တစ်ပတ်အတွင်း ကမ္ဘာ့ရော်ဘာဈေးကွက်သုံးသပ်ချက်

10/11/2018 11:00 AM တွင် Nyi Thway Nyi Thway မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ရော်ဘာတောင်သူတွေအတွက် အကြပ်အတည်းကာလက မပြီးဆုံးသေးပါဘူး။ သဘာဝရော်ဘာ NR( Natural Rubber)ဈေးဟာ ခုလတ်တလောအဆင့်ခန့်မှာ ဝဲနေလိမ့်မယ်၊ ဒါဟာ ၂၀၂၅ ခုခန့်မှာမှ အရေးပါတဲ့ ဈေးဖြစ်တဲ့ တကီလို ၂ ဒေါ်လာခန့်ကို ရောက်ဖို့ရှိတယ်ဆိုတဲ့ အထောက်အထားတွေကြောင့်ဖြစ်တယ်။ ဒီလို ဟောကိန်းထုတ်ခဲ့သူက Hidde Smit တဲ့။ စင်္ကာပူမှ IRSG International Rubber Study Group အပြည်ပြည်ဆိုင်ရာ ရော်ဘာလေ့လာရေးအဖွဲ့ ရဲ့ အထွေထွေအတွင်းရေးမှူးအဟောင်းတစ်ယောက်ဖြစ်တယ်။ သူက ဗုဒ္ဓဟူးနေ့တုန်းက India Rubber Meet မှာ ပြောသွားတာပါ။

( ပြီးခဲ့တဲ့ အပတ်ကတော့ ၂၀၂၂ နောက်ပိုင်းမှ ရော်ဘာဈေးပြန်တက်တယ်ဆိုတဲ့ ဟောကိန်းကို Jom Jacob ဆိုတဲ့ ANRPC ရဲ့ အကြီးတန်း စီးပွားရေးပညာရှင်က ဟောကိန်းထုတ်ခဲ့တဲ့အကြောင်းကို မှတ်မိကြပါလိမ့်မယ်။) ရော်ဘာဈေးကောင်းခဲ့တဲ့ ကာလတွေတုန်းက အလွန်အမင်းစိုက်လိုက်ကြတဲ့ ရော်ဘာပင်တွေဟာ အခုထွက်လာကြတဲ့အခါ အလွန်အမင်းကို ပိုလျှံသွားတယ်။ သဘောက ဝယ်လိုအားကနည်းပြီး ရောင်းလိုအားများနေတဲ့ ပစ္စည်းတို့ရဲ့ ထုံးစံအတိုင်းဈေးကျတာလို့ ပြောချင်တာပါ။ 

Hidde ရဲ့အဆိုက ဈေးကောင်းတဲ့ နှစ်အပိုင်းအခြားဖြစ်တဲ့ ၂၀၀၅-၂၀၁၃ အတွင်း အလွန့်အလွန်စိုက်လိုက်ကြတဲ့ ရော်ဘာပင်တွေကြောင့် ထုတ်လုပ်မဗုဟာ လွန်လွန်ကဲကဲကို ထိုးတက်သွားခဲ့တော့ ရော်ဘာတွေ အကြီးအကျယ်ပိုလျှံသွားတယ်။ ရော်ဘာပင်တွေရဲ့ အရွာ်ရောက်သက်တမ်းနဲ့တွက်ရင် ဒီထုတ်လုပ်မှုများပြီး ပိုလျှံမှုဟာ ၂၀၂၂-၂၀၂၃ မှာ ခေါင်ကိုရောက်မယ်။ ထိပ်ဆုံးကိုရောက်လိမ့်မယ်။ ဒီတော့ ပိုလျှံမှုအရှိန်ဟာ နောက် ၁-၂ နှစ်ခန့်အထိပါသွားမှာဆိုတော့ ၂၀၂၅ အထိ ဈေးဟာအနိမ့်နဲပဲသွားမယ်။ သူက ဒီလိုခန့်မှန်းတာကိုး။ ရော်ဘာအသုံးက တစ်နှစ်ကို တန် ၅ သိန်းခန့်ပိုလာတောင် ရော်ဘာကပိုလျှံနေဦးမယ်လို့ဆိုတယ်။ 

ကမ္ဘာ့သဘာဝရော်ဘာထုတ်လုပ်မှုက ၂၀၁၉ မှာ ၅.၈% တိုးပြီး တန် ၁၄.၆ သန်းကိုရောက်မယ်လို့ မျှော်လင့်ရတယ်။ ဒါက ရော်ဘာဈေးက လတ်တလောအဆင့်ခန့်မှာ ဆက်ရှိနေမယ်ဆိုရင်ပေါ့။ ကမ္ဘာ့ရော်ဘာအသုံးက ၃.၆% တိုးပြီး တန် ၁၄.၇ သန်းရှိလာမယ်လို့ မျော်လင့်တယ်။ 

Hidde ရဲ့ ဟောကိန်းတွေကို ဆက်ရရင် ၂၀၂၀ နှစ်အကုန်မှာ ဈေးပြန်ထောင်လာမယ့် အရိပ်အယောင်စတွေ့ရမယ်။ ၂၀၃၀ ကျရင် တကီလိုကို ၃ ဒေါ်လာကျော်မယ်။ ၂၀၃၃-၃၄ မှာ အမြင့်ဆုံးဆိုတဲ့ တံတိုင်း တစ်ကီလို ၅ ဒေါ်လာ ကိုတောင်ကျော်သွားလိမ့်မယ်တဲ့။ ရော်ဘာတွေပိုလျှံနေရာမှ ပြောင်းပြန်အခြေအနေဖြစ်တဲ့ ရော်ဘာလိုအပ်တဲ့အခြေအနေရောက်ဖို့က ၂၀၂၈ ခုခန့်မှာ ရောက်မယ်လို့မှန်းတယ်။ ၂၀၂၈ ခန့်မှာမှ ရောက်ဘာစိုက်ဧရိယာဟာ အသုံးထက်ကို အထွက်နည်းစေမယ့်အနေအထားကိုရောက်မယ်။ ဒီအချက်ကမှ ဈေးတက်ဖို့ အထောက်အကူဖြစ်စေမှာဖြစ်တယ်။ 

ရေရှည်မှာ သဘာဝရော်ဘာမှန်မှန်ရရှိနေဘို့ကလည်း အရေးပါတယ်။ သက်တမ်းကုန်သွားတဲ့ အပင်တွေကို ခုတ်လှဲခြင်း၊ အစားပြန်စိုက်ခြင်းနဲ့ စိုက်ခင်းအသစ်စိုက်ပျိုးမှုတို့ ဟန်ချက်ညီနေမှ ရေရှည်ရရှိနိုင်ဘို့ သေချာမယ်။ ဒီလိုမဟုတ်ပဲ သဘာဝရော်ဘာက အထွက်နည်းနေရင် သဘာဝရော်ဘာကိုအစားထိုးဘို့ သူတို့ အခြားအပင်တစ်မျိုးကိုရှာကြမယ်။ ဒါမှမဟုတ် ရေနံကထုတ်လို့ရတဲ့ ရော်ဘာတုကို အားကိုးသွားမယ်။ ဒါဆိုသဘာဝရော်ဘာရဲ့ အလားအလာက မကောင်းတော့ဘူး ဖြစ်သွားမယ်လို့ Hidde ကပြောသွားတယ်။

ဒီလိုမဖြစ်ဖို့ ရော်ဘာပင်တွေကို တအားခုတ်ပစ်လိုက်လို့မရဘူး။ အကြံပေးတာက ရော်ဘာခြစ်တဲ့ အကြိမ်ရေကိုလျှော့ချလိုက်ဖို့ပဲ။ ဥပမာ နေ့စဉ်ခြစ်နေတာကို တရက်ခြားခြစ်တဲ့ ပုံစံမျိုးနဲ့လျှော့ချဖို့ပဲ။ ဒီလိုအကြိမ်ရေကို လျှော့ခြစ်တဲ့အတွက် အပင်ရဲ့ သက်တမ်းကို ဆွဲဆန့်နိုင်မယ်။ ရော်ဘာစေးအထွက်လဲ ပုံမှန်ရေရှည်ထွက်မယ်။ အပင်ခုတ်လှဲမှုကိုလည်း လျှော့ချနိုင်မယ်။ ရော်ဘာစေးအထွက်ကိုလည်း ၉၀% အောက်အထိလျှော့ချနိုင်မယ်။ ဆိုတော့ ရော်ဘာဈေးပြန်တက်ဘို့ကိုလည်း အထောက်အပံ့ဖြစ်စေသလို ရော်ဘာအထွက် တအားလျော့ကျသွားမှာကိုလည်း ကာကွယ်လိမ့်မယ်။

အခုလက်ရှိရော်ဘာဈေးကို ဆွဲချနေတဲ့ ပြင်ပ အချင်းအရာ အကြောင်းအချက်တွေက ကမ္ဘာ့ရော်ဘာထုတ်လုပ်မှုတိုးခြင်း၊ ရေနံစိမ်းဈေးနှုန်းမြင့်တက်ခြင်း၊ တရုတ်က ရော်ဘာလိုအပ်ချက်လျော့ကျခြင်း၊ အမေရိကန်စီးပွားရေး ပြန်ထောင်ဘို့အားမရှိခြင်းနဲ့ အခြားအချက်တွေပါပဲ။ 

လတ်တလော သဘာဝရော်ဘာဈေးအနေနဲ့က တနင်္လာနေ့မှာ တိုကျိုရဲ့စံရော်ဘာဟာ ရှန်ဟိုင်းရော်ဘာဈေးနဲ့အပြိုင် ကျသွားပါတယ်။ ၂၆ လနီးပါးအတွင်း အနိမ့်ဆုံးကို ရောက်သွားတာပါပဲ။ မရေရာလှတဲ့ တရုတ်-အမေရိကန်ကုန်သွယ်ရေးစစ်ပွဲအတွင်းမှာ ကုန်သည်တွေက ရော်ဘာလို စွန့်ရမယ့် ရင်းနှီးမြှုပ်နှံမှုတွေကိုလုပ်ဘို့ သိပ်အာသီသမရှိကြတော့ဘူးဆိုတော့လေ။ 

တရုတ်က တင်သွင်းမှုအကောက်ခွန်ကိုလျှော့ချပြီး ဈေးကွက်ကို ကျယ်ပြန့်အောင်လုပ်မယ်လို့ တရုတ်သမ္မတ ရှိကျင့်ပင်က ကတိပေးထားတယ်။ ဒီလိုနဲ့ လာမယ့်နှစ်တွေမှာ တိုင်းပြည်ရဲ့ ကုန်ပစ္စည်းတင်သွင်းမှုတွေမြင့်တက်လာမယ်လို့ သူမျှော်လင့်ထားတယ်။ 

အရှေ့တောင်အာရှရဲ့ ရော်ဘာဈေးကို ထင်ဟပ်တဲ့ တိုကျိုရဲ့ TOCOM ရော်ဘာဈေးဟာ ၃ လတာကာလအတွင်းအနိမ့်ဆုံးကိုရောက်သွားတဲ့ ရှန်ဟိုင်းရော်ဘာဈေးရဲ့ ဖိအားကို ခံနေရတယ်။ 

တရုတ်နဲ့ အမေရိကန်ကြားကုန်သွယ်ရေး သဘောတူညီချက်ဟာ မကြာသေးမီကာလမှာ ရရှိဦးမှာ မဟုတ်ဘူးဆိုတဲ့ အပေါ်စိုးရိမ်မှုရှိနေတော့ သောကြာနေ့မှာ ဝေါစထရိပိတ်ပြီးတဲ့နောက် အမေရိကန်စတော့ဈေးတွေ  ဝ.၃% ကျသွားတယ်။ 

" ယူအက်စ်-တရုတ်ကုန်သွယ်ရေးတင်းမာမှုက အကောင်းဘက်မရောက်မီမှာ ပိုဆိုးလာဘို့ရှိမယ်လို့ ကျနော်တို့ထင်တယ်" Citi အုပ်စုမှ လေ့လာဆန်းစစ်သူတွေက ပြောကြတယ်။

တိုကျိုရဲ့ TOCOM မှာ ဧပြီလကန်ထရိုက်ရော်ဘာဈေးဟာ ၁.၇ ယန်းကျပြီး ၁၆၀.၇ ယန်း($၁.၄၂)/ကီလိုဂရမ်ဈေးနဲ့ ပိတ်သွားတယ်။ စောစောပိုင်းမှာဆိုရင် ၂၀၁၆ စက်တင်ဘာမှစတွက်ရင် အနိမ့်ဆုံးဖြစ်တဲ့ ၁၅၉ ယန်းဈေးအထိကျသွားသေးတယ်။ 

TOCOM ရဲ့ Technically Specified Rubber TSR 20 ရဲ့ မေလကန်ထရိုက်ဈေးဟာ တစ်ပတ်အတွင်းအနိမ့်ဆုံးဈေးကိုရောက်ပြီးမှ ဝ.၆% ကျပြီး ၁၄၆.၁ ယန်း/ကီလိုဂရမ်ဈေးနဲ့ ပိတ်သွားတယ်။

ရှန်ဟိုင်းရဲ့ ShFE မှာ အနုတ်အသိမ်းအများဆုံး ဇန်နာဝါရီကန်ထရိုက်ဈေးဟာ ယွမ် ၂၀၀ သို့မဟုတ် ၁.၈% ကျကာ ၁၁၁၂၅ ယွမ်($၁၆၀၈)/တန်ဈေးနဲ့ ပိတ်ပါတယ်။

အချုပ်ပြောရရင် ရော်ဘာဈေးဟာ ပြီးခဲ့တဲ့လက တစ်ကီလို ယန်း ၁၇၀ တန်းကနေ ခုလမှာဆို ယန်း ၁၆၀ ဝန်းကျင်ကိုရောက်သွားတယ်ဆိုတော့ (အချို့ရက်တွေမှာ ၁၆၀ အောက်ကိုတောင်ဆင်းနေပြီဆိုတော့လေ။)  အကျလမ်းကြောင်းအနေနဲ့ ပဲဆက်ရှိနေသေးတယ်လို့ဆိုရပါမယ်။ 

ညီသွေး


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်