အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ (၄၆) စိုက်ပျိုးမွေးမြူရေးပညာ သင်ကြားရေးနှင့်သုတေသန (အပိုင်း-၃)

24/10/2022 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – 46 Agricultural Education and Research (Part-3)

အမေရိကန်နိုင်ငံသည် စိုက်ပျိုးရေးပညာ (Agricultural Education) နှင့်ပတ်သက်၍ ထိပ်ဆုံးက ပြေးနေသောနိုင်ငံဖြစ်ပါသည်။ စိုက်ပျိုးရေးပညာ သင်ကြားရေးကို ၁၈၆၂ ခုနှစ်က စတင်ခဲ့သည်ဟူ၍ သမိုင်းမှတ်တမ်းတွင် တွေ့ရှိခဲ့ရပါသည်။

အမေရိကန်နိုင်ငံတွင် စိုက်ပျိုးရေးပညာ သင်ကြားရေးကို မူလတန်းကျောင်း (Elementary School) များက စတင်သင်ယူကြပါသည်။ မယူမနေရ ဘာသာများတော့ မဟုတ်ပါ။ စိုက်ပျိုး၊ မွေးမြူရေး အဓိကလုပ်ဆောင်နေသော ပြည်နယ်ကြီးများ၊ ကျေးလက်ဒေသ (Rural Areas) များရှိ မူလတန်းကျောင်းများတွင် စိတ်ကြိုက်၊ အပိုဘာသာ (Elective/Optional Subject) အနေနှင့် တွဲဖက် သင်ယူနိုင်ပါသည်။ သင်ကြားပေးမည့် သင်ရိုးညွှန်းတမ်း (Curriculum) နှင့် သင်ရိုးမာတိကာ (Syllabus) တွေ စနစ်တကျဖော်ဆောင်ထားရာ အတုယူစရာကောင်းပါသည်။

အမေရိကန် အထက်တန်းကျောင်းများတွင်တော့ စိုက်ပျိုး၊ မွေးမြူရေးပညာ (Agricultural Education) ကို (က) စာသင်ခန်းတွင်းသင်ကြားခြင်း (Classroom Instruction)၊ (ခ) စိုက်ပျိုးရေးဆိုင်ရာ အတွေ့အကြုံများကို ကြီးကြပ်ပေးခြင်း (Supervised Agricultural Experience - SAE) နှင့် (ဂ) အမေရိကန်နိုင်ငံ အနာဂတ်တောင်သူလယ်သမားအဖွဲ့များ (Future Farmers of America - FFA) တွင် ပါဝင်ပတ်သက်စေခြင်း (Active Involvement in the National FFA Organization) တို့ ဖြစ်ပါသည်။ 

(က) ဤအဆင့်တွင် စိုက်ပျိုးရေးပညာ၏ အခြေခံသဘောတရားများကို စာတွေ့လက်တွေ့ အထက်တန်းအဆင့် တွင် သင်ကြားပေးပါသည်။ ကျွန်တော်၏ဇာတိ မကွေးတိုင်း၊ ဆင်ပေါင်ဝဲမြို့ အထက်တန်းကျောင်း၌  အထက်တန်းကျောင်းသားဘဝတွင် ကျောင်းဥယျာဉ် (School Garden) ပြုလုပ်ပြီး ခရမ်းသီး၊ ရုံးပတီသီး အစရှိ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးခဲ့ရသည်ကို မှတ်မိနေပါသည်၊ ကျွန်တော်တို့ စိုက်ပျိုးရေးဆရာ ဦးစိုးသိန်းမှာ ဆင်ပေါင်ဝဲမြို့၌ ယခုထက်ထိ သက်ရှိထင်ရှား ရှိနေပါသေးသည်။

(ခ) ဤအဆင့်တွင် ကျေးလက်ဒေသနေ ကျောင်းသူ၊ ကျောင်းသားများ မိမိမိဘ၊ ဆွေမျိုးများ လုပ်ကိုင်နေသည့် စိုက်ပျိုး၊ မွေးမြူရေး၊ အစားအစာ၊ ဈေးရောင်းချခြင်းတို့မှာ လက်တွေ့၊ ကွင်းဆင်းပြီး မေးမြန်းဆွေးနွေး လုပ်ဆောင်ခြင်းတို့ဖြစ်ပါသည်။ 

(ဂ) FFA   မှာ အမေရိကန်နိုင်ငံ၌ ဖွဲ့စည်းထားသော တောင်သူအဖွဲ့အစည်းဖြစ်ပြီး အထက်တန်းကျောင်းများနှင့် တွဲဖက်ကာ ခေါင်းဆောင်မှု (Leadership Skills)၊ စုပေါင်းလုပ်ဆောင်မှု (Teamwork Skills) တို့ကို သင်ကြားပေးခြင်းဖြစ်ပါသည်။ (ခ) နှင့် (ဂ) မှာ ကျွန်တော်တို့နိုင်ငံတွင် မလုတ်ဆောင်ဖူးသေးပါ။

အမေရိကန်နိုင်ငံရှိ ပြည်နယ်တိုင်းတွင် တက္ကသိုလ်ရန်ပုံငွေ ရရှိရေးအတွက် ဗဟိုအစိုးရ (Federal Government) နှင့် ပြည်နယ်အစိုးရ  (State Governments) မှ မြေဌားခ ချပေးထားသည့် တက္ကသိုလ်များ (Land-Grant Universities) ၇၆ ကျောင်း ရှိပါသည်။ ထိုတက္ကသိုလ်များမှ စိုက်ပျိုးရေးဆိုင်ရာ ဘွဲ့ဒီဂရီ (Agricultural Degrees) များ ပေးပါသည်။ ထိုတက္ကသိုလ်များ၏ အဓိကတာဝန် ၃ ရပ်မှာ သက်ဆိုင်ရာ ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူရေးနှင့် စက်မှုလက်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက်

  • (က) သင်ကြားရေး (Teaching)
  • (ခ) သုတေသန (Research) နှင့်
  • (ဂ) တောင်သူပညာပေးလုပ်ငန်း (Outreach (or) Extension) ပြုလုပ်ရပါသည်။ 

ပြည်နယ် မူလတန်း၊ အလယ်တန်း၊ အထက်တန်းကျောင်းများတွင် စိုက်ပျိုးရေးဆရာအဖြစ် လျှောက်ထားလိုပါက စိုက်ပျိုးရေးပညာဘွဲ့ (B.S. (Agricultural Education)) ရရှိပြီးသူ ဖြစ်ရမည်။ ၂ နှစ်သင် ကောလိပ် (Junior College) သို့မဟုတ် ဒေသကောလိပ် (Regional College) များတွင် စိုက်ပျိုးရေးပညာ သင်ကြားရမည့် ဆရာများမှာ အနည်းဆုံး စိုက်ပျိုးရေးဆိုင်ရာ မဟာသိပ္ပံဘွဲ့ရပြီးသူ  (Master Degree in Agriculture) ဖြစ်ရပါမည်။ စိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာ တက္ကသိုလ် ဆရာ၊ ဆရာမ အလုပ်လျှောက်ထားလိုလျှင်တော့ သက်ဆိုင်ရာဘာသာရပ် ပါရဂူဘွဲ့ရသူ ဖြစ်ရမည့်အပြင်၊ သုတေသန၊ စာတမ်းများ ထုတ်ဝေမှုမှာလည်း အနည်းဆုံး သတ်မှတ်အရည်အချင်းနှင့် ကိုက်ညီမှု ရှိရပါမည်။

သူတို့နိုင်ငံ၏ တက္ကသိုလ်များမှာ အကူသင်ဆရာ (Teaching Assistant - TA)၊ သုတေသနအကူဝန်ထမ်း (Research Assistant - RA) စသည်တို့ လုပ်ငန်းခွင်ထမ်းဆောင်မှုအတွေ့အကြုံ (Work Experience) ယူပြီးမှသာ တက္ကသိုလ် ဆရာ၊ ဆရာမ အလုပ်လျှောက်ကြပါသည်။ အလုပ်မှာလည်း အမြဲတမ်း တိုက်ရိုက်ခန့်လိုက်တာမဟုတ်ဘဲ ၂ နှစ်တန်သည်၊ ၃ နှစ်တန်သည် ယာယီခန့်ပြီးမှ သူ၏ စွမ်းဆောင်ရည်ကို ကြည့်ပြီးမှသာ အလုပ်ခန့်ကြပါသည်။

ပါမောက္ခရာထူးမှာလည်း လုပ်သက်အရ ရာထူးတိုးသွားတာ မဟုတ်ဘဲ စွမ်းဆောင်ရည် (Performance) ပေါ် ကြည့်ပြီးပေးခြင်းဖြစ်ပါသည်။ သို့ဖြစ်ပါ၍ သူတို့ဆီမှာ အပြိုင်အဆိုင် အချိန်မရွေး ကြိုးစားနေရပါသည်။ ရေသာခို၊ အချောင်လိုက်နေ၍ မရပါ။

စိုက်ပျိုးရေးပညာ သင်ကြားမည့် ဆရာ၊ဆရာမများ အတွက် နိုင်ငံတော်အဆင့် လုပ်ငန်းခွင်နှင့် နည်းပညာ ပညာရေးအဖွဲ့ အစည်း (The Association for Career and Technical Education - ACTE) က ဆရာဆရာမများ အရည်အသွေးတိုးတက်ရေးကို ဆောင်ရွက်ပါသည်။  စိုက်ပျိုး၊ မွေးမြူရေးပညာ (Agricultural Graduates) ဘွဲ့ရများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ (Jobs and Career Opportunities) က အစားအစာထုတ်လုပ်ရေး၊ အစားအစာရောင်းဝယ် ဖေါက်ကားရေး (Food Industry)၊ မွေးမြူ၊ ကုသရေး (Veterinary Science)၊ စိုက်ကွင်း (Farming) နှင့် တိရစ္ဆာန်လွှတ်ကျောင်း မွေးမြူရေး လုပ်ငန်းများ (Ranching)၊ စိုက်ပျိုးရေးဆိုင်ရာ ဈေးကွက်လုပ်ငန်းများ (Agricultural marketing and Trade)၊ စိုက်ပျိုးရေးနှင့်ပတ်သက်၍ သတင်းအတတ်ပညာဖြန့်ဖြူးရေးဆိုင်ရာ လုပ်ငန်းများ (Agricultural Communication and Publication)  စသည်ဖြင့် အလုပ်အကိုင်တွေပေါများလှပါသည်။ 

မြေဌားခွင့်ရရှိသောတက္ကသိုလ် (Land Grant Universities) တွေက ပြည်နယ်အတွင်းရှိ စိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာ ပြဿနာများ (Agricultural Problems of Each States) ဖော်ထုတ်ရှာဖွေပေးသော သုတေသနများ တိုက်ရိုက်လုပ်ဆောင်ကြပါသည်။ ပြည်နယ်တစ်ခုနှင့်တစ်ခု စိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာ စိုက်ပျိုးသီးနှံ (Agricultural Crops) နှင့် မွေးမြူသော တိရစ္ဆာန်များ (Farm Animals) များ မတူညီနိုင်ပါ။

ဥပမာ - ကျွန်တော်တို့ မြန်မာနိုင်ငံတွင် ရာဘာ၊ ဆီအုန်းတို့မှာ မွန်ပြည်နယ်နှင့် တနင်္သာရီတိုင်းတွင်သာ စိုက်ပျိုး၍ရသလို၊ ပန်းသီးကိုလည်း ချင်းပြည်နယ်၊ ကချင်နဲ့ရှမ်းပြည်နယ်တို့တွင်သာ အောင်မြင်ဖြစ်ထွန်းလွယ်ပြီး ပြည်နယ်အတွင်းရှိ စိုက်ပျိုးရေးတက္ကသိုလ်များကသာ သုတေသန ပြုလုပ်ပါက အကျိုးရှိမည် ဖြစ်ပါသည်။

ဆိတ်မွေးမြူရေးဆိုလျှင်လည်း စစ်ကိုင်း၊ မကွေးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အောင်မြင်ဖြစ်ထွန်းနိုင်ပြီး၊ နွားနောက်ဆိုလျှင်တော့ ချင်းပြည်နယ် ပင်လယ် ရေငန်ငါး၊ ပုစွန်များကိုတော့ ပင်လယ်ပြင်ထိစပ်ရာ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းရှိ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ကောလိပ်၊ တက္ကသိုလ်များ (State Agricultural Colleges and Universities) တွင် သင်ကြား၊ သုတေသနပြုလုပ်မည်ဆိုပါက စာတွေ့၊ လက်တွေ့ သွားရောက်ပြုလုပ်နိုင်ပြီး ဒေသတွင်း အလုပ်အကိုင်ရရှိရေးကိုလည်း  အထောက်အကူပြုနိုင်ပါလိမ့်မည်။ 

အမေရိကန်နိုင်ငံတစ်ခုလုံး တက္ကသိုလ် (Universities)၊ ဗဟိုအစိုးရစိုက်ပျိုးရေးဌာန (United State Department Agriculture - USDA)၊ ပြည်နယ်အစိုးရ (State Government)၊ ဒေသအစိုးရ (Regional/County Government) စုပေါင်းဖွဲ့စည်းထားသော စုပေါင်းသမဝါယမပညာ စနစ် (The Cooperative Extension System) တောင်သူလယ်သမား (Farmers)၊ မိသားစု (Families)၊ လူငယ်များ (Youth) စေတနာ့ဝန်ထမ်း၊ လုပ်အားပေးသူ (Volunteers) ၃ သန်းခန့် ပါဝင်လုပ်ဆောင်လျက် ရှိနေပါသည်။ စိုက်ပျိုးပညာပေးရေးနှင့်ပတ်သက်၍ အမေရိကန်နိုင်ငံရှိ အခြားအဖွဲ့အစည်းများမှာ အမေရိကန်စိုက်ပျိုးရေးပညာပြန့်ပွားရေးအသင်း (American Association for Agricultural Education - AAAE)၊ အမျိုးသားအဆင့် စိုက်ပျိုးရေးပညာပြန့်ပွားရေးအသင်း (The National Association of Agricultural Educators - NAAE) နှင့် ဖိုးအိပ်ဂျ်ကလပ် (4H Club) တို့ ဖြစ်သည်။

ဖိုးအိပ်ဂျ်ကလပ် မှာ ကျေးလက်နေလူငယ်များအတွက် ဖွဲ့စည်းပေးထားခြင်းဖြစ်ပြီး အိပ်ဂျ် ၄-လုံး (က) စဉ်းစားတွေးခေါ်မှု (Head) (ခ) ကြင်နာမှု (Heart) (ဂ) အချင်းချင်းလက်တွဲခေါ်ဆောင်မှု (Hand) နှင့် (ဃ) ကျန်းမာသန်စွမ်းအောင်နေထိုင်မှု (Health) တို့ဖြစ်ပါသည်။

အထိမ်းအမှတ် သ‌င်္ကတမှာ  ကလိုဘာပင်အရွက် ၄ ရွက် ဖြစ်ပါသည်။  

ဤအသင်းသည် ကျေးလက်နေလူငယ်များအတွက် ဖွဲ့စည်းပေးထားပြီး ကျောင်းအားရက်များတွင် သိပ္ပံ (Science)၊ ခေါင်းဆောင်နိုင်မှု (Leadership)၊ သုတေသန (Research)၊ ကျန်းမာရေးနှင့်တကိုယ်ရေသန့်ရှင်းရေး (Health and Hygiene) စသည်တို့ကို စုပေါင်းလေ့လာ သင်ယူကြခြင်း ဖြစ်ပါသည်။ အသင်းဝင်များ ၆ သန်းကျော် ရှိပါသည်။ နိုင်ငံတကာတွင် ကင်းထောက်လူငယ် (Scout Boys and Scout Girls)  ပုံစံမျိုး ဖြစ်ပါသည်။ 

ကမ္ဘာနိုင်ငံများတွင် နိုင်ငံ ၅၀ လောက်က ဤအဖွဲ့အစည်းမျိုးကို ဖွဲ့စည်းထားပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးရေး၊ စိုက်ပျိုးမွေးမြူရေးကဏ္ဍတွင် ခေတ်မှီနည်းပညာများ ပိုမိုအသုံးချရေး စသည်တို့ကို နှစ်စဉ် တွေ့ဆုံဆွေးနွေး၊ အဖြေရှာလျက် ရှိနေပါသည်။  ကျွန်တော်တို့ အာဆီယံမိတ်ဆွေ ဖိလစ်ပိုင်နိုင်ငံတွင် ထိုအဖွဲ့မျိုးရှိပြီး ဖိလစ်ပိုင်ကျေးလက်ဒေသနေ လူငယ်များက စိုက်ပျိုး၊ မွေးမြူရေးနှင့် ရေလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက်  တဖက်တလမ်းက ဆောင်ရွက်နေသည်ကို လေ့လာသင့်ပါသည်။

နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တောင်သူလယ်သမားများအား  စိုက်ပျိုးမွေးမြူရေးနှင့်ဆိုင်သော ဗဟုသုတ ဖြန့်ချိပေးမှုမှာ အစိုးရဌာနများသာမဟုတ်ဘဲ ပုဂ္ဂလိကကဏ္ဍများမှလည်း အုပ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ ပူးပေါင်းဆောင်ရွက်နေပါသည်။ သို့ဖြစ်ပါ၍ ကျွန်တော်တို့ ရွှေရောင်လွင်ပြင်အဖွဲ့သည် သီးနှံသစ်တောရောနှောစိုက်ပျိုးခြင်း (Agroforestry) လက်မှတ်ရ အွန်လိုင်းသင်တန်း (Online Certificate Course) ကို ၂၀၂၂-ခုနှစ် အောက်တိုဘာ လ ၆ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ သင်တန်းသား၊ သင်တန်းသူများ ထပ်မံတက်ရောက်လိုသည် ဟူ၍ သိရှိရပါသဖြင့် အမှတ်စဉ် ၂- ( Agroforestry) သင်တန်းကို ၂၀၂၃ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဆက်လက်ဖွင့်လှစ်ပါမည်။

ယခု အခြေခံစိုက်ပျိုးရေးသိပ္ပံပညာလက်မှတ်ရသင်တန်း (Online Certificate Course on Basic Agricultural Science) အမှတ်စဉ် (၁) ကို ၂၀၂၂ ခုနှစ် အောက်တိုဘာလ ၂၅ ရက်နေ့တွင် စတင်ဖွင့်လှစ်ပါတော့မည်။ မကြာမီတွင်လည်း မွေးမြူရေးဆိုင်ရာအဟာရဓာတ်ပညာသင်တန်း  (Online Certificate Course on Animal Nutrition) အမှတ်စဉ် (၁) ကို မွေးမြူရေးဆိုင်ရာတက္ကသိုလ် ပါမောက္ခချုပ်ဟောင်း ဆရာကြီးဒေါက်တာတင်ငွေ ဦးဆောင်၍ ၂၀၂၂ ခုနှစ် နိုဝင်ဘာလ အတွင်း တိုးချဲ့ဖွင့်လှစ်မည် ဖြစ်ပါသည်။ 

စိတ်ဝင်စားပါက ရွှေရောင်လွင်ပြင် (Golden Plain Livelihood Development Services Co-op Ltd. Facebook Page) စာမျက်နှာနှင့် ရွှေရောင်စိုပြေ (Shwe Yaung Sopyae facebook Page) တို့တွင် မှတ်ပုံတင်စာရင်းသွင်း (Registration) ကြပါရန် ကြေငြာလိုက်ရပါသည်။

(ဒေါက်တာမျိုးကြွယ်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်