အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ (၂၆) အခန်း (၁၄) စိုက်ပျိုးရေးဆိုင်ရာ ဇီဝနည်းပညာ

11/06/2022 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Chapter (14) Agricultural Biotechnology 

ဇီဝနည်းပညာ (Biotechnology) ဟူသည်မှာ အပင်၊ လူ၊ တိရစ္ဆာန်၊ အဏုဇီဝပိုးများ၊ သက်ရှိတစ်သျှူးနှင့် ဆဲလ်များ၏ ဖြစ်စဉ်နှင့် စွမ်းရည်ကို နည်းပညာအရ ကောင်းမွန်စွာ အသုံးချရန် အလို့ငှာ ဇီဝဗေဒ၊ ဓာတုဇီဝဗေဒ၊ အဏုဇီဝဗေဒ၊ ဆေးပညာနှင့် အင်ဂျင်နီယာသိပ္ပံပညာတို့အား ပေါင်းစည်းထားသော ပညာရပ်တစ်ခု ဖြစ်သည်။

ဇီဝနည်းပညာ (Biotechnology) ၏ အောက်တွင် ဘာသာရပ်ခွဲများစွာရှိပါသည်။

(၁) ဆေးဘက်ဆိုင်ရာ ဇီဝနည်းပညာ (Medical Biotechnology) ထိုမှတဆင့်  ဇီဝဆေးဘက်ဆိုင်ရာ အင်ဂျင်နီယာပညာ (Biomedical Engineering)၊ ဆေးဘက်ဆိုင်ရာအင်ဂျင်နီယာပညာ (Medical Engineering))၊ ဆေးဘက်ဆိုင်ရာဇီဝသိပ္ပံဗေဒ (Medical Bio-Science) စသည်တို့များစွာရှိပါသေးသည်။

(၂) စိုက်ပျိုးမွေးမြူရေးနှင့်သစ်တောဆိုင်ရာ ဇီဝနည်းပညာ (Agricultural and Forest Biotechnology)  ထပ်မံ၍ အပင်ဇီဝနည်းပညာ (Plant Biotechnology) နှင့် တိရစ္ဆာန်ဇီဝနည်းပညာ (Animal Biotechnology) ဟူ၍ ခွဲခြားနိုင်ပါသေးသည်။ 

(၃) စက်မှုလုပ်ငန်းဆိုင်ရာ ဇီဝနည်းပညာ (Industrial Biotechnology)

(၄) ပတ်ဝန်းကျင်ဆိုင်ရာ ဇီဝနည်းပညာ (Environmental Biotechnology) 

(၅) အစားအသောက်ဆိုင်ရာ ဇီဝနည်းပညာ (Food Biotechnology) 

(၆) ဇီဝသတင်းအချက်အလက်နည်းပညာ (Bioinformatics)  စသည်တို့ဖြစ်ပါသည်။

ယခုအခါတွင် ဇီဝနည်းပညာ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်ကို “သက်ရှိများကို ကိုင်တွယ်အသုံးပြုပြီး လူသားထုအတွက် အသုံးဝင်သော အကျိုးရှိသော ပစ္စည်းများကို ဖန်တီးထုတ်လုပ်ခြင်း” ဟု နားလည် လက်ခံထားကြပြီ ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ “ဇီဝနည်းပညာ” ဟူသော ဝေါဟာရသည် သက်ရှိလောကနှင့်ဆက်စပ်နေသမျှ အကြုံးဝင်နေပြီး ဘာသာရပ်နယ်ပယ်မှာ အလွန်ကျယ်ဝန်းလှပါသည်။ သက်ရှိ (Microorganism) များကို အသုံးပြု၍ ဆေးဝါးထုတ်လုပ်ခြင်း (Pharmacology) မှစ၍ သီးနှံမျိုးရိုးဗီဇပြုပြင်ဖန်တီးခြင်း (Genetic Engineering) အဆုံး အကြုံးဝင်နေမည်ဖြစ်ပါသည်။  

ခြုံငုံသုံးသပ်ရပါလျှင် ဇီဝနည်းပညာ ဖန်တီးတီထွင်ရာတွင် လူသားထုအတွက် ဦးတည်ကာ အရေးကြီးသော ကျန်းမာရေးအတွက် ဆေးဝါးထုတ်လုပ်ခြင်းသည် ရှေ့ဆုံးတွင် တည်ရှိနေပြီး ထို့နောက်မှ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍများ အစဉ်အတိုင်း တိုးတက်ဖွံဖြိုးလာခြင်း ဖြစ်ပါသည်။ 

မန္တလေးနည်းပညာတက္ကသိုလ် ဇီဝနည်းပညာဌာနတွင် ဘက်တီးရီးယားဗေဒဆိုင်ရာဓာတ်ခွဲခန်း (Bacteriology Laboratory)၊ မှိုပညာဘာသာရပ်ဆိုင်ရာဓာတ်ခွဲခန်း (Mycology Laboratory )၊ ရေညှိဆိုင်ရာ ဓာတ်ခွဲခန်း (Algae Laboratory)၊ တိရစ္ဆာန်စစ်ဆေးခြင်း ဆိုင်ရာဓာတ်ခွဲခန်း (Animal Testing laboratory)၊ မြေနှင့်ရေ စစ်ဆေးရေးဆိုင်ရာဓာတ်ခွဲခန်း (Soil and Water Analysis Laboratory)၊ အစားအသောက်ဓာတ်ခွဲခန်း (Food Laboratory )၊ မော်လီကျူးဓာတ်ခွဲခန်း (Molecular Laboratory)၊ အပင်တစ်ရှူးဓာတ်ခွဲခန်း (Plant Tissue Culture Laboratory) နှင့် တိုင်းတာမှုဆိုင်ရာ ဓာတ်ခွဲခန်း (Instrumentation Laboratory) တို့ရှိပါသည်။  ကိုဗစ်ကပ်အလွန်တွင် နည်းပညာဘာသာရပ်အသစ် ဇီဝအင်ဂျင်နီယာ B.E. (Bioengineering) ဘာသာရပ်အားလည်း စတင် ပို့ချရန်ပြင်ဆင်လျှက်ရှိနေပါသည်။ ထိုနယ်ပယ်များထဲမှ ဇီဝနည်းစနစ်ဆိုင်ရာ အင်ဂျင်နီယာနယ်ပယ် (Bioprocess Engineering Sector)၊ ဇီဝဆေးသိပ္ပံဆိုင်ရာ အင်ဂျင်နီယာနယ်ပယ် (Biomedical Engineering)၊ တို့ ထပ်မံခွဲထုတ်နိုင်ပါသည်။  

ဇီဝနည်းပညာဌာနတွင် အထူးပြုဘာသာရပ်များ၊ မဟာဘွဲ့နှင့် ပါရဂူဘွဲ့သင်တန်းများ(၉) ခု ဖွင့်လှစ်သင်ကြားလျက် ရှိပါသည်။

(က) စိုက်ပျိုးရေးဆိုင်ရာဇီဝနည်းပညာ  (Agricultural Biotechnology)

(ခ) တိရစ္ဆာန်ဆိုင်ရာဇီဝနည်းပညာ (Animal Biotechnology)

(ဂ) ရေတွင်စိုက်ပျိုးမွေးမြူထုတ်လုပ်မှုဆိုင်ရာဇီဝနည်းပညာ (Aquaculture Biotechnology)

(ဃ) ဇီဝသတင်းအချက်အလက်နည်းပညာ (Bioinformatics)

(င) ပတ်ဝန်းကျင်ဆိုင်ရာဇီဝနည်းပညာ (Environmental Biotechnology)

(စ) အစာအာဟာရဆိုင်ရာဇီဝနည်းပညာ (Food Biotechnology)

(ဆ) စက်မှုထုတ်ကုန်ဆိုင်ရာဇီဝနည်းပညာ (Industrial Biotechnology)

(ဇ) ဆေးဘက်ဆိုင်ရာဇီဝနည်းပညာ (Medical Biotechnology)

(ဈ) မော်လီကျူးအဆင့် (မျိုးရိုးဗီဇ) ဆိုင်ရာဇီဝနည်းပညာ (Molecular Biotechnology) တို့ဖြစ်ပါသည်။

နည်းပညာတက္ကသိုလ် (ကျောက်ဆည်) တွင်လည်း ဇီဝနည်းပညာဌာနအဖြစ် ဖွဲ့စည်းခဲ့ပြီး ဒေသဖွံ့ဖြိုးရေးနှင့် ဇီဝနည်းပညာဆိုင်ရာဘာသာရပ်များ ပြန့်ပွားတိုးတက်စေရန်ရည်ရွယ်၍ ဒေသတွင်းမှ သိပ္ပံဘွဲ့ (ဓာတု၊ ရုက္ခ၊ သတ္တ) ဘွဲ့ ရရှိပြီးသူများနှင့် အခြားတက္ကသိုလ်များမှ မဟာဘွဲ့ရရှိပြီးသူများအား ဝန်ထမ်း သင်တန်းသားများအဖြစ် ခန့်အပ်ပြီး ၂၀၀၂ ခုနှစ် ဇွန်လမှ  စတင်၍ ဒီပလိုမာ (Diploma in Biotechnology Course) နှင့် ၂၀၀၂ ခုနှစ် ဒီဇင်ဘာလတွင်  မဟာသိပ္ပံ (Master in Biotechnology Course) များကို ပထမအသုတ်‌အနေဖြင့် ခေါ်ယူကာ စတင်ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။ ထို့နောက် ဒုတိယအသုတ်၊ တတိယအသုတ်များကိုလည်း ဆက်လက် ဖွင့်လှစ်သင်ကြားပေးခဲ့ပါသည်။ 

စတင်ဖွင့်လှစ်ချိန်တွင် အဓိကဘာသာရပ်အနေဖြင့် အပင်တစ်ရှူးမွေးမြူခြင်းနှင့် ဆက်စပ်သော ဘာသာရပ်များကို သင်ကြားပေးခဲ့ပြီး အပင်တစ်ရှူးမွေးမြူခြင်းဓာတ်ခွဲခန်းတွင် လက်တွေ့ဆိုင်ရာသင်ခန်းစာများ၊ သုတေသနများကို ပြုလုပ်လေ့လာစေခဲ့ပါသည်။ ထို့နောက်  အဏုဇီဝဓာတ်ခွဲခန်း (Microbiology Laboratory) ကို ဖွဲ့စည်းတည်ထောင်ခဲ့ပြီး အဏုဇီဝဆိုင်ရာသုတေသနများ၊ ဇီဝမြေသြဇာ (Biofertilizer) ဆိုင်ရာသုတေသနများကို စမ်းသပ်လုပ်ဆောင်ခဲ့ကြပါသည်။ ထိုသုတေသနများကို အခြေခံ၍ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် စိုက်ပျိုးသီးနှံများအောင်မြင်ဖြစ်ထွန်းစေရန်အတွက် ကျေးလက်စွန့်ပစ်ပစ္စည်းများဖြစ်သည့် နွားချေး၊ ကောက်ရိုးနှင့် ဗေဒါတို့ကို အသုံးပြု၍ အကျိုးပြု အဏုဇီဝပိုးများပေါင်းထည့်ထားသော ဇီဝမြေသြဇာများကို တောင်သူလယ်သမားထံ ထုတ်လုပ်ဖြန့်ဖြူးနိုင်ခဲ့ပါသည်။ 

ဇီဝနည်းပညာဌာနရှိသုတေသနများအနေဖြင့် အစားအစာဆိုင်ရာသုတေသနများ၊ အကျိုးပြုအဏုဇီဝပိုးမွှားကို ရှာဖွေအသုံးပြု၍ သီးနှံပင်များ ကြီးထွားအောင်မြင်ဖြစ်ထွန်းမှုကို စမ်းသပ်သည့် သုတေသန၊ ရေနံထွက်ပစ္စည်းများအား ချေဖျက်နိုင်သည့် အဏုဇီဝပိုးမွှားများအား ရှာဖွေစမ်းသပ်သည့် ပတ်ဝန်းကျင် ထိန်းသိမ်းပြုပြင်ခြင်းဆိုင်ရာသုတေသန၊ အင်းဆက်ဆိုင်ရာသုတေသနများ စသည့်သုတေသနများကို အဖွဲ့များခွဲ၍ လုပ်ဆောင်လျက်ရှိပါသည်။

လူတို့ကျန်းမာရေးအတွက် ဆေးဝါးများသည် အရေးပါသကဲ့သို့ အာဟာရပြည့်စုံ လုံလောက် ခြင်းနှင့် လုံခြုံစိတ်ချရခြင်း (Food Security and Safety) တို့အတွက် စားနပ်ရိက္ခာ ထုပ်လုပ်လျက်ရှိသော စိုက်ပျိုးရေးနှင့်မွေးမြူရေးဇီဝနည်းပညာသည်လည်း ချန်လှပ်မထားသင့်သောဘာသာရပ် ဧရိယာများဖြစ်ပါသည်။ 

ကျွန်တော်တို့မြန်မာနိုင်ငံတွင်လည်း ကမ္ဘာ့နိုင်ငံများနည်းတူ “ဇီဝနည်းပညာ” ဖွံ့ဖြိုးတိုးတက်မှုတွင် ကျန်းမာရေးသည် ရှေ့တန်းတိုက်စစ်မှူးများသဖွယ် နေရာယူကာ အလယ်တန်း၊ နောက်တန်းနှင့် ဂိုးစောင့်များကဲ့သို့သော စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ကုန်ထုတ်လုပ်ငန်းများတွင်လည်း ဇီဝနည်းပညာ တိုးတက်ရမည် ဟူသော ယုံကြည်ချက်ဖြင့် အကြီးအကဲများ၏ လမ်းညွှန်ဆုံးဖြတ်ချက်ဖြင့် ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်တွင် “စိုက်ပျိုးရေးဇီဝနည်းပညာ” ဘာသာရပ်အထူးပြု ကျောင်းသားများကို ၂၀၁၂-၂၀၁၃ ပညာသင်နှစ်မှ စတင်၍ ဥယျာဉ်ခြံသီးနှံပညာဌာနအောက်တွင် ကျောင်းသား/သူ (၃၁) ဦးဖြင့် စတင်သင်ကြားခဲ့ပါသည်။   

ဆက်လက်၍ ၂၀၁၇ ခုနှစ်တွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၌ “စိုက်ပျိုးရေး ဇီဝနည်းပညာဌာန” (Department of Agricultural Biotechnology) ကို ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ ထို့နောက် သင်ရိုးညွှန်းတမ်းများကို ၂၀၁၈-၂၀၁၉ ပညာသင်နှစ်တွင် စိုက်ပျိုးရေးဇီဝနည်းပညာဌာနသည် စိုက်ပျိုးရေးဇီဝနည်းပညာသမိုင်းနှင့် ဖွံ့ဖြိုးတိုးတက်မှု  (History and Development of Agricultural Biotechnology) ဘာသာရပ်ကို ကျောင်းသား/သူ (၃၂၁) ဦးဖြင့် စတင်သင်ကြားခဲ့ပါသည်။ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် အခြေခံ စိုက်ပျိုးရေးဇီဝနည်းပညာ (Fundamental of Agricultural Biotechnology ဘာသာရပ်အား အထူးပြုကျောင်းသား (၇) ဦးနှင့် အခြားအထူးပြုဘာသာရပ်မှ ကျောင်းသား/သူ (၁၆၃) ဦးအား သင်ကြားပေးခဲ့ပါသည်။ စိုက်ပျိုးရေးဇီဝနည်းပညာပညာရပ်သည် စိုက်ပျိုးရေး သုတေသန ဦးစီးဌာန (Department of Agricultural Research) နေပြည်တော်၊ ရေဆင်း နှင့် စိုက်ပျိုးရေးဦးစီးဌာန (Department of Agriculture) ရန်ကုန်တိုင်း​ဒေသကြီး၊ ပုလဲမြို့သစ်တွင် ဓာတ်ခွဲခန်းများ (Laboratories) တည်ထောင်၍ နည်းပညာသုတေသနနှင့်  နည်းပညာပြန့်ပွားရေး လုပ်ငန်းများ ဆောင်ရွက်လျှက် ရှိနေပါသည်။ 

အပင်ဇီဝနည်းပညာဗဟိုဌာနကိုယခင်ကစိုက်ပျိုးပညာပေးဌာနခွဲ၊ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနလက်အောက်တွင် အပင်ဇီဝနည်းပညာဓာတ်ခွဲခန်း (Plant Biotechnology Laboratory) အနေဖြင့် မှော်ဘီမြို့နယ်ညောင်နှစ်ပင် ဟင်းသီးဟင်းရွက် အထူးဇုံ၌၂၀၀၁ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး၊ ဇီဝနည်းပညာ ဆိုင်ရာလုပ်ငန်း များတိုး မြှင့်အောင်ဆောင်ရွက်နိုင်ရန်အတွက် ၂၀၀၉ခုနှစ် ရန်ကုန်တိုင်းဒေသကြီး၊ ပုလဲမြို့သစ်(ရွှေနံ့သာ)၊ မင်္ဂလာဒုံမြို့နယ်တွင် အပင်ဇီဝနည်းပညာဗဟိုဌာန (Plant Biotechnology Center) အဖြစ်ရွေ့ပြောင်း တည်ထောင်ခဲ့၍ ဇီဝနည်းပညာ (Biotechnology) ဆိုင်ရာအသုံးချသု့တေသန များတိုးမြှင့် ဆောင်ရွက်ခြင်းဖြင့်လယ်ယာကဏ္ဍနှင့်နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုး တက်မှုကိုအထောက်အကူ ဖြစ်စေရန်၊ ဆောင်ရွက်နေပါသည်။ 

 

အောင်မြင်မှုရလဒ်များ

(က) မြန်မာ့ပေါ်ဆန်းစပါးမျိုးများ၏ မျိုးဗီဇများလေ့လာမှတ်တမ်းတင်နိုင်ခဲ့ခြင်း

မြန်မာနိုင်ငံ၏ မူရင်းမျိုးဖြစ်ပြီးစားသုံးမှုကောင်းမွန်ကာနှစ်လိုဖွယ်ရာမွှေးရနံ့ရှိသည့် အရည်အသွေးမြင့်ပေါ်ဆန်းစပါးမျိုး (၃၉) မျိုး၏ မျိုးဗီဇများကို DNA လက်ဗွေရာများနှင့်မှတ်တမ်းတင်ခြင်းကို ၂၀၁၀ ခုနှစ်တွင်ဆောင်ရွက်နိုင်ခဲ့သောကြောင့် မိမိနိုင်ငံ၏ မျိုးဗီဇအရင်းအမြစ်များထိန်းသိမ်းစောင့် ရှောက်ခြင်းအား အထောက်အကူပြုနိုင်ခဲ့ပါသည်။

(ခ) စိန်တစ်လုံးသရက်မျိုးများ၏ မျိုးဗီဇများလေ့လာမှတ်တမ်းတင်နိုင်ခဲ့ခြင်း

မြန်မာနိုင်ငံတွင်အရည်အသွေးပိုမိုကောင်းမွန်ပြီးနိုင်ငံခြားဈေးကွက်ဝင် သရက်မျိုးဖြစ်သော စိန်တစ်လုံးသရက်မျိုးကို မြန်မာနိုင်ငံ၏မူရင်းမျိုးအဖြစ် တိတိကျကျသတ်မှတ်ပိုင်းခြားနိုင်ရန်အတွက် သရက်အများဆုံးစိုက်ပျိုးရာဒေသများဖြစ်သောမန္တလေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)တို့မှ သရက်မျိုး (၁၁) မျိုးအားစုဆောင်း၍ မျိုးဗီဇများ လေ့လာမှတ်တမ်းတင်နိုင်ခဲ့ပါသည်။ လေ့လာတွေ့ရှိချက်အရ မြနဒီနှင့်ဆည်ပေါက်မှအပင်အများစုသည် နှစ်တစ်ရာစိန်တစ်လုံးနှင့်တူညီမှုမြင့်မားကြောင်း တွေ့ရှိခဲ့ရပါသည်။

(ဂ) မြန်မာသစ်ခွမျိုးများ၏ ဗီဇဆက်နွှယ်မှုအားလေ့လာခြင်း

မြန်မာ့သစ်ခွမျိုးများအားရေရှည်ထိမ်းသိမ်းအသုံးပြုနိုင်ရန်၊ မျိုးရိုင်းများမျိုးသုဉ်းပျောက်ကွယ်မှုမရှိစေရန်၊ မျိုးသစ်များထွက်ပေါ်လာစေရန်အတွက်ရည်ရွယ်၍ မြန်မာသစ်ခွမျိုး (၇၃) မျိုးအား မျိုးဗီဇ ကွဲပြားခြားနားမှုနှင့်ဆက်နွှယ်မှုတို့အားလေ့လာရန် DNA fingerprinting ပြုလုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါသည်။

(ဃ)  စပါးမျိုးသစ်များထုတ်လုပ်နိုင်ခဲ့ခြင်း

အပင်ဇီဝနည်းပညာဗဟိုဌာနသည် ခေတ်မီဇီဝနည်းပညာတစ်ခုဖြစ်သော (Marker-assisted selection) နည်းဖြင့် စပါးဘက်တီးရီးယားရွက်ခြောက်ရောဂါဒဏ်ခံနိုင်သောမနောသုခ-၂ စပါးမျိုးအားလည်းကောင်း၊ စပါးအဖိုဝတ်မှုန်မွေးမြူခြင်း (Rice Anther Culture) နည်းဖြင့် သက်တမ်းတို အထွက်ကောင်းရွှေဝတ်မှုန်စပါးမျိုးနှင့် နံ့သာခင်စပါးမျိုးများအားလည်းကောင်း၊ မြန်မာနိုင်ငံ၏ ရာသီစပါးဖြစ်သောပေါ်ဆန်းစပါးမျိုးအား ရာသီမရွေးစိုက်ပျိုးနိုင်သောသက်တမ်းစပါးမျိုးအဖြစ်ထုတ်လုပ်ခဲ့ပြီး နိုင်ငံတော်တွင်မျိုးသစ်အဖြစ်မှတ်ပုံတင်နိုင်ခဲ့ပါသည်။

(င) အပင်တစ်သျှူးမွေးမြူခြင်း (Tissue Culture)နည်းဖြင့် သီးနှံများထုတ်လုပ်ခြင်း

အပင်တစ်သျှူးမွေးမြူခြင်းသုတေသနလုပ်ငန်းမှ မိခင်ဗီဇနှင့်တူညီပြီးပိုးမွှားရောဂါ ကင်းရှင်းသော ငှက်ပျော၊ အာလူး၊ ယူကလစ်၊ သစ်ခွ၊ သဇင်ပန်း နှင့် လီလီပန်း သီးနှံပင်များကို အချိန်တို အတွင်းထုတ်လုပ်နိုင်ရန် သီးနှံအလိုက် အာဟာရအချိုးအစား(Media Formula) များရှာဖွေ ဖော်ထုတ်နိုင်ခဲ့ပါသည်။

(င-၁) လီလီပန်းအားပွင့်ချပ် (Petal) ကိုအသုံးပြု၍ထုတ်လုပ်နိုင်ခြင်း

လီလီပန်းသည် မြေအောက်ပင်စည်ဥ (Bulbs Plant) ဖြစ်သော်လည်း အပင်၏ အင်္ဂါ အစိတ်အပိုင်းအမျိုးမျိုးအသုံးပြုပြီး အပင်ပွားများမှုအခြေအနေအား သုတေသနဆောင်ရွက်ခဲ့ရာ ပွင့်ချပ် (Petal) နှင့် အစေ့အိမ် (Ovary) တို့မှ အပင်တစ်သျှူးမွေးမြူခြင်းနည်းဖြင့် ပျိုးပင်အမြောက်အမြား အောင်မြင်အောင်ထုတ်လုပ်နိုင်ခဲ့ပါသည်။

(င-၂) ဝဥပျိုးပင်ငယ်များထုတ်လုပ်ခြင်း

မြန်မာနိုင်ငံတွင်ဝဥမျိုးများသည်ရှားပါးလာသည့်အပြင် မျိုးသုဉ်းပျောက်ကွယ်လုနီးပါးဖြစ်လာသည့်အတွက် အဓိကဝဥစိုက်ပျိုးထုတ်လုပ်လျှက်ရှိသည့် နေရာဒေသများတွင်လိုအပ်သည့် အပင် အမြောက်အမျ ားမျိုးပွားထုတ်လုပ်ပေးနိုင်ရန်အတွက် အပင်တစ်သျှူးမွေးမြူခြင်းနည်းပညာကိုအသုံးပြု၍ အပင်ဇီဝနည်းပညာဗဟိုဌာန၌ သုတေသနပြုဆောင်ရွက်လျက်ရှိရာ ဝဥပင်၏အရွက်ကိုအသုံးပြု၍ တစ်သျှူးနည်းဖြင့် ပျိုးပင်ငယ်များကိုအောင်မြင်အောင်ထုတ်လုပ်နိုင်ခဲ့ပြီဖြစ်ပါသည်။ ၂၀၁၈ ခုနှစ်လောက်က ကျွန်တော်တို့ အဖွဲ ကျောက်ဆည်နည်းပညာသုတေသနဌာနသို့ ရောက်ရှိ လေ့လာခဲ့ပါသည်။ ဤဌာနတွင် စပါးမျိုးထွန်းရောင်ခြည်ပေး သုတေသန (Rice Radiation Research) နှင့် ခြင်ပေါဖွားမှုလေ့လာခြင်း (Mosquito Research) သုတေသနများကိုမြင်တွေ့ခဲ့ရပါသည်။ ထိုသုတေသနများကို စိုက်ပျိုးရေးပညာရှင်များ (Agriculturist)၊ ကျန်းမာရေးပညာရှင်များ (Medical Researchers)၊ ကိမိလဗေဒပညာရှင်များ (Entomologists) တို့ ပူးပေါင်းဆောင်ရွက်ရန်လိုပါမည်။

ကျွန်တော်တို့နိုင်ငံ၏အဓိကပြဿနာမှာ တစ်ဦးလုပ်နေသည်ကိုတစ်ဦးက မသိခြင်း (သို့) မသိချင်ယောင်ဆောင်နေခြင်း ဖြစ်ပါသည်။ ပညာရှင်အချို့မှာ တစ်ဦးအပေါ်တစ်ဦး အပြန်အလှန် (Mutual Respect) လေးစားရကောင်းမှန်းမသိပါ၊ တစ်ဦးကတစ်ဦးကို အသိအမှတ်ပြုမှု (Appreciation) လည်းနည်းပါသည်။ သို့ဖြစ်ပါ၍ ဇီဝနည်းပညာဘာသာရပ်တူပညာရှင်အချင်းချင်း ပူးပေါင်းဆောင်ရွက်ရင်း၊ အလုပ်ရုံဆွေးနွေးပွဲများ (Workshops)၊ သုတေသနညီလာခံများ (Research Conference) အတူတကွပူးပေါင်းဆောင်ရွက်ရင်း တနည်းအားဖြင့် တစ်ဦးကတစ်ဦးကို မုဒိတာပွားကြရင်း  နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြပါစို့ ဟူ၍ တိုက်တွန်းလိုက်ရပါသည်။ 

ဒေါက်တာမျိုးကြွယ် 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


East West Seed Myanmar ကြော်ငြာ

စိုက်ပျိုးထုတ်လုပ်သူ တောင်သူဦးကြီးများခင်ဗျာ...မိမိတို့စိုက်ပျိုးထုတ်လုပ်လိုက်တဲ့ သီးနှံက အရည်အသွေးပြည့်ဝပြီး စျေးကွက်မှာမျက်နှာလှဖို့ ဆိုရင် အဓိက အရေးကြီးတဲ့ မျိုး မှန်ကန်ဖို့လိုအပ်ပါတယ်...ဦးကြီးတို့ စိုက်ပျိုးမယ်ဆို ကျနော်တို့က မျိုး မှန်ကန်မှုကို တာဝန်ယူပါတယ်...East-West Seed (မြားနီ မျိုးစေ့)ဆိုတာ အရည်အသွေးပြည့်ဝတဲ့ မျိုးစေ့များကို သုတေသနပြု စမ်းသပ်ပြီးမှ ထုတ်လုပ်ရောင်းချနေသော ကုမ္ပဏီတစ်ခုဖြစ်ပါတယ်...ဒီတစ်ခါတော့ မြားနီ မျိုးစေ့ အနေနဲ့ အောက်ပါ အရည်အသွေးမြင့်မျိုးစေ့များနဲ့ မိတ်ဆက်ပေးလိုက်ပါတယ် ခင်ဗျာ....
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်