အရှိန်ရလာသည့် ဝိုင်စပျစ်စိုက်ပျိုးထုတ်လုပ်မှု

07/06/2018 15:38 PM တွင် Myanmar Now Myanmar Now မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ကပ်ကြေးကိုင် ခြံလုပ်သားတို့က စပျစ်ကို အခိုင်လိုက် ညှပ်ကာ ခြင်းထဲထည့်နေကြသည်။ ကား၊ မော်တော်ဆိုင်ကယ်များကလည်း စပျစ်သေတ္တာအပြည့်တင်ဆောင်ကာ စိုက်ခင်းဘေးမှ မောင်းထွက်သွားကြ သည်။

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်ရှိ ဤခြံများမှ စပျစ်နှစ်မျိုးထွက်ရှိရာ အသီးစားစပျစ်သည် ပွဲရုံလက် ကားဒိုင်တို့မှတစ်ဆင့် အနယ်နယ်အရပ်ရပ်ရှိ သစ်သီးဝလံရောင်းသည့်ဆိုင်များသို့ သွားမည်ဖြစ်သည်။ ကျန်စပျစ် တို့က ဝိုင်အရက်ချက်လုပ်သည့် စက်ရုံများသို့ သွားမည်ဖြစ်သည်။

အလယ်ကုန်းကျေးရွာမှ တောင်သူ ဦးစန်းအောင်က  ဝိုင်စပျစ် စိုက်ပျိုးခြင်းသည်   ကုမ္ပဏီကားက စိုက်ခင်းအထိ လာရောက်သယ်ယူသဖြင့် သယ်ယူပို့ဆောင်စားရိတ် နှင့် လုပ်အားခသက်သာခြင်း စသည့်အားသာချက်များ ရှိနေ သည်ဟုပြောသည်။

 “အဆင်ပြေသွားရင် ဝိုင်ပဲ ထပ်စိုက်သွားမယ်။ ပထမသီးနှံစိုက်လို့ အဆင်ပြေရင် နောက်သီးနှံစိုက်ဖို့ မခဲယဉ်း တော့ဘူးလေ။ အဲဒီလို အဆင်ပြေရင်တော့ တခြားသီးနှံ ဘယ်လုပ်တော့မတုန်း” ဟု ဦးစန်းအောင်က အားတက် သရော ပြောပြသည်။

ယမကာစက်ရုံတို့က ဝယ်လိုအားကောင်းလာသဖြင့် ဝိုင်စပျစ်ကို ယခင်ကထက် ပိုမိုစိုက်ပျိုးလာကြသည်ဟု ရမည်း သင်း စပျစ်တောင်သူတို့က  ပြောကြသည်။

စိုက်ခင်မှ ဝိုင်စက်ရုံသို့

ပင်မတိုင်တို့ကို အင်္ဂလိပ်အက္ခရာ Y ပုံစံ ထောင်ပြီး ထိုတိုင်များကြားတွင် စပျစ်ကို အတန်းလိုက် စိုက်ထားကြ သည်။ ဤသို့ စိုက်ခြင်းဖြင့်  ဝိုင်ထုတ်လုပ်ရေးအတွက် သင့်တော်သည့် အရည်အသွေးရရှိရန် အထောက်အကူ ဖြစ် စေသည်။

မြန်မာနိုင်ငံအနှံ့ ယမကာမှီဝဲသူ အများအပြားမှာ ဘီယာ နှင့် အရက်ပြင်းများကို ရွေးချယ်ကြသည်။ သို့သော်လည်း ဝိုင်သောက်သုံးသူ အရေအတွက် တိုးပွားလာမည်ဟု ထုတ်လုပ်သူတချို့က မျှော်လင့်ထားသည်။

မြို့ကြီးတချို့ရှိ ကုန်တိုက်များတွင် ပြည်တွင်းဖြစ် ဝိုင်ပုလင်းမျိုးစုံ ခင်းကျင်းထားသည်ကို တွေ့နိုင်သည်။

နိုင်ငံတကာခရီးသွားတို့လည်း အဆက်မပြတ်ဝင်ရောက်နေရာ ၎င်းတို့ထဲတွင်လည်း ဒေသထွက်ဝိုင်အရက်ကို မြည်းစမ်းလိုသူ အများအပြား ပါဝင်သည်။

(ရမည်းသင်းမြို့နယ်တွင် စပျစ်ခြံမှ ထွက်ကုန်ကို ကားဂိတ်သို့ ပို့ဆောင်မည့်သူတစ်ဦးကို မေလဆန်းပိုင်းက တွေ့ရစဉ်။)

၂ဝဝဝ ပြည့်နှစ်ဝန်းကျင်တွင် Myanmar Vineyard ကုမ္ပဏီသည် ဝိုင်စပျစ်စိုက်ပျိုးထုတ်လုပ်မှုကို ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် စတင်ခဲ့ပြီး ၆ နှစ် အကြာတွင် ဈေးကွက်အတွင်းသို့ ၎င်းတို့၏ ဝိုင်ပုလင်းများ ရောက်ရှိသွား သည်။

၂ဝဝ၉ ခုနှစ်တွင် ထိုစက်ရုံမှဝိုင် ပြည်ပတင်ပို့နိုင်ခဲ့သည်ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြီးခဲ့သည့်နှစ် တွင် ထုတ်ဝေသည့် ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်း လေ့လာမှု အစီရင်ခံစာက ဆိုသည်။

ကုမ္ပဏီက အနောက်တိုင်းမှ စပျစ်မျိုးကွဲပေါင်း ၁၄ မျိုးခန့် စမ်းသပ်စိုက်ပျိုးပြီး မြန်မာနိုင်ငံနှင့်ကိုက်ညီမည့် အ မျိုးအစားတို့ကို တွင်တွင်ကျယ်ကျယ် စိုက်ပျိုးနေသည်။   

ဝိုင်ရောင်းအား ပိုမိုမြင့်မားလာသည့်အတွက် လိုအပ်သည့် ဝိုင်စပျစ် ပိုမိုထုတ်လုပ်နိုင်ရန် ရမည်းသင်း၊ မိတ္ထီလာ၊ မန္တလေး၊ ဟိုပုံးမြို့နယ်တို့မှ စပျစ်စိုက်တောင်သူများနှင့် လက်တွဲလုပ်ဆောင်လာသည်။ 

ရမည်းသင်းတွင် တောင်သူ ၁၇ ဦး နှင့် ချိတ်ဆက်ကာ ဧက ၂ဝ ခန့်    လုပ်ဆောင်နေပြီး အဆိုပါတောင်သူတို့နှင့် ထပ်ဆင့် ချိတ်ဆက်လုပ်ကိုင်နေသည့် ဆင့်ပွားတောင်သူများလည်း ရှိနေသည်။ ဒေသခံတို့၏အဆိုအရ  စပျစ်စိုက် တောင်သူ   ၃ဝ ကျော် ရှိလာပြီး ပူးပေါင်းလိုသည့် တောင်သူအရေအတွက်လည်း အများအပြားရှိနေသည်ဟု ကုမ္ပဏီ၏ Deputy Product Director ကိုမင်းဇော်သန့်က ပြောသည်။

“နောက်နှစ်အနည်းငယ်အထိတော့ အသစ်စိုက်ပျိုးချင်တဲ့ တောင်သူတွေကို ဆွဲခေါ်နိုင်တယ်။ နောက်ပိုင်းနှစ်တွေ ကျရင်တော့ လက်တွဲလုပ်လက်စ တောင်သူတွေနဲ့ပဲ ဆက်လက် လုပ်ဆောင်သွားမယ်”ဟု ကိုမင်းဇော်သန့်က ပြော သည်။

ရမည်းသင်းမှ တောင်သူတစ်ဦးဖြစ်သည့် ဦးညိုကြီး ကုမ္ပဏီနှင့် ပူးပေါင်းလုပ်ကိုင်နေသည်မှာ ၈နှစ်ကြာပြီ။   သူက ဝိုင်စပျစ် စိုက်လိုသည့် တောင်သူတချို့ကိုလည်း ကုမ္ပဏီနှင့် ဆက်သွယ်ပေးသည်။ ၄ ဧကခွဲခန့် ရှိသော သူ၏ စပျစ် ခင်းမှ ထွက်ကုန်သုံးပုံတစ်ပုံသည် အရက်ချက်စက်ရုံသို့ သွားလျက်ရှိသည်။ သူကလည်း  ဝိုင်စပျစ် ပိုစိုက်ရန် ကြိုး စားနေသည်။

ဈေးနှုန်းနှင့် ဈေးကွက် တည်ငြိမ်သည့် ဝိုင်စပျစ်ကို နှစ်သက်လာကြသည်ဟု ၎င်းက ပြောသည်။

“ဝိုင်စိုက်ချင်လို့ မေးလာတဲ့သူ၊ ဝိုင်စိုက်မယ်ဆိုတဲ့သူတွေက အရေအတွက် များလာတယ်” ဟု ဦးညိုကြီးက ပြော သည်။

ရမည်းသင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၏ မှတ်တမ်းအရ ပြီးခဲ့သည့်နှစ်က မြို့နယ်အတွင်း စပျစ်စိုက်ခင်း ၃,ဝ၈၃ ဧက ရှိသည်ဟု သိရသည်။  စပျစ်တောင်သူတချို့ကမူ ကိန်းဂဏန်းအမှန်မှာ ထိုအရေအတွက်ထက် နှစ်ဆ ကျော်ရှိမည်ဟု ခန့်မှန်းနေသည်။

စပျစ် တစ်ပိဿာ ဈေးနှုန်းမှာ ၂,ဝဝဝ မှ ၃,ဝဝဝ ကြား ရှိတတ်သည်။  သီးစားစပျစ် တစ်ပိသာ ၈ဝဝ ဝန်းကျင်အ ထိ ဈေးကျတတ်သော်လည်း  ဝိုင်စပျစ်မှာမူ ဈေးအတက်အကျ မကြမ်းဟု သိရသည်။

ပဲတောင်သူ ဦးတင်ဦးသည် စပျစ်ကို ပူးတွဲစိုက်လာသည်မှာ အနှစ် ၃ဝ ကြာပြီဖြစ်သည်။  စပျစ်နှစ်မျိုးလုံးကို သူ့ခြံ တွင်တွေ့နိုင်သည်။    စိုက်စရိတ်၊ လုပ်အားခတို့ သက်သာစေသည့်  ဝိုင်စပျစ်ကို   ပိုမိုစိုက်ပျိုးရန် အားသန်သည်ဟု ပြောသည်။

ဈေးကွက်

ဝိုင်စပျစ် စိုက်ပျိုးခြင်းက တောင်သူတို့အတွက် ကြီးမားသည့် အခက်အခဲ မရှိသော်လည်း ကုမ္ပဏီ၏ ဝယ်လိုအား က အကန့်အသတ် ရှိနေသည်။ 

ထွက်ကုန်ရောင်းချရန်အတွက် ကုမ္ပဏီတစ်ခုတည်းအပေါ် မှီခိုနေရခြင်းက တောင်သူဘက်က အားနည်းချက်ဖြစ် လာသည်။

ဖောက်သည်ကုမ္ပဏီ ဝယ်ယူမှုလျှော့ချမည်ကိုလည်း တောင်သူတချို့က စိုးရိမ်နေသည်။

စားစပျစ်ကို တစ်နှစ်လျှင် နှစ်သီး စိုက်ပျိုးကြသော်လည်း ဝိုင်စပျစ်ကို တစ်သီးသာ စိုက်နိုင်သည်။ ဤအချက် ကြောင့် ဝိုင်စပျစ်စတင် ကိုင်တွယ်သည့် တောင်သူများ စိုက်စရိတ် အခက်အခဲရှိသည်။

အားနည်းချက်တချို့ ရှိနေသည့်အချိန်တွင် သတင်းကောင်းတို့လည်း ရှိလာသည်။ ပြင်ဦးလွင်နှင့် အခြားသော ဒေသတို့မှ ဝိုင်လုပ်ငန်းရှင်ငယ်များလည်း လာရောက် ဝယ်ယူနေသည်။ နေပြည်တော်တွင် စမ်းသပ်လည်ပတ်နေ သည်ဆိုသော ဝိုင်စက်ရုံတစ်ခုက  တောင်သူတို့နှင့် ပူးပေါင်းလုပ်ကိုင်ရန် ကမ်းလှမ်းထားသည်၊ ဝိုင်စက်ရုံသစ်တ ချို့ ပေါ်ပေါက်လာတော့မည်ဟူသော သတင်းတို့ကလည်း ဒေသခံတောင်သူများထံ ရောက်နေသည်။

စားစပျစ်သည် အလုံးလှ၊ အလုံးကြီးမှ  ဈေးကွက်မျက်နှာပန်းလှမည် ဖြစ်သောကြောင့် တောင်သူက ပုံမှန်ပြုပြင် ထိန်းသိမ်းနေရသည်။

စက်ရုံရောက်လျှင် ကြိတ်ခြေမည့် ဝိုင်စပျစ်ကိုမူ ထိုသို့ ထိန်းသိမ်းရန် မလိုအပ်ခြင်းမှာလည်း ကုန်ကျစရိတ် ပိုမို နည်းပါးရသည့် အကြောင်းရင်းတစ်ခုဖြစ်သည်။

ဝိုင်စက်ရုံတချို့က လိုအပ်သည့် စပျစ်အရည်အသွေး ရရှိရန် တောင်သူတို့ထံ ပျိုးပင်  အခမဲ့ဖြန့်ဝေနေသည်။

ကုမ္ပဏီသည်  ဝိုင်စပျစ် စတင်စိုက်ပျိုးလိုသူကို ထွက်ရှိမည့် သီးနှံတန်ဖိုး၏ ၃ဝ ရာခိုင်နှုန်း အတိုးမဲ့ ထုတ်ချေးပေး နေသည်ဟု သိရသည်။

(ရမည်းသင်းမြို့နယ်တွင် လုပ်ငန်းခွင်ဝင်နေသော စပျစ်တောင်သူတစ်ဦးကို မေလဆန်းပိုင်းက တွေ့ရစဉ်။)

 စပျစ်ကို မြို့အများအပြားတွင် စိုက်ပျိုးကြသော်လည်း  ပြည်တွင်းဈေးကွက်ကို လုံလောက်စွာ ဖြည့်ဆည်းပေးနိုင်စွမ်း မရှိသေးပေ။ ပြည်တွင်း လိုအပ်ချက်အတွက် ပြည်ပမှ ဝယ်ယူ တင်သွင်းနေကြသည်။

ဝိုင်ရောင်းအား မြင့်မားလာသည့်အတွက် လက်တွဲလုပ်ဆောင်နေသည့် တောင်သူအရေအတွက်ကို တိုးချဲ့နေသည် ဟု Myanmar Vineyard မှ ကိုမင်းဇော်သန့်က ပြောသည်။

ဝိုင်နီ၊ ဝိုင်ဖြူ၊ ရှန်ပိန် အမျိုးအစား စပါကလင်ဝိုင်တို့ကို  ပုလင်းပေါင်း ၃၅ဝ,ဝဝဝ ခန့်အထိ ကုမ္ပဏီက နှစ်စဉ် ထုတ်လုပ်နေသည်။ လာမည့်နှစ်တွင် ၄ဝဝ,ဝဝဝ ခန့်အထိ ထုတ်နိုင်ရန်လျာထားပြီး အရေအတွက်သည် နှစ်အ နည်းငယ်အတွင်း ၆ဝဝ,ဝဝဝ ခန့်အထိ ရောက်သွားမည်ဟု ကုမ္ပဏီက ခန့်မှန်းသည်။

မြန်မာနိုင်ငံ၏ ဝိုင်သောက်သုံးမှုမှာ နိုင်ငံလူဦးရေနှင့်အချိုးချလျှင် ဒဿမ ဝဝဝ၅ ရာခိုင်နှုန်းသာ ရှိသေးကြောင်း ကုမ္ပဏီ၏ စစ်တမ်းအရ သိရသည်။

သို့သော်လည်း ပြီးခဲ့သည့် ငါးနှစ်တာကာလအတွင်း  ဝိုင်ရောင်းချရမှုကလည်း နှစ်စဉ် ၁ဝ ရာခိုင်နှုန်းခန့် ပုံမှန် တိုး တက်လာသည်ဟု ဆိုသည်။

“ဝိုင်ဆိုတာကလည်း သောက်နေကြမှာပဲလေ၊ ဝိုင်ဆိုတဲ့ယဉ်ကျေးမှုကလည်း ဘယ်တော့မှ လျော့ပါးသွားမယ်လို့ မထင်ဘူး၊ တိုးလာမှာပဲ” ဟု ကိုမင်းဇော်သန့်က မှတ်ချက်ချသည်။

ရေမြင့်လျှင် ကြာတင့်သည်ဟူသော မြန်မာစကားပုံအတိုင်း  ပြည်တွင်းဖြစ်ဝိုင် သောက်သုံးမှု ပိုမိုများပြားလာပါက တောင်သူတို့ စပျစ်စိုက်ပျိုးမှု၊  လုပ်ငန်းရှင်တို့၏ ဝိုင်ထုတ်လုပ်မှု အရှိန်အဟုန်တို့သည်လည်း လိုက်ပါ မြင့်မားလာ မည်ဟု ဝိုင်ထုတ်လုပ်ရေးကုမ္ပဏီက မျှော်လင့်နေသည်။     ။

Source- အောင်ငြိမ်းချမ်း (Myanmar Now)  

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်