အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ(၃၃) စိုက်ပျိုးရေးဆိုင်ရာ သတင်းအတတ်ပညာ

20/07/2022 15:30 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

သတင်းအချက်အလက်တစ်ခုကို ၅ မိနစ်လောက်ကြိုသိရလိုက်ရုံဖြင့် စီးပွားရေးအကျိုးအမြတ်အတွက် အများကြီး သက်ရောက်သွားနိုင်သည်။ 

အလားတူ စိုက်ပျိုးမွေးမြူရေးကဏ္ဍအောက်တွင်လည်း တောင်သူများအတွက် သတင်းအချက်အလက်သည် နည်းပညာသစ်၊ အခွင့်အလမ်းသစ်နှင့် အကျိုးအမြတ်များအတွက် အလွန်ပင် အရေးကြီးလှသည်။ ထို့ကြောင့် စိုက်/မွေး ဆိုင်ရာ သတင်းအတတ်ပညာမှာ စိုက်ပျိုးရေးသိပ္ပံပညာ၏ ပညာရပ်ခွဲတစ်ခုအနေဖြင့် အရေးပါလာခြင်းဖြစ်သည်။

ကျေးလက်နေတောင်သူ လယ်သမားများအတွက် စိုက်ပျိုးထားသောသီးနှံများ၊ မွေးမြူထားသော တိရစ္ဆာန်များ ဖြစ်သည့် ခိုင်းကျွဲ၊ ခိုင်းနွား၊ နို့စားနွား၊ အသားစားနွား၊ ဒေသကြက်မျိုး၊ မွေးမြူရေးကြက်မျိုး၊ ဘဲ စသည်တို့သာမက မြန်မာနှင့်တိုင်းရင်းသား ကျေးလက်အစားအစာများထုတ်လုပ်ခြင်းအတွက် နည်းပညာအသစ်များကို ဖြန့်ဖြူးပေးခြင်း၊ ဈေးနှုန်းမှန်ကန်စွာရရှိရေးနှင့် ဈေးအနှိမ်မခံရရေးများကို  သတင်းဆောင်းပါးများ ဖော်ပြအသိပေးခြင်းမျိုးမှာ တောင်သူများအတွက် အလွန်အကျိုးရှိစေနိုင်သည်။ 

ထို့အပြင် တောင်သူများ၏ပြဿနာအခက်အခဲများကို ကျွမ်းကျင်သောပညာရှင်များမှ ကူညီဆောင်ရွက်ပေးနိုင်ရန် ချိတ်ဆက်ပေးခြင်း၊ စိုက်ပျိုးပညာပေးဝန်ထမ်းများ၏ သင်တန်းပေးခြင်းကို ကျေးလက်နေ တောင်သူလယ်သမားများ၊ မိသားစုဝင်များ၊ ကျောင်းသား၊ ကျောင်းသူ လူငယ်ကလေးများ စိတ်ဝင်စားလာအောင် သတင်းဖြန့်ဖြူးပေးခြင်း  စသည်တို့ ကျယ်ပြန့်လာရန်အတွက်လည်း သတင်းအတတ်ပညာမှာ အရေးပါသောကဏ္ဍတွင် ရှိနေပါသည်။

ကျေးရွာများရှိ မူလတန်းကျောင်း၊ အလယ်တန်းကျောင်းများတွင် ကျောင်းဥယျာဉ် (School Garden) များတည်ထောင်၍ ပညာပေးခြင်းမျိုးကိုလည်း သီးသန့်ပြုလုပ်နိုင်ပါသေးသည်။ (သီးခြားဆောင်းပါးရေးပါမည်)။

ကျွန်တော်တို့ အဖွဲ့သည်  ၂၀၂၀ ခုနှစ် သြဂုတ်လ (၁၃) ရက်နေ့တွင် ရန်ကုန်မြို့၊ ဗိုလ်တထောင် ဘုရားလမ်းရှိ အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ် (National Management Degree College) သို့လေ့လာရေးခရီးသွားရောက်ခဲ့ပါသည်။ ဤကောလိပ်သည် သာမာန် သမားရိုးကျ ကောလိပ်၊ တက္ကသိုလ် များနှင့်မတူ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာဘွဲ့ (B.BM. – Bachelor of Business Management)၊ လုပ်ငန်းခွင်သုံး အင်္ဂလိပ်စာဘွဲ့ (B.A. EPP – Bachelor of Arts (English for Professional Purposes)၊ ခရီးသွားလုပ်ငန်းနှင့်ဧည့်ဝန်ဆောင်စီမံခန့်ခွဲမှုပညာဘွဲ့ (B.THM – Bachelor of Tourism and the Hospitality Management )၊ သတင်းအတတ်ပညာဘွဲ့ (B.A. JNL – Bachelor of Arts (Journalism) တို့ကို ဘွဲ့ပေးရာ ဘွဲ့ရရှိသူအားလုံးနီးပါးလည်း အလုပ်အကိုင်ရရှိကြပါသည်။ 

ကျွန်တော်အပါအဝင် မိဘအများစုမှာ သားသမီးကို ချစ်ခင်ကြသည့်အလျောက် သားသမီးတိုင်း ဘွဲ့ရစေချင်သည်။ သားသမီးများက ဘွဲ့လွန်သင်တန်း (မဟာ၊ ပါရဂူ) ဆက်တက်ချင်သည် ဆိုလျှင်လည်း ငွေ ကြေးအကုန်အကျခံပြီး ထားပေးနေကြပါသည်။ သို့သော် ရရှိသောဘွဲ့က အလုပ်အကိုင်နှင့်ကိုက်ရဲ့လား၊ နိုင်ငံတော်အတွက် တကယ်လိုအပ်နေသော ဘာသာရပ်ဖြစ်ရဲ့လား ဆိုသည်ကိုမူ မစဉ်းစားအားဘဲ အချိန်အကုန်ခံ၊ ငွေအကုန်ခံပြီး ထားပေးနေကြခြင်းမျိုးသာ ဖြစ်နေပါသည်။ 

နိုင်ငံအတော်များများတွင်မူ အဆင့်မြင့်ပညာ သင်ကြားပေးသော တက္ကသိုလ်အများစုသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးကို တိုက်ရိုက်အထောက်အကူပြုနိုင်သော ဘာသာရပ်များကိုသာ ဦးစားပေး သင်ကြားကြပါသည်။ နိုင်ငံတကာတက္ကသိုလ်အများစုတွင် လက်ရှိသင်ကြားနေသော သင်ရိုးညွန်းတမ်းများသည်  နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အဆင့်မြင့်ပညာကျောင်းများ၌ သင်ယူထားသောပညာနှင့် အလုပ်အကိုင်ရရှိရေးကို တိုက်ရိုက်အထောက်အကူ မပြုနိုင် (Mismatch between Graduates and Employability) သေးပါက လက်ရှိသင်ယူ၊ သင်ကြားနေသော ဘာသာများကို ခေတ္တဆိုင်းငံ့ပြီး ဘာသာရပ်အသစ်ပြောင်းလဲသင်ကြားပေးနိုင်သော တက္ကသိုလ်များအဖြစ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပဋိညာဉ် (University Charter or University Act) အရ ဆောင်ရွက်ကြပါသည်။

တက္ကသိုလ်များမှ မွေးထုတ်လိုက်သော ဘွဲ့ရပညာတတ်များသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် တိုက်ရိုက်အထောက်အကူပြုမပြုကို နိုင်ငံတော်ဘဏ္ဍာငွေများဖြင့် အရင်းအနှီးပြုထားရသော တက္ကသိုလ်အဆောက်အဦ၊ နှစ်စဉ်ကုန်ကျစရိတ်၊ ဆရာ/ဆရာမ၊ ဝန်ထမ်းများလစာများအပါအဝင် ထည့်တွက်ရပါမည်။ နောင် ၅ နှစ်၊ ၁၀ နှစ်အတွက် ဘာသာရပ်အလိုက်လိုအပ်မည့် ပညာရှင်ဦးရေ (ဥပမာ - ဆရာဝန်၊ အင်ဂျင်နီယာ၊ ပညာရေး၊ စီးပွားရေး စသည်) မွေးထုတ်ပေးနိုင်ရန် စီမံကိန်းချမှတ်ရပါမည်။

ကျွန်တော်သည် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှ စိုက်ပျိုးရေးပညာဘွဲ့ (B.Ag) ကို ၁၉၇၉ ခုနှစ် တွင်ရရှိခဲ့ပြီး ယင်းတက္ကသိုလ် လယ်ယာသီးနှံဌာန (Agronomy Department) ၌ ဘွဲ့ရပြီးသည်မှ စတင်၍ သရုပ်ပြ၊ လက်ထောက်ကထိက၊ ကထိက၊ တွဲဖက်ပါမောက္ခ၊ ပါမောက္ခ (ကျောင်းအုပ်ကြီး)၊ ဒုတိယ ပါမောက္ခချုပ်၊ ပါမောက္ခချုပ် အဖြစ် အလုပ်တာဝန်ထမ်းဆောင်ခဲ့ရာ ၂၀၁၈ ခုနှစ်တွင် (လုပ်သက် အနှစ် ၄၀ နီးပါး တာဝန်ထမ်းဆောင်ခဲ့ပြီး) နောက်ဆုံး ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ်အဖြစ်မှ အငြိမ်းစားယူခဲ့ပါသည်။ ယင်းနောက်  အမျိုးသားပညာရေးမူဝါဒကော်မရှင်တွင် ဥက္ကဋ္ဌအဖြစ် ၂၀၁၈ မှ ၂၀၂၁ ခုနှစ်အထိ ၃-နှစ်ခန့် တာဝန်ထမ်းဆောင်ခဲ့ပါသည်။ ကျွန်တော်စာရေးလျှင် ကလောင်အမည်မှာ ဒေါက်တာမျိုးကြွယ် (ဆင်ပေါင်ဝဲ)၊ ဒေါက်တာမျိုးကြွယ် (AUAA – Agricultural University Alumni Association) စိုက်ပျိုးရေးတက္ကသိုလ်ဘွဲ့ရအသင်း၊ ဒေါက်တာမျိုးကြွယ် (NEPC - National Education Policy Commission) - အမျိုးသားပညာရေးမူဝါဒကော်မရှင်၊ အမျိုးမျိုး ရေးသော်လည်း တစ်ဦးတည်းဖြစ်ပါသည်။ ၂၀၁၁-ခုနှစ် ဒုတိယပါမောက္ခချုပ်ဖြစ်သည်မှစ၍ သတင်းစာ၊ ဂျာနယ်တို့တွင် ဆောင်းပါးများ မကြာမကြာ ရေးဖြစ်လာပါသည်။ အထူးသဖြင့် အမေရိကန်၊ ဗြိတိန်၊ ဂျာမဏီ၊ နယ်သာလန်၊ ဩစတြေးလျ၊ ဂျပန်၊ တရုတ်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ ဗီယက်နမ်၊ မလေးရှား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်း စသည့်နိုင်ငံများ၏ တက္ကသိုလ်များကို သွားရောက်လေ့လာခွင့်ရသည့်အခါ သူတို့ ဖွံ့ဖြိုးတိုးတက်သကဲ့သို့ ကျွန်တော်တို့နိုင်ငံသည်လည်း မည်သည့်အတွက်ကြောင့် မတိုးတက်ဘဲနေရမည်လဲ ဟူ၍ စိတ်ထဲတွင် အမြဲကိန်းအောင်းလျက်ရှိပါသည်။ 

သူတို့၏ ပြောစကားများအရ တက္ကသိုလ်ကို လွတ်လပ်စွာ စီမံခန့်ခွဲနိုင်မှုသည်  (University Autonomy) တနည်းအားဖြင့် ဗဟိုလုပ်ပိုင်ခွင့်အာဏာကိုလျှော့ချခြင်း (Decentralization)  သည် အရေးကြီးသည်ဆိုသည်ကို မကြာမကြာကြားသိနေရပါသည်။ ကျွန်တော်တို့နိုင်ငံတွင်လည်း ထိုလုပ်ငန်းစဉ်ကို ၁၉၆၂-ခုနှစ် မတိုင်မီက ရန်ကုန်တက္ကသိုလ်တွင် ရရှိကျင့်သုံးခဲ့ပြီး ရန်ကုန်တက္ကသိုလ်သည် အရှေ့တောင်အာရှဒေသအတွင်း နာမည်ကြီးတက္ကသိုလ် (Flagship University) အဖြစ် ရပ်တည်ခဲ့ရဖူးပါသည်။ ထိုကဲ့သို့ နိုင်ငံတကာ ဂုဏ်သတင်းမွှေးသော (Reputable University) တက္ကသိုလ်များအဖြစ်သို့ မြန်မာနိုင်ငံတက္ကသိုလ်များ ပြန်လည်ရောက်ရှိလာစေရန် ကိုဗစ်အလွန်ကာလတွင် အင်အားအပြည့်ဖြင့် အရွေ့တစ်ခုရအောင် ဤဆောင်းပါးများမှ  အုတ်တစ်ချပ်၊ သဲတစ်ပွင့်ပမာ ပါရမီ ဖြည့်ခွင့်ရလျှင် ကျွန်တော့်အနေဖြင့် ကျေနပ်အားရ ပီတိဖြစ်မိပါပြီ။

အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် (NMDC) ၏ အခြားတက္ကသိုလ်၊ ကောလိပ်များနှင့် မတူသည့်အချက်မှာ ခေတ်မီနည်းပညာများကို အသုံးပြုကာ စာတွေ့၊ လက်တွေ့ ပေါင်းစပ်သင်ကြားမှု ပုံသဏ္ဍာန်ကို ကောလိပ်ရှိ ဆရာ၊ ဆရာမများအပြင် အခြားတက္ကသိုလ်ရှိ ဆရာ၊ ဆရာမများနှင့် ပြင်ပလုပ်ငန်းရှင်များ၊ အသိပညာ၊ အတတ်ပညာရှင်များဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိခြင်းဖြစ်သည်။ ထို့အပြင် ကျောင်းသား၊ ကျောင်းသူများအားလုံးကို လုပ်ငန်းခွင်အလုပ်သင်လုပ်ငန်း (Internship) ၂-လမှ ၆-လ အတွင်း လက်တွေ့လုပ်ငန်းခွင်ဆင်းရန် စီစဉ်ထားရှိခြင်းကို တွေ့ရှိရပါသည်။ နောက်ဆုံးနှစ်ကျောင်းသား၊ ကျောင်းသူများကို လုပ်ငန်းခွင်ရှိ မန်နေဂျာများ၊ လူ့စွမ်းအား အရင်းအမြစ်ဒါရိုက်တာများ (HR Director) များနှင့် တွေ့ဆုံပေးသော အလုပ်ခွင်ပေါင်းစပ်ပေးသည့် ပွဲတော် (Career Fair) ကို နှစ်စဉ်ကျင်းပပေးခြင်းဖြင့် ဘွဲ့ရပြီးသည်နှင့် အများစုမှာ အလုပ်အကိုင် ချက်ချင်း ရရှိကြပါသည်။

အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်သည် ၁၉၄၈ ခုနှစ်တွင် သက်ကြီးတက္ကသိုလ် အဖြစ် စတင်ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။ ထို့နောက် ၁၉၆၄ ခုနှစ်တွင် လုပ်သားများကောလိပ်အဖြစ် ပြောင်းလဲဖွင့်လှစ်ခဲ့သည်။ ၂၀၀၄ ခုနှစ်တွင် အမျိုးသားစီမံခန့်ခွဲမှုပညာကောလိပ်ဖြစ်လာပြီး ၂၀၁၆ ခုနှစ်တွင် ဒီဂရီကောလိပ်အဖြစ်သို့ အဆင့်မြှင့်တင်ခဲ့၏။ ဒီဂရီကောလိပ်အဖြစ် စတင်ဖွင့်လှစ်သည့် ၂၀၀၄ ခုနှစ်တွင် Business Management Program ကို ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ English for Professional Purposes Program ကို ရန်ကုန်တက္ကသိုလ်တို့နှင့် ပူးပေါင်းကာ Program နှစ်ခုကို စတင် ပို့ချခဲ့ပါသည်။ ထို့နောက် ရန်ကုန်တက္ကသိုလ်နှင့်ပူးပေါင်းကာ ၂၀၀၇ ခုနှစ်တွင် Journalism ဘာသာရပ်နှင့် ၂၀၁၂ ခုနှစ်တွင် Tourism Management Program တို့ကို တိုးချဲ့ ဖွင့်လှစ်ခဲ့ပါသည်။ ၂၀၁၈ ခုနှစ်တွင် Tourism Management Program အတွက် သင်ရိုးညွှန်းတမ်းကို ခေတ်နှင့်ပိုမိုလျော်ညီအောင်ပြုပြင်ကာ Tourism and Hospitality Management Program အဖြစ် ရန်ကုန်စီးပွားရေးတက္ကသိုလ်နှင့် ပူးပေါင်းကာ ဖွင့်လှစ်ခဲ့ပါသည်။

အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် (NMDC) ၏ အခြားတက္ကသိုလ်များနှင့် ပူးပေါင်း ဖွင့်လှစ်သည့် ပုံသဏ္ဍာန်မှာ ကျောင်းသား၊ ကျောင်းသူများကို မိမိတို့ကျောင်းတွင် နောက်ဆုံးနှစ်အထိ သင်ကြားပေးပြီး ဘွဲ့လက်မှတ်ကိုပူးပေါင်းထားသည့် တက္ကသိုလ်များက ပေးအပ်ချီးမြှင့်ခြင်းဖြစ်ပါသည် ။

စတုတ္ထမဏ္ဍိုင်ဖြစ်သော သတင်းစာ၊ ဂျာနယ်၊ ရေဒီယို၊ တီဗွီ စသည်တို့အတွက် သတင်း ကျင့်ဝတ်ကောင်းဖြင့် ဆောင်ရွက်ရသော သတင်းအတတ်ပညာသည် နိုင်ငံတော်အတွက် အလွန်အရေးကြီးပါသည်။ ဤကောလိပ်မှ သတင်းအတတ်ပညာဘွဲ့ရနှစ်စဉ် (၅၀) ဦးခန့် မွေးထုတ်ပါသည်။ သို့သော် နိုင်ငံတကာ သတင်းအတတ်ပညာရှင် အရေအတွက်နှင်ယှဉ်ကြည့်လျှင် အလွန့်အလွန် နည်းနေပါသေးသည်။ မဟာဘွဲ့ (MA Journalism)၊ ပါရဂူဘွဲ့ရ (PhD Journalism) များစွာ ထွက်ပေါ်လာအောင် ဆောင်ရွက်ရပါဦးမည်။ ထိုအထဲမှာမှ စိုက်ပျိုးမွေးမြူရေးဆိုင်ရာ သတင်းအတတ်ပညာ (Agricultural Journalism) ကို သင်ကြား၊ သင်ယူရပါမည်။ 

သတင်းနည်းပညာ အမျိုးမျိုးမှာ -

(က) ပုံနှိပ်ထုတ်ဝေခြင်း (Print Media) ဥပမာ - တောင်သူကြီးများဂျာနယ်၊ ဒို့ကျေးရွာ၊ လယ်ယာစီးပွားသတင်း၊ 

(ခ) ရုပ်သံလွှင့်ခြင်း (Radio, TV Broadcasting) ဥပမာ - တောင်သူလယ်သမားကဏ္ဏ ရုပ်သံလိုင်း (Farmer Channel)၊ ရေဒီယိုမှကျေးလက်ဇာတ်လမ်း 

(ဂ) ခေတ်ဆန်သော၊ ခေတ်မီသော တယ်လီဖုန်းများ (Smart Mobile Phone) အသုံးပြု၍ တောင်သူပညာပေးခြင်း ဥပမာ - အစိမ်းရောင်လမ်း (Green Way App.)၊ ထွက်တိုး စသည်ဖြင့်၊

ယခုကျွန်တော်ဆောင်းပါးရေးနေသော အစိမ်းရောင်လမ်းတွင်ဆိုပါက အဖွဲ့ဝင် ပညာရှင်၊ လုပ်ငန်းရှင်များနှင့် တောင်သူဦးရေ ၂၈၅၀၀၀ ကျော် ရှိနေပါသည်။

သတင်းအတတ်ပညာအထူးပြုတက်ရောက်ခဲ့ကြသော ဘွဲ့ရကျောင်းသား၊ ကျောင်းသူများ 

စတင်ဖွင့်လှစ်သည့် ၂၀၀၇ - ၂၀၀၈ ပညာသင်နှစ်တွင် ပြန်ကြားရေးဝန်ကြီးဌာနက ပံ့ပိုး ရေးဆွဲပေးခဲ့သည့် သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာများကို အခြေခံကာ ပြန်ကြားရေးဝန်ကြီးဌာန နှင့် ပညာရေးဝန်ကြီးဌာနမှ ဆရာ၊ ဆရာမများ ပူးပေါင်းသင်ကြားပို့ချပေးခဲ့ပါသည်။ ၂၀၁၃ ခုနှစ်တွင် UNESCO Participation Program (2012-2013) အစီအစဉ်အရ “Capacity Building of Teachers of Journalism and Review on Journalism Courses at the Department of Journalism, National Management College” ခေါင်းစဉ်ဖြင့် သင်ရိုးညွှန်းတမ်းနှင့် သင်ရိုးမာတိကာများ အဆင့်မြှင့်တင် ရေးဆွဲခဲ့ပြီး ၂၀၁၃ - ၂၀၁၄ ပညာသင်နှစ်တွင် စတင်သင်ကြားပေးခဲ့သည်ဟုပြောပါသည်။

UNESCO Model သင်ရိုးညွှန်းတမ်းအရ အဓိကဘာသာရပ်များအဖြစ် သင်ကြားပေးသော သင်ရိုးများမှာ -  Journalism and Society, Reporting and Writing, Media Law, Translation for Journalism, Journalism Ethics, Business Journalism, Journalism Management, Public Affairs Reporting, Radio Journalism, Photo Journalism, Data Journalism, Newspaper Journalism, Television Journalism, Business and Economic Reporting, International Reporting, Environmental Journalism, Interactive Journalism, Magazine Journalism, Health Journalism နှင့် Reporting Diversity တို့ဖြစ်ပါသည်။

သတင်းအတတ်ပညာအထူးပြုဘာသာရပ်တွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် တတိယနှစ်၏ ပထမပညာသင်နှစ်ဝက်အပြီးတွင် ပုံနှိပ်မီဒီယာ (Print Media) များဖြစ်သည့် သတင်းစာ တိုက်၊ ဂျာနယ်တိုက်၊ မဂ္ဂဇင်းတိုက်များသို့ (Internship) လက်တွေ့လုပ်ငန်းခွင် ဆောင်ရွက်ခြင်းကို နှစ်လကြာ ဆောင်ရွက်ရပါသည်။ တတိယနှစ်၏ ဒုတိယပညာသင်ကာလ အပြီးတွင်လည်း ရေဒီယိုနှင့် FM အသံလွှင့် ဌာနများ၌ နှစ်လကြာ လက်တွေ့လုပ်ငန်းခွင် ဆောင်ရွက်ရပါသည်။

ထို့အတူ လုပ်ငန်းခွင်သုံး အင်္ဂလိပ်စာပညာ (English for Professional Purposes) သည်လည်း သာမန်အင်္ဂလိပ်စာ အထူးပြုမေဂျာများနှင့်မတူဘဲ လက်တွေ့လုပ်ငန်းခွင်နယ်ပယ်တွင်ကြုံတွေ့ နေရသော နိုင်ငံတကာစီးပွားရေးပညာရှင်များ၊ လုပ်ငန်းရှင်များနှင့်ဆက်သွယ်ပြောဆိုရာတွင် အထောက်အကူပြုစေရန်အတွက် တိုက်ရိုက်အသုံးဝင်သော လုပ်ငန်းခွင်သုံးအင်္ဂလိပ်စာများသာ သင်ကြားပေးသဖြင့် အလွန် အဖိုးတန်လှသောပညာဖြစ်ပါသည်။ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာဘွဲ့မှာလည်း ဘွဲ့ရရှိပြီးပါက လက်တွေ့စီးပွားရေးလုပ်ငန်းများကို (အစိုးရ၊ ပုဂ္ဂလိက) စနစ်တကျစီမံခန့်ခွဲမှုပေးနိုင်မည့် အသုံးချဘာသာရပ် (Applied Subject) ဖြစ်ပါသည်။ ဤဘွဲ့ပေးနေသောအခြားစီးပွားရေးတက္ကသိုလ်များနှင့်အတူ နိုင်ငံတော်အတွက်လိုအပ်လျှက်ရှိသော စီးပွားရေးပညာရှင်များနေရာကို ဖြည့်ဆည်းပေးနိုင်ပါလိမ့်မည်။

အနာဂတ် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်များအနေဖြင့် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ အောင်မြင်ပြီး သတင်းစာများမှ သီးခြားခေါ်ယူသည့်အခါ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ် (ဗိုလ်တထောင်မြို့နယ်) သို့ သတ်မှတ်ထားသော လျှောက်လွှာပုံစံများဖြင့် တိုက်ရိုက် လျှောက်ထားနိုင်ပါသည်။ 

လာမည့်ကာလများတွင် မြန်မာနိုင်ငံတက္ကသိုလ်များ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစနစ်ကျင့်သုံးရင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကို တိုက်ရိုက်အထောက်အကူပြုသော ပညာရပ်များ ပိုမိုသင်ယူလာခြင်းဖြင့် နိုင်ငံတော်အတွက် အနာဂတ် သားကောင်း၊ သမီးကောင်း ရတနာများ ဖြစ်နိုင်ကြပါစေဟူ၍ ဆုတောင်းမေတ္တာပို့သလိုက်ရပါသည်။ 

ဒေါက်တာမျိုးကြွယ် 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်