နှစ်သစ်ကူးပွဲတော်အပြီး တရုတ်ကုန်သည်များ၏ ဝယ်လိုအားနည်းခြင်းကြောင့် ဖရဲ၊ သခွားမွှေး ဈေးနှုန်းအနည်းငယ် ကျဆင်းကြောင်း နယ်စပ်ကုန်သည်အချို့က ပြောသည်။
မိုင်းလားနယ်စပ်မှ တရုတ်နိုင်ငံသို့ ဖရဲ၊ သခွားမွှေး တင်ပို့နေသည့် ကုန်သွယ်ရေးလမ်းကြောင်းတွင် အချိန်ကြန့်ကြာမှု၊ လမ်းကြောင်းရှည်လျားမှုတို့ကြောင့် ဖရဲ၊ သခွားမွှေး သစ်သီးများ အရည်အသွေး ကျဆင်းပြီး ဈေးမရသဖြင့် ဆုံးရှုံးမှုများလည်း ကြုံတွေ့နေရကြောင်း ၎င်းတို့က ပြောသည်။
"နှစ်ကူးကာလမှာ နယ်စပ်ကုန်သွယ်ရေး ပုံမှန်မလည်ပတ်နိုင်ဘူး တရုတ်ဘက်က စစ်ဆေးမှု ကြန့်ကြာတာတွေရှိတယ်။ အသီးတွေ ပုပ်ကုန်တာတွေ၊ ပယ်သီးဈေးနဲ့ ရောင်းရတာတွေလည်း ရှိတယ်" ဟု ဖရဲ၊ သခွားမွှေး သစ်သီးကုန်သည်တစ်ဦးက ပြောသည်။
တရုတ်ဈေးကွက်သို့ သစ်သီးများတင်ပို့ရာတွင် ထိုကဲ့သို့ အခက်အခဲများရှိသော်လည်း ဈေးကွက် အသစ်ရရှိရေး အခက်အခဲနှင့် ပြည်တွင်းစားသုံးမှုနည်းခြင်းကြောင့် စွန့်စားလုပ်ဆောင်နေရသည်ဟု ၎င်းက ဆိုသည်။
လက်ရှိ မိုင်းလားနယ်စပ်တွင် ဖရဲသီးက အလုံးလှပြီး အရည်အသွေးကောင်းလျှင် ကားအစီးပြတ်ကို ပျမ်းမျှ တရုတ်ငွေ ယွမ် ၄၀,၀၀၀ မှ ၅၀,၀၀၀ အကြား ဈေးရသည်။ သခွားမွှေးကလည်း ကားအစီးပြတ်ကို ယွမ် ၅၀,၀၀၀ မှ ၆၀,၀၀၀ အကြား ဈေးရရှိသည်။
ပြည်တွင်း နိုင်ငံခြားငွေ ပြင်ပပေါက်ဈေးအရ တရုတ်ငွေ တစ်ယွမ်လျှင် ကျပ် ၅၇၀ ကျော်ကြောင်းသိရသည်။
မိုင်းလားနယ်စပ်မှ တရုတ်ဈေးကွက်သို့ သစ်သီးများတင်ပို့ရာတွင် အကျိုးအမြတ် မျှော်လင့်ချက်ရှိသော်လည်း စိန်ခေါ်မှုများလည်း ရှိနေသည်ဟု ကုန်သည်များက ဆိုသည်။ မြန်မာနိုင်ငံအတွင်းမှ မိုင်းလားနယ်စပ်သို့ ဖရဲ၊ သခွားမွှေး အပါအဝင် သစ်သီးများ တင်ပို့ရာတွင် ကားခဈေးကြီးမြင့်မှုကလည်း စိုက်ပျိုးသူများ၊ ကုန်သည်များ အမြဲကြုံတွေ့နေရသည့် အခက်အခဲဖြစ်နေသည်ဟု ဆိုသည်။
AMIA (ဈေးကွက်နှင့် သတင်းအေဂျင်စီ)မှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။