- မြန်မာ့လယ်ယာထွက်ကုန်အတွက် ကမ္ဘာ့ဈေးကွက်ဝေစုများများရစေချင်သည်။
- မိမိတို့ရောင်းကုန်ကို ဝယ်လိုအား ကောင်းစေချင်သည်။
- ယှဉ်ပြိုင်စွမ်းအားကောင်းဖို့လိုသည်။ အရည်အသွေးကောင်းပေါ်မှ ဈေးကောင်းရစေချင်သည်။
- အမှာစာ အော်ဒါပမာဏ (Order Size) များများရလေလေ အပ်ကုန်ကိုများများပို့နိုင်အောင် ထုတ်လုပ် အားကောင်းစေလိုသည်။
- ဖောက်သည်မပျက်အောင် မိမိထုတ်ကုန်တစ်စိတ်တစ်ပိုင်းသည် ကမ္ဘာ့တစ်နေရာက အိမ်ထောင်စုတစ်ခု၏ထမင်းစားပွဲပေါ် ရောက်သွားသည့်တိုင် အစားအစာဘေးကင်းလုံခြုံမှုအတွက်နောက်ကြောင်းပြန်ခြေရာကောက် အစစ်ဆေးခံနိုင်ရည်ရှိရန်လိုအပ်သည်။
ဤသည်တို့ကား ဖြစ်ချင်သောဆန္ဒများပင်။ ပကတိအခြေအနေမှာမူ စိန်ခေါ်မှုကြီးတစ်ခုသာ ဖြစ်နေသည်။ ရှေ့သို့ကား သိသိသာသာမရွေ့သေးပေ။
ကိုလိုနီခေတ်ကတည်းက စပါးတစ်မယ်တည်းသာအားထား၍ ကမ္ဘာ့ဈေးကွက်သို့တင်ပို့နေရာ ဤဖြစ်ရပ်အပေါ် “ ခြင်းတောင်းတစ်ခုတည်းကြက်ဥအားလုံး ထည့်သယ်သလိုဖြစ်နေသည်။ လွတ်ကျသွားပါက အားလုံး ကွဲကုန်တော့မည်။ သီးခြားစီခွဲ၍သယ်ဖို့ကောင်းမည်”ဟု နိုင်ငံရေးဘောဂဗေဒပညာရှင် မစ္စတာဂျေအက်စ်ဖာနီဖယ် က မှတ်ချက်ပြုဘူးသည်။
ပြည်ထောင်စုအစိုးရခေတ်ရောက်ပြန်တော့ ပြည်တော်သာစီမံကိန်းကိုချမှတ်၍ အမည်စုံ စိုက်ပျိုးထုတ်လုပ်ရေးကို ဦးတည်ကြိုးပမ်းခဲ့ဖူးသည်။ သမိုင်းပေးအခြေအနေများအရ ရုပ်လုံးမပေါ်ခဲ့ပေ။ ခေတ်အဆက်ဆက်မှာလည်း ဤအချက်ကို ထပ်တလဲလဲပြောခဲ့ကြဖူးသည်။
၂၀၁၉ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော စိုက်ပျိုးရေးဖွံ့ဖြိုးမှုမဟာဗျူဟာတွင် ပို့ကုန်တိုးမြှင့်ရေးကိုအထောက်အကူပြုသော အမည်စုံစိုက်ပျိုးရေးကို အလေးအနက်ထောက်ပြခဲ့သည်။ နိုင်ငံတစ်ဝန်း ပြည်သူ့သဘောထား၊ ပြည်သူ့ဆန္ဒများကို စီမံကိန်းချမှတ်သူများနှင့် အမြင်ဖလှယ်ဆွေးနွေးရာတွင်လည်း ပို့ကုန်အမည်စုံတိုးမြှင့်နိုင်ရေးသည် ဦးစားပေးလုပ်ငန်းတစ်ခုအဖြစ် ပါဝင်ခဲ့ပါသည်။
သက်ဆိုင်ရာဌာနများက အပြောင်းအလဲအတွက် ခြေလှမ်းပြင်ကာစတွင် တစ်ပြည်ထောင်လုံး ရောဂါကပ်ဘေးနှင့်တဆက်တည်း နိုင်ငံရေးကပ်ဘေးတို့ သင့်ခဲ့ရသည်။ ရှေ့မတိုးတော့သည့်အပြင် နောက်ပြန်ဆုတ်သွားမှာကို စိုးရိမ်တကြီး စောင့်ကြည့်နေရတော့သည်။
တစ်စစီပြန်ဆက်ယူရသည့်အဖြစ်ဆိုးနှင့်မကြုံအောင် အရင်အဆက်ဆက်က ဘာတွေမှားခဲ့သလဲ၊ ဘာတွေ လိုအပ်နေသလဲ၊ မုန်တိုင်းစဲလျှင်ဘာတွေဆက်လုပ်သင့်သလဲ ဆိုသည့်ကိစ္စရပ်များကို တွေးတောကြံဆမိပါသည်။
အောက်ခြေမြေပြင်မှအစပြု၍ ပို့ကုန်ဆိပ်ကမ်းအထိ သွားရမည့်ကုန်စည်စီးဆင်းမှု လမ်းကြောင်းတလျှောက်ကို ပူးတွဲပုံ (၁) ပါအတိုင်း ချရေးကြည့်လိုက်မိသည်။
တောင်သူလယ်သမား၊ ပုဂ္ဂလိကလုပ်ငန်းရှင်၊ ပြည်သူ့ရေးရာစီမံခန့်ခွဲသူနှင့် နည်းပညာအဖွဲ့အစည်းအသီးသီး၏ လက်ဆင့်ကမ်းချိတ်ဆက်လုပ်ဆောင်မှုကို အသေအချာ စစ်ဆေးကြည့်လိုက်မိသည်။ ပြည်သူ့ရေးရာအစိုးရ၏ လယ်ယာသားငါးကဏ္ဍ အင်စတီကျူးရှင်း ဖွဲ့စည်းဆောင်ရွက်မှုပုံစံ၊ အမှုထမ်းများ၏စွမ်းဆောင်ရည်၊ ၎င်းတို့၏အားသန်ရာတိမ်းညွတ်မှုနှင့် လေ့ကျင့် ပျိုးထောင်လာပုံများသည် မြန်မာ့ပို့ကုန် တိုးမြှင့်ရေးလားရာနှင့် စရွေးကိုက်ပါ၏လော ဟူသော အမေးပုစ္ဆာ တစ်ခုပေါ်လာသည်။
စိုက်ပျိုးရေးလောကတွင် မြေ၊ ရေ၊ သီးနှံနှင့် သားငါးနယ်ပယ်ရပ်များအပေါ် ကျွမ်းကျင်ပညာရှင် အတော်အတန် ပေါများပါ၏။ သို့ရာတွင်အမည်စုံစိုက်ပျိုးထုတ်လုပ်ရေးအတွက်မူ စပါးမှတပါး အလားအလာရှိပို့ကုန်များအတွက် ပညာရှင်နည်းလှသည်။
တစိုက်မတ်မတ် တစ်ဦးကောင်း တစ်ယောက်ကောင်း လုပ်ရုံနှင့် မရနိုင်ပါ။ သုတေသနနှင့် နည်းပညာရေးရာတွင် “Critical Mass” ဟုပြောရမည့် “အရွေ့ကိုဖော်ဆောင်နိုင်လောက်သော” ပညာရှင် အရေအတွက် အနည်းဆုံးလိုအပ်သော အစုတစ်စုရှိရပါမည်။ ၁၀၀°ဆဲလ်စီးရပ် ရေဆူမှတ်ရောက်မှ ရေနွေးပွက်ထသလို သီးနှံမယ်တစ်ခုအတွက် အရည်အသွေးမီပညာရှင်အရေအတွက် အလုံအလောက်စုဖွဲ့မှုတစ်ခု လိုအပ်ပါသည်။ ကြုံရာလူ ဆွဲထည့်၍လုပ်လျှင် ခရီးရောက်ရန်ခက်ခဲပါသည်။
စိုက်ပျိုးရေးလောကတွင် ဌာနအားလုံးလိုလို စိုက်ပျိူးရေးနည်းပညာတစ်ခုတည်းကိုသာ တစိုက်မတ်မတ် အားသန်ကြသည်။ မမှားပါ။ သို့ရာတွင် လယ်ယာစီးပွားရေးအမြင်နှင့်လုပ်နည်းလုပ်ဟန် လိုအပ်ပါသည်။ ဂေဟဗေဒအမြင် (Ecological Mindset) လိုအပ်ပါသည်။
အထက်အမိန့်နာခံလုပ်ရသည့် ကိစ္စရပ်အပြင် မိမိ၏ ကိုယ်ထူ ကိုယ်ထလုပ်ရမည့် နယ်ပယ်များစွာတွင် ပြဿနာနှင့်အဟန့်အတားကိုဖော်ထုတ်တတ်ခြင်းနှင့် ထွက်ပေါက် အဖြေရှာခြင်းအလေ့အထများ အားကောင်းလာရန်လိုပါမည်။ စိုက်ပျိုးရေးလောကတွင် ဖေါ်မြူလာမပါပဲလုပ်ရသည့် ကိစ္စများစွာရှိနေပါသည်။ မသိကိန်းများ များစွာရှိနေပါသည်။ ရင်ဆိုင်ဖြေရှင်းရန် ပညာစွမ်းပကားလိုအပ်ပါသည်။
ကျေးရွာအုပ်စုဝန်ထမ်းအဆင့်၊ မြို့နယ်ခရိုင်အဆင့်နှင့် တိုင်းပြည်နယ်အဆင့်ဆင့် တာဝန်ခံရသူအလွှာများတွင် ကိုင်တွယ်ရမည့် ပြဿနာများမှာ အမျိုးအစားကွဲလွဲတတ်ပါသည်။ မြေပြင်တွင် တောင်သူနှင့်တိုက်ရိုက် ဆက်စပ်ဆောင်ရွက်ရသော ကျေးရွာအုပ်စုအဆင့် ဝန်ထမ်းများအဖို့ နည်းပညာအပိုင်းကခပ်များများ၊ ကျေးလက် လူမှုအဖွဲ့အစည်း ဆက်ဆံရေးစွမ်းအားက ပိုပိုသာသာနှင့် လယ်ယာစီးပွားရေးအမြင်က အနည်းငယ်မျှပါဝင်ရန် လိုအပ် ပါလိမ့်မည်။
၎င်း၏အပေါ်လွှာသို့ရောက်သွားလျှင် ဆောင်ရွက်ရသည့်ပုဂ္ဂိုလ်များအဖို့ နည်းပညာက နည်းနည်း၊ ဈေးကွက်ကိစ္စနှင့် GSP၊ SPSs ကိစ္စ၊ ယှဉ်ပြိုင်မှုစွမ်းအားမြှင့်တင်ရေးကိစ္စ၊ သဘာဝဘေးအန္တရာယ်ကိစ္စ၊ ကန်ထရိုက်လယ်ယာ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာရေးကိစ္စ၊ လယ်ယာကဏ္ဍ အကျိုးသက်ရောက်သူအားလုံး သာတူညီမျှဖြစ်ရေးကိစ္စ၊ ရင်းနှီးမြှပ်နှံမှုများများဝင်လာရေးကိစ္စ၊ ရေမြေအရင်း အမြစ်များကို ထုတ်ကုန်အလိုက် မှန်ကန်စွာခွဲဝေချထားရေးကိစ္စ၊ လုပ်ကွက်ငယ်များ၏ မြေယာလုပ်ကိုင်ခွင့်ခိုင်မြဲရေးကိစ္စနှင့် ဌာနအချင်းချင်း ဆက်စပ် ပေါင်းစည်း ဆောင်ရွက်ရေးကိစ္စအရပ်ရပ်တို့က ပိုမိုထွေပြားလာပါလိမ်မည်။
ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်း၏ တောင်းဆိုချက်များက အရေးမကြီးတာမရှိ အပူတပြင်း ဖြစ်နေတတ်ပေရာ ကိုင်တွယ်ဖြေရှင်းရမည့် အကြီးတန်းအရာရှိအတွက် နဂိုအခံက စိုက်ပျိုးရေးသမ္ဘာအပြင် လယ်ယာစီးပွားရေးအမြင်တို့ဖြင့် ဝမ်းစာဖူလုံထားပါမှ စနစ်တကျကိုင်တွယ်ဆောင်ရွက်နိုင်ပါမည်။
လူကြီးဖြစ်သွားသူအများစုမှာ “မုဆိုးစိုင်သင်” ဆိုသလို လုပ်ငန်းခွင်ထဲ၌မသိမသာသင်ယူကြသူများလည်းရှိနိုင်ပါသည်။ အချို့က ၎င်းတို့၏ ရှိရင်းစွဲ ပညာဓာတ်ခံနှင့် စရွေးမကိုက်သော လုပ်ငန်းတောင်းဆိုချက်များအပေါ် မှန်မှန်ကန်ကန်တုန့်ပြန်နိုင်ရန် ခက်ခဲကြပါသည်။ ဝတ်ကျေတမ်းကျေ မင်းတိုင်းကျေသာ လုပ်ကြတတ်ပါသည်။
အထက်သို့ရောက်လေလေ ပညာရပ်များကို ဖတ်ရှုချိန် မရလေလေ ဖြစ်ပြီး ကိုယ်ခံအားနည်းခြင်းမျိုး မဖြစ်ရလေအောင် အထက်တန်းရာထူးဝင်ပေါက်မတိုင်မီ ကိုယ်တိုင်ကိုယ်ကျ ဖွံ့ဖြိုးရေးစာတမ်းတစ်ခု ပြုစုပြီးသည်အထိ လုံလောက်သောသင်တန်းကာလတစ်ခုတွင် မွမ်းမံအားဖြည့်ရန် လိုအပ်ပါလိမ့်သည်။
ကာလရှည်တွင် အမည်စုံပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းလိုအပ်ချက်နှင့် အစပ်အဟပ်တည့်သော ပညာအရည်အသွေးနှင့် လယ်ယာစီးပွားရေးဖွံ့ဖြိုးမှုအမြင်များ၊ အခြေခံအဆောက်အအုံဆိုင်ရာ (Structural Issues) ကိစ္စရပ်များကို ဇောင်းပေးတွေးခေါ်မှုအားကောင်းလာစေသော သင်တန်းနှင့်လေ့ကျင့်မှုများကို ရာထူးအဆင့်တိုင်းနှင့်လျော်ညီစွာ ချမှတ်ဆောင်ရွက်သင့်ပါကြောင်း ရေးသားလိုက်ရပါသည်။
စံသိန်း(စိုက်ပျိုးရေး)
September 22, 2022
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။