တစ်ပတ်အတွင်း ကမ္ဘာ့ရော်ဘာဈေးကွက်သုံးသပ်ချက်

06/10/2018 11:00 AM တွင် Nyi Thway Nyi Thway မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဂျပန်နိုင်ငံတိုကျိုမြို့က ကုန်စည်ဖလှယ်ရေးဌာန Tokyo Commodity Exchange အတိုကောက် TOCOM ဟာ ကုန်စည်အမျိုးပေါင်းအတော်များများကို ဖလှယ်ရာမှာ ရောင်းဝယ်ဖောက်ကားရာမှာ ကြားခံဆောင်ရွက်ပေးတာပေါ့။ အဲဒီကုန်စည်ထဲမှာမှ ရော်ဘာကိုလည်းရောင်းဝယ်ကြတော့ သူတို့အရောင်းအဝယ်လုပ်တဲ့ ရော်ဘာအတန်း အစားက RSS 3 လို့ ခေါ်တဲ့ Ribbed Smoked Sheet လိုင်းစင်းပါ မိုင်းခံရော်ဘာပြား အဆင့် ၃ ပါ။ ဒီလို RSS 3 တစ်မျိုးတည်းကို သူတို့အရောင်းအဝယ်လုပ်လာခဲ့တာ ၁၉၅၂ ခုနှစ်ကတည်းကဆိုတော့ ခုဆို နှစ်ပေါင်း ၆၆ နှစ်ရှိသွားပြီ။ ဒါပေမယ့် ခုတော့ သူတို့ တစ်မျိုးတည်းကို အရောင်းအဝယ်မလုပ်တော့ဘူးတဲ့။ နောက်တစ်မျိုးကို ထပ်တိုးကြတော့မယ်။ ဒီလာမယ့် အောက်တိုဘာ ၉ ရက်နေ့ လာမယ့်တနင်္လာမှာ နောက်တစ်မျိုးကို ထပ်ထည့်တော့မယ်လို့ TOCOM ရဲ့ CEO တကမိချိ ဟမဒ ကပြောလိုက်ပြီ။ အဲဒါက TSR တဲ့။ Technically Specified Rubber ပေါ့။ စည်းစနစ်ကျကျ အရည်အသွေးသတ်မှတ်ထားတဲ့ရော်ဘာလို့ ပြောရမယ်။ Block Rubber လို့လည်းပြောတယ်။ RSS လိုအပြားလိုက်မဟုတ်ပဲ အတုံးနဲ့ထုတ်တာကိုး။ 

TSR ကိုထုတ်တာ ရော်ဘာစေးLatex ကနေထုတ်တယ်။ ခွက်တုံး Cup Lump၊ ဆွဲဖတ် Tree lace တို့ကနေထုတ်ကြတယ်။ မှိုင်းမတင်ထားတဲ့ ရော်ဘာပြား unsmoked sheet ကိုလည်း TSR ထုတ်ရာမှာသုံးလို့ရတယ်။ 

ယေဘူယျအားဖြင့် TSR လို့ ပြောနေသော်လည်း ရော်ဘာထုတ်လုပ်သူနိုင်ငံအလိုက် နိုင်ငံတကာ စံချိန်စံညွှန်းသတ်မှတ်ရေးအဖွဲ့ ISO 2000 လက်မှတ်ရယူပြီး ထိုင်းနိုင်ငံရဲ့ TSR ရော်ဘာကို Standard Thai Rubber (STR)၊ အင်ဒိုနီးရှားရဲ့ TSRကို Standard Indonesian Rubber (SIR)၊ မလေးရှားကျတော့ Standard Malaysian Rubber (SMR)နဲ့ ဗီယက်နမ်က Standard Vietnamese Rubber (SVR)ပါလို့ အမည်ပေးထားကြတယ်။ 

RSS မှာ အဆင့်ခွဲထားသလို TSR မှာလည်း အဆင့်ခွဲထားတယ်။ TSR CV, TSR L, TSR 5, TSR10, TSR20, စသဖြင့်ပေါ့။ ရောင်းဝယ်မှုအများဆုံးက TSR 20 ပါ။ တိုင်ယာလုပ်ငန်းမှာ အများဆုံးသုံးတာ TSR 20 ပဲ။ ထိုင်းကဆို STR 20, မလေးကဆို SMR 20 ပေါ့။

အခု TOCOM ကစံထားရောင်းဝယ်မှာက ထိုင်းနိုင်ငံရဲ့ STR 20 နဲ့ အရည်အသွေးတူ အခြား TSR 20 ကိုစံထားတယ်။ 

TSR ကို TOCOM မှာသာ အရောင်းအဝယ်ထဲမထည့်ရသေးတာ။ စင်္ကာပူရဲ့ SICOM - Singapore Commodity Exchange မှာ ရောင်းဝယ်နေကြတာကြာလှပေါ့။ ဒါပမယ့် ဂျပန်မှာ TOCOM ထဲ ထည့်မထားလို့ မဝယ်ဘူးလားဆိုတော့လည်း၊ ဝယ်ကြတာပါပဲ။ ဈေးကွက်ပြင်ပ အခြားနည်းနဲ့ ဝယ်ကြတယ်။ ဝယ်တာမှာ RSS 3 ထက်ကို အများကြီးပိုသေးတယ်။ 

ပြီးခဲ့တဲ့နှစ်မှာ ဂျပန်က TSR တန်ချိန် ၅၄၆၇၉၁ တန် တင်သွင်းတယ်။ ၈၁% က အင်ဒိုနီးရှားမှဖြစ်ပြီး၊ ၁၅% က ထိုင်းမှဖြစ်တယ်။ ဒါက ဘဏ္ဍာရေးဝန်ကြီးဌာနမှ စာရင်းအရပါ။ RSS တင်သွင်းတာက ၁၃၁၅၇၇ တန်ပဲ။ စုစုပေါင်းရဲ့ ၉၅% က ထိုင်းမှသွင်းတာပါ။ TOCOM မှာလည်း TSR ကိုထည့်လိုက်ပြီဆိုတော့ ကမ္ဘာပေါ်မှာ ထုတ်လုပ်မှုအများဆုံးနဲ့ အသုံးပြုမှုလည်းအများဆုံးဖြစ်တဲ့ TSR ရော်ဘာဟာ  TOCOM ရဲ့ ဝယ်လိုအား offer များမှာ သေချာသလောက်ပဲ။ ဒီတော့ လက်ငင်းဈေးကွက်ကို တော်တော် ဂယက်ရိုက်လိမ့်မယ်။ လက်ငင်းဈေးကွက်လို့ပြောရတာက TOCOM မှာရောင်းဝယ်နေကြတာလက်ငင်းမဟုတ်ဘူး။ သူတို့က ကန်ထရိုက်စာချုပ်နဲ့ရောင်းဝယ်နေကြတာ။ ပစ္စည်းကလက်ငင်းမရဘူး။ TOCOM သတ်မှတ်ချက်အရ ၆ လကြာမှ ပစ္စည်းပို့ပေးမှာ။ ဒါကြောင့် သူတို့ကို future market လို့ပြောတာ။ 

ဈေးကွက်ထဲရောက်ပြီး များမကြာမီမှာပဲ TSR ရဲ့ ရောင်းဝယ်မှု ပမာဏ Volume ဟာ RSS ထက်ကို  TOCOM ကခန့်မှန်းထားတယ်။  TOCOM က TSR ကို ရောင်းဝယ်ဘို့လုပ်ဆောင်ချက်ဟာ ထုတ်လုပ်သူ ထိုင်းနဲ့ ဝယ်လက် တရုတ်ကို အားကိုးထားတာ။ ကမ္ဘာ့အကြီးဆုံးရော်ဘာအသုံးပြု ဖြုန်းအားကောင်းသူကြီး တရုတ်မှာ သူတို့သုံးတဲ့ သဘာဝရော်ဘာထက်ဝက်က ထိုင်းကလာတဲ့ TSR ပါတဲ့။ ဆိုတော့ TOCOM က အားကိုးထိုက်ပါတယ်။

ဘာကြောင့် TSR က RSS ထက်လူကြိုက်များရသလဲ။ အဓိကက TSR ရဲ့ အရည်အသွေးက တသမတ်တည်းနီးပါးရှိလို့ပါ။ အရည်အသွေးငြိမ်တယ်ပေါ့။ ငြိမ်ဆို စက်ရုံနဲ့ထုတ်တာကိုး။ RSS ကတော့ ခြံမှာပဲထုတ်ကြတာဆိုတော့ အရည်အသွေးက မငြိမ်ဘူး။ တခြံနဲ့ တခြံအရည်အသွေးမတူနိုင်ဘူး။

TSR ရော RSS ပါ ၂ မျိုးလုံးကို တိုင်ယာထုတ်ရာမှာသုံးကြတယ်။ ဒါဆိုဘာကြောင့် TSR ထုတ်လုပ်မှုက တက်လာသလဲ။ အရည်အသွေးကြောင့်ပဲ။ RSS သုံးပြီးထုတ်တဲ့ တိုင်ယာက ဈေးနိမ့်တယ်တဲ့။

ကမ္ဘာ့ TSR အိတ်စပို့ဟာ ၁၀ နှစ်အတွင်း ၂၂% တိုးလာတယ်။ ၂၀၁၇ အထိမှာ တန် ၅.၀၉ သန်းတိုးလာတာ။ RSS ကတော့မတိုးတဲ့မပြင် ကျတောင်သွားသေးတယ်။ ၃၂% ကျပြီး ၇၇၂၀၀၀ တန်ကိုကျသွားတယ်တဲ့။ ဒါက TOCOM ဆီက ရတဲ့အချက်အလက်။ TOCOM မှာ အရောင်းအဝယ်လုပ်တဲ့ Volume တွေ နည်းကျလာတလည်း သတိထားမိသူတွေ ရှိမှာပါ။ 

ကျွမ်းကျင်သူတွကေ အခွင့်သာရင် TSR ကိုပဲထုတ်စေချင်နေကြတယ်။ အပြည်ပြည်ဆိုင်ရာ ရော်ဘာလေ့လာရေးအုပ်စုက အထွေထွေအတွင်းရေးမှူး Pinizzotto က  RSS ကို ခြံအဆင့်ထုတ်တာက အချိန်နဲ့ လုပ်အားပိုသုံးရတယ်။ ဒါကြောင့်မို့ သဘာဝရော်ဘာဈေးကျချိန်မှာ ခြံရှင်ငယ်တွေကို ဒီလို RSS အမျိုးအစားကို ထုတ်တာအားမပေးဘူးတဲ့။  

ခုတော့ RSS ဈေးသုံးသပ်ချက်ကိုပဲ ကြည့်ကြရအောင်။။

တိုကျိုစံရော်ဘာဟာ တနင်္လာနေ့မှာ ဈေးဆက်ရတယ်။ ရေနံဈေးမာခြင်းဆိုတဲ့ ကျောထောက်နောက်ခံနဲ့ တစ်လအတွင်းအမြင့်ဆုံးကိုရောက်သွားတယ်။ 

ရေနံဈေးတက်ရင် ရေနံကိုအသုံးပြုပြီးထုတ်လုပ်တဲ့ ရော်ဘာတုဈေးလဲတက်မှာမို့ သဘာဝရော်ဘာအဝယ်လိုက်ပါတယ်။ အဝယ်လိုက်ရင်ဈေးတက်တာပါပဲ။

ဘရန့်ရေနံစိမ်းဈေးက ၂၀၁၄ နိုဝင်ဘာကစတွက်ရင် အမြင့်ဆုံးကိုရောက်သွားတာက အမေရိကန်က အီရန်ကိုပိတ်ဆို့မှုမတိုင်မီလေးမှာ။ အီရန်ဆိုတာကလည်း အိုပက်အဖွဲ့ဝင်နိုင်ငံတွေထဲမှာ တတိယမြောက်အများဆုံး ရေနံထုတ်လုပ်သူလေ။ 

အရှေ့တောင်အာရှရဲ့ ရော်ဘာဈေးကို ဂယက်ရိုက်လေ့ရှိတဲ့ TOCOM ရဲ့ ရော်ဘာဈေးဟာ ဒေါ်လာနဲ့ ယှဉ်တဲ့ ယန်းငွေအားပျော့ခြင်းရဲ့ အထောက်အပံ့လည်းရလိုက်တယ်။ ၂၀၁၇ နိုဝင်ဘာလကစရင် ယန်းက အခုအချိန်မှာ အနိမ့်ဆုံးဖြစ်နေတယ်။  ယန်းငွေဈေးကျတော့ ယန်းနဲ့ သတ်မှတ်တဲ့ ပစ္စည်းတွေကို ဒေါ်လာလိုအခြားငွေကြေးနဲ့ ဝယ်တဲ့အခါ ဈေးသက်သာတယ်။ ဒီတော့ အဝယ်လိုက်တယ်။ အဝယ်လိုက်လာပြန်တော့လည်း ဈေးကတက်သွားပြန်ရော။ 

" အမေရိကန်- တရုတ်ကုန်သွယ်ရေးပွတ်တိုက်မှုကနေ ရော်ဘာအသုံးကို ဆိုးရွားစွာထိခိုက်မှုရှိနေတဲ့အပေါ် စိုးရိမ်မှုတွေရှိနေတယ်" လို့ ဂျပန်ကုန်သွယ်ရင်းမြစ်တခုကဆိုတယ်။ 

တိုကျိုမှ TOCOM မှာ မတ်လကန်ထရိုက်ရော်ဘာဈေးဟာ ၃.၅ ယန်းတက်ကာ ၁၇၁.၅ ယန်း($၁.၅၁)/ကီလိုဂရမ်ဈေးနဲ့ပိတ်သွားတယ်။ စောစောကဆို စက်တင်ဘာ ၃ ရက်ကတည်းက အခုထိ အမြင့်ဆုံးဖြစ်တဲ့ ၁၇၂.၁ ယန်းကိုတက်သွားသေးတယ်။ 

ဗီယက်နမ်ရဲ့ ခန့်မှန်းရော်ဘာတင်ပို့မှုဟာ ၂၀၁၈ ပထမ ၈ လမှာ မနှစ်ကထက် ၉.၁% တက်ကာ မက်ထရစ်တန် ၁.၀၄ သန်းကိုရောက်သွားပြီလို့ အစိုးရကထုတ်ပြန်တဲ့ အချက်အလက်တွေက ပြနေတယ်။ 

တရုတ်ငွေရေးကြေးရေးဈေးကွက်တွေက SHFE အပါအဝင်ပေါ့ ဒီအပတ်တစ်ပတ်လုံးပိတ်ပါတယ် အမျိုးသားနေ့ ပိတ်ရက်ဖြစ်လို့ပါ။

တိုကျိုရဲ့ TOCOM စံရော်ဘာဟာ အင်္ဂါနေ့မှာ ၃ ရက်မြောက်ဆက်တက်ကာ  တစ်လအတွင်း အမြင့်ဆုံးကို ရောက်သွားပါတယ်။ ရေနံဈေးက နှစ်အနည်းငယ်အတွင်း အမြင့်ဆုံးကို ရောက်သွားခြင်းက ရော်ဘာဈေးကို ကူကယ်လိုက်တာပါပဲ။

အရှေ့တောင်အာရှရဲ့ ရော်ဘာဈေးကို ဂယက်ရိုက်လေ့ရှိတဲ့ TOCOM ရော်ဘာဈေးဟာ ယန်းငွေအားပျော့ခြင်းရဲ့ အထောက်အပံ့လည်း ရလိုက်တယ်။ ယန်းက ဒေါ်လာနဲ့ယှဉ်ရင် ၁၁ လအတွင်း အနိမ့်ဆုံးဖြစ်သွားတာကိုး။

" ရေနံက ယန်းအပျော့နဲ့ ပေါင်းပြီး ဈေးနှုန်းကို ထောက်ပံ့လိုက်တာ" လို့ ဂျပန်ကုန်သွယ်ရေး အရင်းအမြစ်တစ်ခုက ပြောတာ။

TOCOM ရဲ့ မတ်လကန်ထရိုက်ဈေးဟာ ဝ.၉ ယန်းတက်ကာ ၁၇၂.၄ ယန်း($၁.၅၂)/ကီလိုဂရမ်နဲ့ ဈေးပိတ်တယ်။ စောစောပိုင်းမှာ စက်တင်ဘာ ၃ ရက်ကတည်းကဆိုရင် အမြင့်ဆုံးဖြစ်တဲ့ ၁၇၄.၂ ယန်းဈေးကို ရောက်သွားသေးတယ်။

ဒီအပတ် ရော်ဘာဈေးအလှုပ်က ရေနံဈေးအလှုပ်ရဲ့ဂယက်က အများကြီး အကျိုးသက်ရောက်တယ်လို့ သုံးသပ်ရတယ်ခင်ဗျ။ 

ညီသွေး

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်