါ် လိုက်တာပါ။ ၁၉၈၇ခုနှစ်က နော်ဝေဝန်ကြီးချုပ်ဟောင်း Brandtland ရဲ့ Our common future (ကျွန်ုပ်တို့၏ဘုံအနာဂါတ်) စာတမ်းကစပြီး ရေရှည်ဖွံ့ဖြိုး တိုးတက်မှုဆိုတဲ့ သဘာတရား အခြေတည် လာတာပါ။

အနာဂါတ် မျိုးဆက်တွေရဲ့ ကောင်းကျိုးတွေကို မထိခိုက်ပဲ ဒီနေ့ လူတွေရဲ့ လိုအပ်ချက် တွေ ကို ဖြည့်ဆည်းပေး နိုင်တဲ့ တိုးတက်မှုဟာ ရေရှည်ဖွံ့ဖြိုးမှု ဖြစ်ပါတယ်တဲ့။ ဖွံ့ဖြိုးမှုနေရာမှာ စိုက်ပျိုးရေး အစားထိုးလိုက်ရင် အနာဂါတ် မျိုးဆက်တွေရဲ့ ကောင်းကျိုးတွေကို မထိခိုက်ပဲ ဒီနေ့ လူတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်တဲ့ စိုက်ပျိုးရေး စနစ်ဟာ ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးစနစ် ဖြစ်တယ်လို့ အဓိပ္ပါယ် ကောက်ယူနိုင်ပါတယ်။

သုံးထားတဲ့ စကားလုံးက “ရေရှည်” တဲ့၊ ဘယ်လောက်ရှည်မှာလဲ၊ အနာဂါတ်မျိုးဆက် ဘယ်နှဆက်လဲ။ သေချာတာကတော့ ဘယ်အရာမှတော့ ထာဝရဖြစ်မနေဘူး အနိစ္စတွေချည်းပဲ။ တစ်ချို့ကပြောတယ် မျိုးဆက် ၅ ဆက် (နှစ်တစ်ရာ) လောက် ကိုယ်စဉ်းစားရင် ရပါပြီ၊ နောက်ထပ်လာမယ့် အချိန်တွေ အတွက် အနာဂါတ် မျိုးဆက်တွေကပဲ ဆက်ပြီး စဉ်းစားကြပါ လိမ့်မယ်တဲ့။ ဟုတ်ပြီ နောက်ပြဿနာ တစ်ခုက စိုက်ပျိုးရေးကို အထူးပြုတဲ့ ရှေ့က နာမဝိသေသန ပုဒ်တွေ ရှိတယ် ဥပမာ သြဂဲနစ်စိုက်ပျိုးရေး၊ လှေခါးထစ် စိုက်ပျိုးရေးတို့လို ဟာတွေ။ သူတို့မှာ သူ့စံသတ်မှတ်ချက်တွေ ရှိပြီးသား သြဂဲနစ် စိုက်ပျိုးရေး ဆိုရင်သူ့ကို အသိအမှုတ်ပြု (certify) ပေးတဲ့ အဖွဲ့အစည်းတွေ ဘာတွေနဲ့သေချာ ကျကျနန ရှိတယ်။ ဒါကတော့ သြဂဲနစ် စိုက်ပျိုးရေး၊ ဒါကတော့ လှေခါးထစ် စိုက်ပျိုးရေး ရယ်လို့ မျက်မြင်ဒိဌ သွားကြည့်လို့လည်း ရတယ်။ ဇာတ်လိုက်ကျော် Sustainable Agriculture ခမျာမှာတော့ သူ့ ကို သေချာပေါက် အသိအမှတ် ပြုပေးမယ့်သူ မရှိသလို ဒါကတော့ ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးစနစ် ပါလို့ အကောင်အထည်နဲ့ ကြည့်စရာမရှိဘူး။

ဒါကြောင့် တချို့က စောဒကတက်ြ ကတယ် Sustainable Agriculture ဆိုတာ နိုင်ငံရေးသမားတွေ policy maker တွေရဲ့အသုံးတော်ခံ သက်သက်ပါပဲတဲ့။ တချို့ကတော့ “လီဆာ” (LISA , Low Input Sustainable Agriculture) တဲ့။ ဒီတော့ ဘောဂဗေဒသမား တွေကပြောတယ် “လီလို” (LILO, Low Input, Low Output) ပဲဖြစ်လိမ့်မယ်တဲ့။ အဲဒီအခါကျတော့ လီဆာကိုထပ်ကွန့်ကြပြန်တယ် (Low material and high knowledge input sustainable agriculture)တဲ့။

ဒီလိုနဲ့ ဇာတ်လိုက်ကျော် (နဂိုကတည်းက မွေးစားသား) Sustainable Agriculture (SA) နေရာမရဖြစ်ပြီး မွေးစားအဖေ Sustainable Development (SD) ဆီ နေရာပြန်တောင်း ရပြန်ရော။ ဒီတော့ SD ကပြောတယ် ငါတို့နေရာက Economic (စီးပွါးရေး)၊ Social (လူ့အဖွဲ့အစည်းရဲ့ယဉ်ကျေးမှု၊ ကိုးကွယ် ယုံကြည်မှု၊ နိုင်ငံရေး) နှင့် Environment (သဘာဝပတ်ဝန်းကျင်) ရယ်လို့ သုံးမျိုးရှိတယ် ဆိုလိုက်ရော သူနှင့်လွတ်တဲ့သူကို မရှိတော့ဘူး။

Ref: http://www.regjeringen.no/upload/SMK/Vedlegg/Taler%20og%20artikler%20av%20tidligere%20statsministre/Gro%20Harlem%20Brundtland/1987/Address_at_Eighth_WCED_Meeting.pdf

http://oregonstate.edu/instruct/bi430-fs430/Documents-2004/7B-MIN%20TILL%20AG/Sustainable%20Agr%C3%89hn%20Reganold.pdf

အရင်ပြောခဲ့တဲ့ နယ်ပယ် ၃ ခု(social, economy and environmental) အကြောင်း ဆက်ပြောချင်ပါတယ်။ ပထမတော့ Three-ring model နဲ့ Sustainable Development ကို ပုံဖေါ်ခဲ့ကြပါတယ်။ SD အကြောင်း ပြောရတာ ကလည်း Sustainable Agriculture ဟာ SD ရဲ့သဘောတရားကို ရာနှုန်းပြည့် အခြေခံထားရတာ မို့လို့ပါ။

Figure 1. Three-rings model of sustainability (Adapted from Gidding)

ဒီသဘောတရားကို Bob Gidding အဆိုပြုခဲ့တာ ဖြစ်ပြီး တော်တော် တွင်တွင်ကျယ်ကျယ် သုံးခဲ့ကြတာပါ။ ဒီModel ကိုပဲ အခြေခံပြီး policy တွေ ချမှတ်၊ စီမံကိန်းတွေ အကောင်အထည် ဖော်ခဲ့ကြ ပါတယ်။ သဘောကတော့ စက်ဝိုင်း သုံးဝိုင်းလုံးဖြတ်တဲ့အလယ်ကတြိဂံက SD/SA ပေါ့။ တခါစက်ဝိုင်း၂ခု ပဲဖြတ်တဲ့ တြဂံတွေ ( ပုံ၁။a,b,c) ကိုလည်း အမျိုးမျိုး ပုံဖေါ်ခဲ့ကြပါတယ်။ ဥပမာ ဖွံ့ဖြိုးတိုးတက်မှု အတွက် လုပ်တဲ့ စီးပွားရေးလုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်း တစ်ခု ဆိုပါစို့။ ဒီလုပ်ငန်းဟာ society နှင့် environment တို့ဖြတ်တဲ့ တြိဂံ a လိုဖြစ်ခဲ့မယ်ဆိုရင် ဒါဟာလူ့အဖွဲ့အစည်း၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း တွေအရ လက်ခံနိုင်ပြီး သဘာဝပတ်ဝန်းကျင် ကိုလည်းမထိခိုက်၊ မပျက်စီးစေတဲ့ လုပ်ငန်းမျိုး ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် စီးပွါးရေးအရ အကျိုးအမြတ်မရှိပဲ ဖြစ်လိမ့်မယ်။ အဲလိုစီးပွါးရေးအရ တွက်ချေမကိုက်ရင် ဘယ်လိုမှ ရေရှည်တည်တံ့မှာ မဟုတ်တော့ဘူး။ တြိဂံ b လို စီးပွါးရေးအရ လည်းတွက်ချေကိုက်ပြီး ပတ်ဝန်းကျင်လည်း မထိခိုက်မပျက်စီး စေဘူးပဲ ထားပါတော့။ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေနဲ့ စံမကိုက်ဘူး။ ဒေသခံတွေက လက်မခံနိုင်ဘူး ဆိုရင်လည်း ရေရှည်မတည်တံ့ နိုင်ပါဘူး။ နောက်ဆုံးတြိဂံ c လို စီးပွါးရေးအရ တွက်ချေကိုက်ပြီး ဒေသခံတွေက လက်ခံနိုင်တယ် ဆိုရင်တောင် ပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီး စေတာကြောင့် ရေရှည်တည်တံ့တယ်လို့ ခေါ်နိုင်မှာ မဟုတ်ပါဘူး။ အပေါ်က a,b,c တို့လို စီမံကိန်းတွေ၊ စိုက်ပျိုးရေး လုပ်ငန်းတွေနဲ့ စီးပွါးရေး လုပ်ငန်း နမူနာတွေ အများကြီးတွေ့နိုင်ပါတယ်။ ဒီတော့ စက်ဝိုင်းသုံးဝိုင်းလုံး ဖြတ်တဲ့ နေရာ (အချက်သုံးချက်လုံး ပြည့်စုံမှသာ) sustainable development / sustainable agriculture ဖြစ်တယ် လို့ဆိုလိုတာပါ။

Bob Gidding ကိုယ်တိုင်သူ့ရဲ့Three-rings model (စက်ဝိုင်း သုံးဝိုင်းပုံစံ) ကိုနောက်ပိုင်းမှာ ပြန်သုံးသပ်ထားတာ စိတ်ဝင်စားစရာကောင်းပါတယ်။

Three-rings model အားနည်းချက်တွေက …..

social, economy and environment တွေကို အရွယ်တူ စက်ဝိုင်းတွေနဲ့ ပုံဖော်ပြီး တစ်ခုနှင့်တစ်ခု သီးခြားရပ်တည် နိုင်တဲ့ နယ်ပယ်တွေလို့ ယူဆတာ ဖြစ်ပါတယ်။ ဒါကြောင့် လုပ်ငန်းတွေ စီမံကိန်းတွေကို sustainability အတွက် ချဉ်းကပ်ကြ၊ ဖော်ဆောင်ကြတဲ့အခါ အဲဒီနယ်ပယ်၃ခုလုံးကို ခြုံငုံမိအောင် မစဉ်းစားပဲ တစ်ခုချင်းစီ သန်ရာသန်ရာ ရှုထောင့် တွေက နေချဉ်းကပ်ကြတော့ တာပါပဲ။ ပြီးတော့တစ်ခုရဲ့အားနည်းချက်ကို တစ်ခြားတစ်ခုက အားဖြည့်ပေးနိုင် သယောင် ဖြစ်သွားတယ် (SD ဆိုတဲ့ အလယ်က တြိဂံဖြစ်လာဖို့ စက်ဝိုင်း၃ခုလုံးက အလယ်ကိုရွေ့မလာရင်တောင် ၂ခုက ရပ်နေတဲ့၁ခုနားရွေ့လာရင် ရတယ်ဆိုတဲ့ သဘောပါ)။ ဒါကြောင့် ရုပ်ဝတ္ထုပစ္စည်းတွေ တိုးတက်လာတာ သဘာဝ အရင်းအမြစ်တွေ လျော့နည်း၊ ပျက်စီးလာတာကို အစားထိုးဖြေရှင်းနိုင်တယ် လို့ဆိုလိုသလို ဖြစ်လာတယ်။ ဒါက weak sustainability (shallow sustainability) သဘောကို ဆောင်စေပါတယ် (weak sustainability သဘော နောက်တစ်ခါ အကျယ်ရေးပါမည်)။ ဒါပေမယ့် လက်တွေ့မှာ အဲဒီလိုမဟုတ်ပါဘူး။ သစ်စက်တွေ လုံးဝမရှိရုံနဲ့ သစ်တောပြုန်းတီးမှုကို မကာကွယ်နိုင်သလို မျိုးရိုးဗီဇ ပြုပြင်ထားတဲ့ အပင်တွေ၊ တိရစ္ဆာန်တွေ လုံးဝမရှိရုံနဲ့လည်း ဇီဝမျိုးစိတ်တွေ ဆုံးရှုံးမှုကို မတားဆီးနိုင်ပါဘူး။ အမေရိကန်နှင့် ဗြိတိသျှ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေဟာ ကျေးလက်ဒေသတွေ ၊ တောရိုင်းတိရစ္ဆာန်တွေနဲ့ သဘာဝ သစ်တောတွေ ထိန်းသိမ်းရေးကို ပထမဦးစားပေး အနေနှင့် ထားခဲ့ကြပါတယ်။ သဘာဝ ပတ်ဝန်းကျင်ဆိုတာထဲက လူမှုအဖွဲ့အစည်းတွေ ၊ မြို့ပြယဉ်ကျေးမှုတွေကို ဖယ်ထုတ် ထားခဲ့ကြပါတယ်။

Sustainable Development/ Sustainable Agriculture အကြောင်း ပြောကြမယ်ဆိုရင် ဘယ်ဟာမှ social, economy, environment တွေ ၃ခုလုံးမပါဘဲ ၁ခု၊ ဒါမှမဟုတ် ၂ခုထဲမှာပဲ ရပ်တည်နေတာ မဟုတ်ပါဘူး။ ဒါကြောင့် Three-rings model ဟာ လက်တွေ့ မကျလှဘူး ဆိုပြီး Gidding ကိုယ်တိုင်နောက်ထပ် model တစ်ခုကို အဆိုပြုပြန်ပါတယ်။

Ye Lin Oo

ဆက်လက်ရေးသားသွားပါမည်။

Ref: Environment, Economy and Society: Fitting them into Sustainable Development by Bob Gidding, Bill Hopwood and Geoff O’Brien. 2002. DOI: 10.1002/sd.199.


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်