အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ (၄၉)၊ စိုက်ပျိုးရေးမှာလည်း အရေးပါသည့် စာကြည့်တိုက်များ (အပိုင်း - ၁)

14/11/2022 12:12 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – 49 Agricultural Libraries (Part 1)

စာကြည့်တိုက်ဆိုလျှင် ကျွန်တော်စာသင်ခဲ့သည့် ဆင်ပေါင်ဝဲ အထက ကျောင်းစာကြည့်တိုက်မှ စရေးရမည်ထင်ပါသည်။ ကျွန်တော်မှတ်မိသလောက် ၁၉၇၀-၇၃ ခုနှစ်များက ကျွန်တော်တို့နယ်မြို့ကလေးတွင် သိပ္ပံခန်း (ရူပဗေဒသင်သောဆရာ  ဦးစိန်အောင် စီမံကွပ်ကဲပါသည်)၊ ကျောင်းဥယျာဉ် (School Garden) (ဆရာဦးစိုးသိန်း ကြီးကြပ်ပါသည်၊ ဆရာ ယခုအထိ အသက်ရှိထင်ရှား ရှိပါသေးသည်၊ ဆရာက သဲကုန်း စိုက်ပျိုးရေး အထက ကျောင်းဆင်းတယောက်ပါ၊ ထို စိုက်ပျိုးရေးအထကကျောင်းများ ယခု မရှိတော့ပါ) နှင့် နောက်ဆုံး ကျောင်းစာကြည့်တိုက်ပါ။

ကျွန်တော်တို့ ကာတွန်းစာအုပ် (တေဇ၊ ရွှေသွေး ထင်ပါသည်)၊ ကျွန်တော်ငယ်ငယ်က အဖေ၊ အမေတို့က ကျောင်းဆရာများ ဖြစ်၍ ဘယ်မှ မလည်ရ၊ မသွားရပါ။ တစ်ခါတလေတော့ သားရေကွင်းပစ်၊ ကျောက်ဒိုး၊ သံလုံးလေးများဖြင့် ပိုက်ဆံအကြွေစေ့ ငါးပြား၊ ဆယ်ပြားစေ့ကလေးများ ထောင်ကာ ဒိုးပစ်ကစားခွင့်တော့ရပါသည်။ အိမ်မှာ နေရသည်ကများ၍ အိမ်ကယူသော သတင်းစာ၊ ဂျာနယ် စသည်တို့ဖတ်ရင်း စာဖတ်ဝါသနာပါခဲ့ပါသည်။ ၇ တန်းနှစ်လောက်ကပဲ ထင်သည်။ ဝတ္ထု၊ မဂ္ဂဇင်းတွေလည်း စဖတ်နေပါပြီ။ ငယ်ငယ်က ဒိုးပစ်ဖက် သူငယ်ချင်းများ၊ စာအုပ်အငှားဆိုင်က ဒေါ်ကြည်အေးလည်း ယခုထက်ထိ ဆင်ပေါင်ဝဲတွင် ရှိပါ သေးသည်။ 

၁၉၇၃-၇၄ ခုနှစ် ဒဿမတန်းတွင် ကျွန်တော် အထက - ၁ မကွေးသို့ ပြောင်းရွှေ့သင်ကြားခဲ့ပါသည်။ မကွေး အထက-၁ စာကြည့်တိုက်က ဆင်ပေါင်ဝဲထက် ပိုစုံပါသည်။ ကျွန်တော် သိပ်ပြီးတော့ မမှတ်မိတော့ပါ။ ကျွန်တော် ၁၉၇၄ စက်တင်ဘာ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပထမနှစ် တက်ရတော့ ယခင်အပတ်က ရေးသည့်အတိုင်း စာသင်ခန်းမ - ၂ အောက်ထပ်ရှိ စာကြည့်တိုက်တွင် စာအုပ်စငှား၍ ရပါပြီ။ စိုက်ပျိုးရေးတက္ကသိုလ် နှစ်လည်မဂ္ဂဇင်းများမှာ ရှားပါးမြန်မာစာအုပ်များထဲက တစ်ခုဖြစ်ပါသည်။ ထိုအချိန်က အတန်းကြီး ကျောင်းသား၊ ကျောင်းသူများ လုပ်အားပေးနေသော မြန်မာစာပေအသင်းမှနေ၍ (ကျွန်တော်တို့အခေါ် - ချန်မာရီ - ဆရာများအဆောင်) တွင် ညနေ ၅ နာရီမှ ည ၇ နာရီလောက်အထိ ဝတ္တု၊ ဂျာနယ်၊ မဂ္ဂဇင်းများ ငှားရမ်းပေးပါသည်၊ ငှားရမ်းခ အလကားလား၊ တစ်အုပ် ဆယ်ပြားလား မမှတ်မိတော့ပါ။ 

ကွန်တော်တို့ ပထမနှစ်နှင့် (ဒေါက်တာမြင့်လွင်တို့ ဒုတိယနှစ်)က ကင်းတားဆောင် (ယခု ငွေတောင်ဆောင်) တွင် နေရပါသည်။ အဆောင်မှူးက ဆရာ ဦးညွန့်ရွှေနဲ့ အဆောင်နည်းပြ ဦးနေဝန်းပေါ်နှင့် ဦးခင်မောင်နီတို့ဖြစ်ပါသည်။ ကျွန်တော်နှင့် ဆင်ပေါင်ဝဲ ကိုသန်းထွန်း (ကိုရောဘတ် -ကွယ်လွန်သွားပါပြီ) က အပေါ်ဆောင် အောက်ထပ်အရှေ့ဘက်ခြမ်း အခန်းနံပါတ် - ၆၆  မှာ အတူနေခဲ့ရပါသည်။ အဆောင်နည်းပြ ဦးနေဝန်းပေါ်က ' ဟေ့ကောင် မျိုးကြွယ် ကုန်သွယ်ရေး-၁ စာအုပ်ဆိုင် မှာ (စာသင်ခန်းမ - ၁ အောက်ထပ်တွင်ဖွင့်ပါသည်) အင်္ဂလိပ်အဘိဓာန်တွေဝယ်လို့ရတယ်' ဟု ပြောပါသည်။

ထိုအင်္ဂလိပ်အဘိဓာန် စာအုပ် (Learner English Dictionary) ကို ၂၀ကျပ်နှင့်ပြားစွန်း ပေးဝယ်ဖတ်ခဲ့ပါသည်။ ထိုစဉ်က အကြော်တစ်ခု ဆယ်ပြား၊ လဘက်ရည် တစ်ခွက် ၂၅ ပြား၊ ခေါက်ဆွဲကြော်တစ်ပွဲ တစ်ကျပ်၊ ရေဆင်း-ပျဉ်းမနား ကျောက်ကားခ (လိုင်းကားမဟုတ်ပါ၊ ကျောက်ခဲသယ်သော အမိုးဖွင့်ကားကြီးများ) ပြား ငါးဆယ်ပါ။ ခုခေတ် ခေါက်ဆွဲကျော်တစ်ပွဲ နှစ်ထောင်မှသုံးထောင်နှင့် ချိန်ထိုးလျှင် ကျွန်တော်ဝယ်ခဲ့သော အဘိဓာန် တန်ဖိုးမှာ လေးသောင်းမှခြောက်သောင်းခန့်နှင့် ညီမျှပါလိမ့်မည်။  ဒုတိယနှစ်လောက်ထင်ပါသည်။ ဆရာဉီးနေဝန်းပေါ်ဆီက Random House Dictionary (Good Second hand) စာအုပ်အဟောင်း ( အေဖိုးဆိုက် (A4 Size) နဲ့ ငါးလက္မလောက်အထူ၊ အညိုရောင်ကတ်ထူအဖုံးနဲ့ပါ)   ငါးဆယ်ကျပ် ပတ်ဝန်းကျင်ထင်ပါသည်၊ ပေးဝယ်ပြီး ဖတ်ခဲ့ပါသည်။ ထိုခေတ်တွေတုန်းက အင်္ဂလိပ်စာလုံး အဓိပ္ပာယ်မသိလျှင် အခုခေတ်လို အင်တာနက်က အဘိဓာန်ကြည့်၍မရပါ၊ စာအုပ်ကနေသာ ကြည့်ရပါသည်။

 ဒီလိုနှင့် ၁၉၇၉ စက်တင်ဘာ ကျောင်းပြီးပြီး လယ်ဘာသီးနှံဌာနမှာ နေ့စားလပေး လခနှင့် သရုပ်ပြ အကူစတင်ခဲ့ပါသည်။ ကျွန်တော့်သူငယ်ချင်း ဆန်ဂျေကူးမားနဲ့ပါ။ သူက အမေရိကားပြောင်းသွားပြီး ယခုကွယ်လွန်သွားပါပြီ။ စာသင်ရင်း ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်က ဖွင့်လှစ်သည့် မဟာစိုက်ပျိုးရေးသိပ္ပံ - လယ်ယာသီးနှံဘာသာပါ (M.Agr.Sc. (Agronomy))။

ကျွန်တော်က ကြီးကြပ်ဆရာ (Research Supervisor) ဦးစံသိန်းနှင့် သုတေသန ပြုလုပ်မည်ဖြစ်ပြီး ဘာသာခွဲ သီးနှံဇီဝကမ္မဗေဒ (Crop Physiology) ကို အထူးပြုခဲ့ပါသည်။ ကိုဆန်ဂျေးက သီးနှံစုံစိုက်စနစ် (Cropping Systems) ကို ကြီးကြပ်ဆရာ ဦးသန်းအောင်နှင့် အထူးပြုပါသည်။ ထိုအခါ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ စာကြည့်တိုက်ရှိ အင်္ဂလိပ်လို ပြဌာန်းစာအုပ်များ (English Text Books) ကို မွှေရနှောက်ရပါတော့သည်။ ကျွန်တော့် ကျောင်းသားဘဝ၊ ကျောင်းဆရာဘဝမှာ စာကြည့်တိုက်မှူး အဆက်ဆက်၊ ရေဆင်းစာတိုက်မှူးများ၊ စာလာပို့သူ (Post-man) အဆက်ဆက်အထိ ကျွန်တော် သူငယ်ချင်းပေါင်း ပေါင်းခဲ့ပါသည်။ စာကြည့်တိုက်မှူးများဆိုလျှင် ဦးကျော်မင်းဟန်၊ ဦးမြင့်သိန်း (အဘ)၊ ဒေါ်ဝင်းလဲ့လဲ့သန်း၊ နောက်ဆုံး ဒေါ်လှလှရီ အထိပေါ့။ စာတိုက်ဘက်ကတော့ ဦးတင်မောင်နှင့် ကိုလှဝင်းပဲ မှတ်မိပါတော့သည်။ တက္ကသိုလ်စာအုပ်ဆိုင်က ဦးဘသန်းဆီလည်း မကြာခဏရောက်ပါသည်။

ပထမဆုံးစာသင်ရသည်က ဒေါက်တာစိုင်းမြင့်လွင် (ဆရာ ကွယ်လွန်သွားပါပြီ) ရဲ့ အဆင့်မြင့် စာရင်းအင်းပညာ (Advanced Statistics) ကို ကျွန်တော်၊ ကိုဆန်ဂျေး၊ ကိမိလဗေဒမှ ဆရာမ ဒေါ်ဖြူဖြူလွင်တို့နှင့် အတူတူတက်ခဲ့ရပါသည်။ စတုတ္တနှစ်မှာ ကျွန်တော်တို့တုန်းက ဆရာ ဦးသန်းအောင်ရဲ့အခြေခံစာရင်းအင်းပညာ (Basic Statistics) သင်ခဲ့ရတော့ မဟာသိပ္ပံမှာ အဆင့်မြင့်စာရင်းအင်းပညာ သင်ခဲ့ရပါသည်ပေါ့။ စာမေးပွဲက ၂ ပတ်တကြိမ်လောက်စစ်တော့ ပထမဆုံး စာမေးပွဲမှာ ကျွန်တော် ဒီမိုင်းနပ် (D-) ရတာ အခုထိမှတ်မိနေပါသည်။ (စာမေးပွဲက အမေရိကန်စနစ် အေ၊ ဘီ၊ စီ၊ ဒီ၊ အီး) စာမေးပွဲတွေပေါင်းပြီး ပျှမ်းမျှရှာရင် ဒီနဲ့အီး က ကျောင်းဆက်တက်၍မရပါ။ အေ၊ ဘီမှာက ပလတ်စ် (Plus +) မိုင်းနပ်စ် (Minus - ) ခွဲခြားပါသေးသည်။ စာရင်းအင်းပညာ ရည်ညွှန်းစာအုပ်တွေ (Reference Books) စပေးပြီပေါ့။ ကျွန်တော်တို့ စာကြည့်တိုက်သွားပြီး ရှာဖွေရ၊ ငှားရမ်းရပါတော့သည်။ 

Steel and Torrie  ရဲ့ Principles and procedures of Statistics တို့ Snedecor and Cochran ရဲ့ Statistical Methods တို့ Cochran and Cox ရဲ့ Experimental Designs စသည်တို့ပေါ့။ အဲဒီကတည်းက စာရင်းအင်းပညာ ရင်းနှီးလာခဲ့ပါပြီ။ စိုက်ပျိုးရေးတက္ကသိုလ်စာကြည့်တိုက်မှာလည်း စာရင်းအင်းစာအုပ် များစွာရှိပါသည်။ 

နောက်တစ်ဘာသာက ဆရာမကြီး ဒေါက်တာလှတင်ဦးရဲ့ အပင်ဇီဝကမ္မဗေဒ (Advanced Plant Physiology) ကို သင်ယူခဲ့ရပါသည်။ ဆရာမကြီးက အင်္ဂလိပ်စာကျွမ်းကျင်၊ ကျွန်တော်က မပြောတတ် ပြောတတ်နှင့် ကျွန်တော့်ဆရာများဖြစ်သော ဦးဟန်ညွန့်၊ ဦးလှအောင်တို့နှင့်အတူတူ တက်ရောက်ခဲ့ရပါသည်။ ဆရာတို့မှာ အလွန်ထူးချွန်သော ဆရာများဖြစ်သော်လည်း ထိုခေတ်က ယခုခေတ် ဆရာ၊ ဆရာမများလောက် နိုင်ငံခြား ပညာသင်ဆု မများခဲ့ပါ။ နောက်ပိုင်းနှစ်များတွင်တော့ ဆရာဦးလှအောင်က အင်္ဂလန်နိုင်ငံမှ မဟာသိပ္ပံဘွဲ့ ရရှိခဲ့ပါသည်။ 

မြန်မာပြည်ရဲ့ စိုက်ပျိုးရေးပညာ သမိုင်းကတော့ စိုက်ပျိုးရေးတက္ကသိုလ်အစအဖြစ် မန္တလေးတက္ကသိုလ်၏ စိုက်ပျိုးရေးပညာ မဟာဌာန (Faculty of Agriculture) ကို ၁၉၂၄ ခု ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ စတင်ဖွင့်လှစ်သင်ကြားခဲ့သော်လည်း စိုက်ပျိုးရေးဆိုင်ရာ မဟာသိပ္ပံ (M.Agr.Sc.) ကိုမူ ၁၉၇၈ ခုနှစ်၊ စိုက်ပျိုးရေးဆိုင်ရာ ပါရဂူဘွဲ့(PhD in Agriculture) ကိုတော့ ၂၀၀၀ ခုနှစ်နောက်ပိုင်းမှသာ ဖွင့်လှစ်နိုင်ခဲ့ပါသည်။

ထိုင်းနိုင်ငံ ကက်ဆက်ဆပ်တက္ကသိုလ် (Kasetsart University – KU) က ၁၉၄၇ ခုနှစ်ကျမှ စိုက်ပျိုးရေးကောလိပ်အနေနှင့် ဖွင့်လှစ်ခဲ့ပြီး (ကျွန်တော်တို့မြန်မာနိုင်ငံထက် ၂၅ နှစ် နောက်ကျခဲ့ပါသည်) ယခုတော့ စိုက်ပျိုး၊ မွေးမြူရေး အခြေပြု မဟာဌာနပေါင်းများစွာ ပါဝင်သော ကျောင်းသား၊ ကျောင်းသူ ငါးသောင်းခန့် သင်ကြားနေသည့် နိုင်ငံတကာ အဆင့်မြင့်တက္ကသိုလ်ကြီးဖြစ်နေပါပြီ။ 

စိုက်ပျိုးရေးဘွဲ့ကြိုသင်တန်းအနေနှင့်ပင် မူလနေရာ ဘန်ကင်းပရဝုဏ်၊ နယ်မြေ (Main Campus – Bang khen Campus) နှစ်စဉ်ဘွဲ့ရ ၁၅၀၀ ဦး၊ ကီလိုမီတာ ၈၀ လောက်ဝေးသော ကင်ပင်ဆန် ပရဝုဏ်၊ နယ်မြေသစ် (New Campus – Kamphaensan Campus) (၁၉၇၉-ခုနှစ်တွင်မှ စတင်တည်ထောင်သည်။ ၁၂၇၂-ဟက်တာ ကျယ်ဝန်းပါသည်) တွင် ၁၀၀၀ ဦးခန့် (စုစုပေါင်း စိုက်ပျိုးရေးကျောင်းသား ၂၅၀၀ ဦးခန့်) နှစ်စဉ် မွေးထုတ် ပေးနေပါသည်။ ဒုတိယကမ္ဘာစစ်ပြီးမှ စတင်တည်ထောင်ခဲ့သည့် စိုက်ပျိုးရေး ကောလိပ်ကလေးမှနေ၍ မဟာဌာနပေါင်းများစွာ စိုက်ပျိုးမွေးမြူရေး မဟာဌာန (Faculty of Agriculture)၊ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာ မဟာဌာန (Faculty of Agro-Technology)၊ ငါးလုပ်ငန်းဆိုင်ရာ မဟာဌာန (Faculty of Fisheries)၊ သစ်တောပညာမဟာဌာန (Faculty of Forestry)၊ စီးပွားရေးပညာမဟာဌာန (Faculty of Economics)၊  ကူးသန်း ရောင်းဝယ်ရေးဆိုင်ရာစီမံအုပ်ချုပ်မှု မဟာဌာန (Faculty of Business Administration)၊ မွေးမြူရေးဆိုင်ရာ ဆေးပညာ မဟာဌာန (Faculty of Veterinary Medicine)၊ မွေးမြူရေးဆိုင်ရာ နည်းပညာ မဟာဌာန (Faculty of Veterinary Technology)၊ လူမှုရေးသိပ္ပံ မဟာဌာန (Faculty of Social Sciences)၊ အင်ဂျင်နီယာပညာ မဟာဌာန (faculty of Engineering)၊ ပတ်ဝန်းကျင်ဆိုင်ရာ မဟာဌာန (Faculty of Environment)၊ ပညာရေးမဟာဌာန (Faculty of Education)၊ သိပ္ပံပညာ မဟာဌာန (Faculty of Sciences)၊ လူမှုနှင့်ဝိဇ္ဇာပညာ မဟာဌာန (Faculty of Arts and Humanities) စသည်ဖြင့် ကျောင်းသား၊ ကျောင်းသူ ငါးသောင်းကျော် တက်ရောက်သင်ကြားနေသည်မှာ အားကျစရာကောင်းလှပါသည်။

ထိုင်းနိုင်ငံတွင် ကက်ဆက်ဆပ်တက္ကသိုလ်အပြင် စိုက်ပျိုးရေးပညာ ဘွဲ့ကြိုဘွဲ့လွန်မွေးထုတ်နေသော ချင်းမိုင် (Chiang Mai University)၊ မေဂျို (Maejo University)၊ ကုမ်ခမ် (Khon Kaen University)၊ အူဘွန် (Ubon Ratchathani University)၊ အိမ်ရှေ့မင်းသား ဆွန်ကလာ  (Prince of Song Kla University)၊ နာရီဆူဝမ် (Naresuan University)  နှင့် အခြားတက္ကသိုလ်များစွာ အားလုံးပေါင်းလျှင် နှစ်စဉ်  ထိုင်းနိုင်ငံ၌  စိုက်ပျိုး၊ မွေးမြူရေး၊ သစ်တော တက္ကသိုလ်ဘွဲ့ရ ၅၀၀၀ မှ ၁၀၀၀၀ (ငါးထောင်မှ တစ်သောင်းအကြား) မွေးထုတ်ပေးနေသည်နှင့် ကျွန်တော်တို့နိုင်ငံ တက္ကသိုလ်သုံးခုမှ ၁၀၀၀ (တစ်ထောင်) ခန့် မွေးထုတ်နေသည်ကိုနှိုင်းယှဉ် ကြည့်နိုင်ပါသည်။ 

သူတို့စာကြည့်တိုက်ကိုတော့ ကျွန်တော် ၂၀၂၀ ခုနှစ် တက္ကသိုလ်နှစ်ပတ်လည်နေ့ နိုင်ငံတကာမိတ်ဆွေ၊ စိုက်ပျိုးရေးသိပ္ပံပညာရှင်များကိုဖိတ်ကြားရာ ကျွန်တော်တက်ရောက်ခဲ့ပြီး စာကြည့်တိုက်ပါ လေ့လာခဲ့ရပါသည်။ သုတေသနစာတမ်းဖတ်ပွဲ (KU Annual Research Conference) နှင့် အတူ တက္ကသိုလ် စိုက်ပျိုးမွေးမြူရေးပြပွဲ (Kasetsart Fair) အထိအောင် နှစ်စဉ်ကျင်းပပါသည်။ 

(ဆက်ပါဦးမည်)

(ဒေါက်တာမျိုးကြွယ်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်