ဘိန်းထုတ်လုပ်မှုအများဆုံး အာဖဂန်နစ္စတန်မှာ ဘိန်းပင်စိုက်ပျိုးမှုကို တာလီဘန်အစိုးရ ပိတ်ပင်

04/04/2022 15:30 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

 

တာလီဘန်အစိုးရက အာဖဂန်နစ္စတန်နိုင်ငံအတွင်း ဘိန်းပင်အပါအဝင် မူးယစ်ဆေးဝါးပင်တွေ စိုက်ပျိုးမှုကို တရားမဝင်ကြောင်း ကြေညာလိုက်ပါတယ်။ အာဖဂန်နစ္စတန်ဟာ ကမ္ဘာပေါ်မှာ ဘိန်းထုတ်လုပ်မှု အများဆုံးနိုင်ငံ ဖြစ်ပြီး ကမ္ဘာ့စုစုပေါင်း ပမာဏရဲ့ ၈၅ ရာခိုင်နှုန်းအထိ ထုတ်လုပ်နေတာပါ။

 

အာဏာရ အစ္စလာမ်မစ်အဖွဲ့ရဲ့ အမြင့်ဆုံးခေါင်းဆောင် Haibatullah Akhundzada က တနင်္ဂနွေနေ့ ထုတ်ပြန်ခဲ့တဲ့အမိန့်ထဲမှာ ဘိန်းဖြူအပြင် အခြားမူးယစ်ဆေးဝါးအားလုံး ထုတ်လုပ်မှု၊ သုံးစွဲမှု၊ သယ်ယူပို့ဆောင်မှု၊ ရောင်းဝယ်မှု၊ တင်ပို့မှုနဲ့ တင်သွင်းမှုတို့ကိုလည်း ပိတ်ပင်ခဲ့ပါတယ်။

 

"မည်သူမဆို အမိန့် ချိုးဖောက်ခဲ့ရင် စိုက်ခင်းကို ချက်ချင်း ဖျက်ဆီးခံရမှာ ဖြစ်ပြီး ချိုးဖောက်သူဟာ ရှရီယာဥပဒေနဲ့အညီ အပြစ်ပေးခံရပါမယ်" လို့ တာလီဘန်ပြည်ထဲရေးဝန်ကြီးဌာနက ကာဘူးလ်မြို့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ပါတယ်။

 

တာလီဘန်တွေဟာ အမေရိကန်နဲ့ နေတိုးတပ်ဖွဲ့တွေ အာဖဂန်နစ္စတန်ကနေ မဆုတ်ခွာခင် ရက်ပိုင်းအလို ဩဂုတ်လအတွင်းက အနောက်အုပ်စု ကျောထောက်နောက်ခံပြုတဲ့အစိုးရဆီက အာဏာကို ရယူခဲ့တာပါ။

 

တာလီဘန်တွေဟာ အာဏာရလာပြီးကတည်းက  ဘိန်းဖြူထုတ်လုပ်မှုနဲ့ မူးယစ်ဆေးဝါးတရားမဝင် ရောင်းချမှုတို့ကို တိုက်ဖျက်ပေးဖို့ အိမ်နီးချင်းနဲ့ ဒေသတွင်းနိုင်ငံတွေ ဖိအားပေးတာ ခံနေရပါတယ်။

 

အာဖဂန်နစ္စတန်ရဲ့ ဘိန်းဖြူစိုက်ပျိုးထုတ်လုပ်မှုဟာ ၂၀၂၁ ခုနှစ်အတွင်း ယမန်နှစ်ထက် ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး တန်ချိန် ၆၈၀၀ ရှိခဲ့ကြောင်း ကုလသမဂ္ဂ မူးယစ်ဆေးဝါးနှင့် ရာဇဝတ်မှုများဆိုင်ရာရုံး (UNODC) ရဲ့ နိုဝင်ဘာလထုတ် အစီရင်ခံစာမှာ ဖော်ပြပါတယ်။

 

အဆိုပါ ထုတ်လုပ်ပမာဏကြောင့် အာဖဂန်နစ္စတန်ကနေ မှောင်ခိုတင်ပို့တဲ့ ဘိန်းဖြူတန်ချိန် ၃၂၀ လောက် ကမ္ဘာ့ဈေးကွက်ထဲကို ပေါပေါသီသီ ရောက်လာနိုင်တယ်လို့ အစီရင်ခံစာထဲမှာ သတိပေးထားပါတယ်။

 

 

 

၂၀၂၁ အတွင်း အာဖဂန်နစ္စတန်မှာ ဘိန်းကနေ ရတဲ့ဝင်ငွေဟာ ပြည်တွင်းမှာတင် ဒေါ်လာ ၁ ဒသမ ၈ ဘီလျံကနေ ၂ ဒသမ ၈ ဘီလျံကြား ရှိနိုင်ပြီး အဲဒီထက် ပိုများတဲ့ အကျိုးအမြတ်တွေကိုတော့ မှောင်ခိုလမ်းကြောင်းကတစ်ဆင့် ပြည်ပကို တင်ပို့ရာက ရရှိတယ်လို့ UNODC က ခန့်မှန်းဖော်ပြထားပါတယ်။

 

အာဖဂန်နစ္စတန်မှာ နှစ် ၂၀ ကြာ တပ်စွဲခဲ့တဲ့ အနောက်အုပ်စု တပ်ဖွဲ့တွေ ပြီးခဲ့တဲ့နှစ်က ပြန်ရုပ်သိမ်းပြီးနောက်ပိုင်း နိုင်ငံထဲမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းနဲ့ စီးပွားရေးကသောင်းကနင်းအခြေအနေတွေ ပိုဆိုးလာနေပါတယ်။

 

နှစ်ရှည်စစ်ပွဲ၊ မိုးဆက်တိုက်ခေါင်မှုနဲ့ ပြည်ပတပ်တွေ ဆုတ်သွားပြီးနောက်ပိုင်း တာလီဘန်အဖွဲ့အပေါ် ပိတ်ဆို့အရေးယူမှုတွေကြောင့် နိုင်ငံတွင်းမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်ချက်တွေ အဆမတန် မြင့်တက်လာပါတယ်။

 

ဆိုးရွားလွန်းတဲ့ စီးပွားရေးအခြေအနေတွေကြောင့် လယ်သမားတွေဟာ ခုနောက်ပိုင်းမှာ ဂျုံလိုမျိုး တရားဝင်သီးနှံကို မစိုက်ပျိုးတော့ဘဲ အမြတ်များများနဲ့ မြန်မြန်ပြန်ရတဲ့ တရားမဝင် ဘိန်းဖြူသီးနှံကို ပြောင်းလဲစိုက်ပျိုးလာတယ်လို့ အကဲခတ်တွေက သုံးသပ်ပါတယ်။

 

တာလီဘန်တွေဟာ အရင်တစ်ခေါက်က နိုင်ငံကို ထိန်းချုပ်နိုင်ခဲ့စဉ် ၁၉၉၆ ကနေ ၂၀၀၁ ခုနှစ်အတွင်း ဘိန်းစိုက်ပျိုးရေးကို ပိတ်ပင်ခဲ့ဖူးပြီး အဲဒီပိတ်ပင်မှုကြောင့် အထွက် သိသိသာသာ ကျဆင်းခဲ့တယ်လို့ UNODC ရဲ့ ထိုစဉ်ကခန့်မှန်းချက်အရ သိရပါတယ်။

 

၂၀၀၁ ခုနှစ် စက်တင်ဘာလအတွင်း အမေရိကန်ပြည်ထောင်စု တိုက်ခိုက်ခံရပြီးနောက် အမေရိကန် ဦးဆောင်တဲ့ ပြည်ပတပ်တွေ အာဖဂန်နစ္စတန်ကို ကျူးကျော်ဝင်‌ရောက်ကာ တာလီဘန်အစိုးရကို ဖြုတ်ချခဲ့ပါတယ်။ အဲဒီအချိန်ကစလို့ အာဖဂန်နစ္စတန်မှာ ဘိန်းစိုက်ပျိုးမှု ပြန်လည်မြင့်တက်လာခဲ့ပြီး အမေရိကန်အစိုးရက အာဖဂန်နစ္စတန်ကို မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ဒေါ်လာဘီလျံနဲ့ချီ ထောက်ပံ့ခဲ့ပေမဲ့ ထိန်းချုပ်နိုင်ခဲ့ခြင်း မရှိပါဘူး။

 

အမေရိကန်အစိုးရဟာ မူးယစ်ဆေးဝါးမှောင်ခိုလုပ်ငန်းကနေ ရတဲ့ငွေနဲ့ တာလီဘန်တွေ ပြန်လည်ခေါင်းထောင်လာမှာကို စိုးရိမ်ပြီး ၂၀၀၂ ခုနှစ်ကစလို့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအတွက် ဒေါ်လာ ၉ ဘီလျံနီးပါး အသုံးပြုခဲ့တယ်လို့ အမေရိကန်အစိုးရစောင့်ကြည့်လေ့လာရေးအဖွဲ့တစ်ခုဖြစ်တဲ့ Special Inspector General for Afghanistan Reconstruction (SIGAR) က ထုတ်ပြန်ပါတယ်။

 

"ငွေကြေးများစွာ ရင်းနှီးမြှုပ်နှံခဲ့ပေမဲ့ အာဖဂန်နစ္စတန်ရဲ့ ဘိန်းဖြူစိုက်ပျိုးထုတ်လုပ်မှုဟာ ဆယ်စုနှစ်ခုတိုင်တိုင် အတက်ပြခဲ့ပါတယ်။ မလုံခြုံတဲ့အခြေအနေကလည်း ဒါကိုဟန့်တားရေး အခက်တွေ့စေပါတယ်" လို့ SIGAR အဖွဲ့က ထုတ်ပြန်ပါတယ်။

 

ဝေယံဟိန်း (B.Ag)

 

Ref: Taliban Ban Opium Poppy Cultivation in Afghanistan

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်