တစ်ပတ်တာအတွင်း ဈေးကွက်သုံးသပ်ချက်

08/01/2022 10:30 AM တွင် AMIA AMIA မှ ရေးသား

၃.၁.၂၀၂၂) မှ (၇.၁.၂၀၂၂) ထိ အပြောင်းအလဲဖြစ်ပေါ်ခဲ့သည့် လယ်ယာထွက်ကုန်သီးနှံများ

မတ်ပဲ

မတ်ပဲကတော့ ပြီးခဲ့တဲ့ အပတ်နဲ့ယှဉ်ရင် ဈေးက တက်လာခဲ့ပါတယ်။ ဒေါ်လာဈေးတွေ ပြန်လည်မြင့်တက်လာတဲ့အတွက်ကြောင့် ဈေးကတက်လာတာဖြစ်ပြီး ကြားထဲမှာ အနိမ့်ဈေးနဲ့ပဲ အချိန်ကြာမြင့်စွာ ငြိမ်နေခဲ့ပါတယ်။

အိန္ဒိယကို တင်ပို့မှုက လာမယ့် ၃ လပိုင်းအကုန်အထိ တင်ပို့ဖို့ထုတ်ပြန်ခဲ့ပြီး နောက်မှာ ဈေးက အနည်းငယ် ပြန်လည်လှုပ်ခက်ခဲ့ပေမယ့် အိန္ဒိယမှာတော့ ပြည်တွင်းမတ်ပဲ ထွက်ရှိတော့မှာဖြစ်လို့ မြန်မာ့မတ်ပဲဝယ်ယူမှုကို စောင့်ကြည့်နေတယ်လို့ သိရပါတယ်။

ရန်ကုန်ဈေးကွက်မှာ မတ်ပဲက တစ်တန်ကို ၁၃ သိန်းကျော်ပေါက်ဈေးရှိခဲ့ပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဉ်ရင် တစ်တန်ကို ၂ သောင်းကျော်လောက် ဈေးတက်လာခဲ့ပါတယ်။

မန္တလေးဈေးကွက်မှာတော့ သုံးတင်းဝင်တစ်အိတ်ကို ၁၂၅၀၀၀ ကနေ ၁၂၆၀၀၀ ကြားပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄၀၀၀ ကျော်လောက်ဈေးတက်လာပါတယ်။

အတန်ကြာပိတ်ထားခဲ့တဲ့ မုံရွာဈေးကွက်မှာတော့ မတ်ပဲက တစ်တင်းကို ၄၁၀၀၀ ပေါက်ဈေးရှိပြီး ၂၀၀၀ လောက်ဈေးတက်လာပါတယ်။

အောင်လံဈေးကွက်မှာတော့ တစ်တင်းကို ၄၁၀၀၀ ပေါက်ဈေးရှိပြီး ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။

ပြည်ဈေးကွက်မှာတော့ တစ်တင်းကို ၄၂၀၀၀ ပေါက်ဈေးရှိပြီး ၅၀၀ ကျပ် အသီးသီးဈေး တက်လာပါတယ်။

အသစ်တွေကလည်း ဈေးကွက်ထဲကို အနည်းငယ်ဝင်လာပြီဖြစ်လို့ ဈေးကတော့ လက်ရှိပေါက်ဈေးထပ် တက်နိုင်ခြေမရှိဘူးလို့လည်း ကုန်သည်တွေက သုံးသပ်ထားပေမယ့် ကျဆင်းနိုင်ခြေလည်း လက်တလော မရှိသေးလို့ ဆိုပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီက ဈေးငြိမ်နေခဲ့ပေမယ့် ဒီတစ်ပတ်မှာတော့ တစ်တန်ကို ၁၃ သိန်း နီးပါးအထိ ရုတ်တရက်ဈေးတက်လာခဲ့ပါတယ်။ အိန္ဒိယက ဈေးကျဆင်းနေတဲ့ ပဲစင်းငုံနီကို အများအပြားဝယ်ယူလာလို့ ဈေး က တက်လာခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ အဟောင်းတွေက လက်ကျန်အနည်းငယ်သာရှိနေပြီး အသစ်တွေက ဈေးကွက်ထဲ အဝယ်သွက် အရောင်းသွက်နေတယ်လို့လည်း ကုန်သည်တွေထံကနေ သိရပါတယ်။

ပဲစင်းငုံနီကို လာမယ့်မတ်လအထိ တန်ချိန် ၁ သိန်းဝယ်ယူဖို့ သက်တမ်းတိုးခဲ့ပြီး ဈေးကတော့ အများကြီး ကျဆင်းနိုင်ခြေမရှိဘူးလို့ ကုန်သည်တွေက သုံးသပ်ထားပေမယ့် အသစ်တွေက ဆက်တိုက် ဈေးကွက်ထဲ ဝင်ရောက်လာပြီဖြစ်လို့ စောင့်ကြည့်ရမယ့်အခြေအနေဖြစ်နေပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပဲစင်းငုံနီက တစ်တန်ကို ၁၂ သိန်း ၈ သောင်း ကျော်အထိ ဈေးတက်လာခဲ့ပြီး တစ်ပတ် အတွင်း တစ်တန်ကို  ၁၂၀၀၀၀ ကျော်ဈေးတက်လာခဲ့ပါတယ်။

မန္တလေးဈေးကွက်မှာတော့ တစ်အိတ်ကို ၁၂၀၀၀၀ လောက်ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂ သောင်းနီးပါး ဈေးတက်လာခဲ့ပါတယ်။

ပခုက္ကူကုန်စည်ဒိုင်ဈေးကွက်မှာတော့ တစ်တင်းကို ၃၉၅၀၀ ပေါက်ဈေးရှိပြီး ၃၀၀၀ ကျော်ဈေးတက်လာပါတယ်။

အောင်လံမှာလည်း တစ်တင်းကို ၃၉၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၂၅၀၀ ကျပ်ဈေးတက်လာပါတယ်။

ပြည်မှာတော့ တစ်တင်းကို ၃၉၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၃၀၀၀ ကျပ် အသီးသီးဈေးတက်လာပါတယ်။

ပဲလွန်း

ပဲလွန်းဖြူ၊ ပဲလွန်းပြာတို့က ဈေးကွက်ထဲ အသစ်တွေဝင်ရောက်လာပြီး ဈေးတွေ အနည်းငယ်ကျဆင်းသွားပါတယ်။

ရန်ကုန်ဈေးကွက်မှာ ပဲလွန်းဖြူ(ပဲခူး)က တစ်ပိဿာကို ၂၃၆၅ ကနေ ၂၄၂၀ ပေါက်ဈေးနဲ့ ဈေးငြိမ်နေခဲ့ပြီး ပဲလွန်းဖြူ(မြစ်ဝကျွန်းပေါ်)ကတော့ တစ်ပိဿာကို ၂၀၀၀ ကနေ ၂၀၈၅ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၃၅ ကျပ်ဈေး ကျဆင်းသွားပါတယ်။

မန္တလေးဈေးကွက်မှာတော့ ပဲလွန်းဖြူက တစ်အိတ်ကို ၁၁၅၀၀၀ ကနေ ၁၁၆၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။ ပဲလွန်းပြာကတော့ တစ်အိတ်ကို ၉၂၀၀၀ ကနေ ၉၃၀၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၄၀၀၀ ကျပ်ဈေး ကျဆင်းသွားပါတယ်။

ပခုက္ကူမှာတော့ ပဲလွန်းပြာက တစ်တင်းကို ၃၃၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၀၀၀ ကျပ်ဈေးတက်လာပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီကတော့ အသစ်တွေ ဈေးကွက်ထဲဝင်ရောက်လာပြီး ဈေးကတော့ အနည်းငယ်မြင့်တက်နေပါတယ်။ ထိပ်စဈေးက ပြန်ကျဆင်းပေမယ့် အလတ်စတွေကတော့ ဈေးတွေတက်နေပါတယ်။

ရန်ကုန်ဈေးကွက်မှာ ကြက်သွန်နီ(ဆိပ်ဖြူ၊မြင်းခြံ)ရှယ်က တစ်ပိဿာကို ၈၀၀ ကျပ်ပေါက်ဈေးရှိပြီး ၅၀ ကျပ် ဈေး ကျဆင်းသွားပေမယ့် လတ်ချော၊ လတ်သန့်တို့ကတော့ တစ်ပိဿာကို ၃၀၀ ကနေ ၇၀၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ် ဈေး တက်လာပါတယ်။ ပခုက္ကူ၊ မုံရွာတို့ကတော့ တစ်ပိဿာကို ၃၅၀ ကနေ ၈၅၀ ကြားပေါက်ဈေးရှိနေပါတယ်။

မော်လမြိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၇၀၀ ကနေ ၇၅၀ ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၅၀ လောက် ဈေးတက်လာပါတယ်။

အာလူး

အာလူးကတော့ ဒီတစ်ပတ်မှာ ဈေး အနည်းငယ်ပြန်ကျဆင်းသွားပါတယ်။ တရုတ်အာလူးတွေ ဈေးကွက်ထဲ ပြန်လည်ဝင်ရောက်လာပြီး ပြည်တွင်း အာလူးတွေလည်း အဝင်အနည်းငယ်များလာလို့ ဈေးက ကျဆင်းသွားတာဖြစ်ပါတယ်။

ရန်ကုန်ဈေးကွက်မှာ အာလူးက တစ်ပိဿာကို ၁၈၀၀ ကနေ ၂၂၀၀ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၁၀၀ ကျပ်ဈေးကျဆင်းသွားပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်