စိုက်ပျိုးရေးကဏ္ဍပြဿနာများကို ခွဲခြမ်းစိတ်ဖြာခြင်း (အပိုင်း-၁)

31/05/2023 13:00 PM တွင် U San Thein (Agri) U San Thein (Agri) မှ ရေးသား

Problem Diagnosis in Agriculture Sector

တောင်သူလယ်သမားနှင့် စိုက်ပျိုးရေးပညာရှင်သည် လူနာနှင့်ဆရာဝန်ကဲ့သို့ ဝေဒနာကိုကုစားရသလို လယ်ယာမြေပြဿနာအမျိုးမျိုးကို ဖြေရှင်းကြရပါသည်။ စိုက်ပျိုးရေးပညာရှင်များသည် တောင်သူတစ်ဦးစီပိုင် စိုက်ကွက်တစ်ကွက်ချင်း၏ပြဿနာကို ဖြေရှင်းပေးရသောကျွမ်းကျင်မှုအဆင့်မှ ကျေးရွာအုပ်စု၊ မြို့နယ်၊ ခရိုင်အတွင်းရှိ တောင်သူလယ်သမားထု၏ စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ အခက်အခဲ၊ အဟန့်အတားနှင့် ပြဿနာအမျိုးမျိုးတို့ကို ကျွမ်းကျင်မှုနယ်ပယ်အလိုက် ကူညီဖြေရှင်းပေးရပါသည်။

ဆရာဝန်တစ်ဦးအဖို့ လူနာ၏ ရောဂါဝေဒနာလက္ခဏာကို အကဲဖြတ်ခြင်းနှင့် ဓာတ်ခွဲအဖြေများကို စမ်းသပ်စစ်ဆေးခြင်းဖြင့် ရောဂါဝေဒနာအကြောင်းအရင်း(Causes) ကို ဖော်ထုတ်ပါသည်။ 

စိုက်ပျိုးရေးပညာရှင်တစ်ဦးအဖို့တော့ တောင်သူလယ်သမားတစ်ဦးချင်း တင်ပြချက်ကိုကြားနာ၍ ပြဿနာများ၏ အကြောင်းအရင်းကိုဆင်ခြင်သုံးသပ်ခြင်း (Cause of Problems )၊ တောင်သူအစုအဖွဲ့နှင့် ဦးတည် ပြဿနာကိုဆွေးနွေးခြင်း(Focus Group Discussion)၊ လိုအပ်သောအထောက်အထားအတွက် ရေ၊ မြေ၊ သီးနှံ၊ ကျွဲနှင့်နွား အစိတ်အပိုင်းတို့ကို ဓာတ်ခွဲကြည့်ခြင်း (Analysis)၊ ကျေးလက်စစ်တမ်းများ ကောက်ယူခြင်း (Survey)၊ သင့်တော်သောအကြံဉာဏ်ပေးနိုင်ရန် တောင်သူနမူနာစိုက်ကွက်ပေါ်တွင် စမ်းသပ်စိုက်ပျိုး အဖြေ ထုတ်ခြင်း(on-farm trial)၊ ယခင်အတွေ့အကြုံမှတ်တမ်းများကိုလေ့လာခြင်း(Secondary Data) စသဖြင့် ခွဲခြမ်းစိတ်ဖြာခြင်း၊  အကြောင်းအရင်းကိုရှာဖွေခြင်းနှင့် ဖြေရှင်းနည်းကို စမ်းသပ်အတည်ပြု ထုတ်ပြန်ပေးခြင်း တို့ကို လုပ်ဆောင်ကြရပါသည်။ 

ပြဿနာကို ခွဲခြမ်းစိတ်ဖြာရာတွင်ပြဿနာအတိမ်အနက်နှင့် အကျယ်အပြောကို အောက်ပါအတိုင်း ဆန်းစစ်ပိုင်းခြားနိုင်သည်။

  • ၁။ ပြဿနာဖြစ်နေမှု အကျယ်အပြန့်အတိုင်းအဆ (Distribution of Problem) (ထိခိုက်ခံစားနေရသော တောင်သူရာခိုင်နှုန်း)
  • ၂။ ပြဿနာကျရောက်နေသော သီးနှံစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်း၏ အရေးပါ အရာရောက်မှုနှင့် ဒေသတွင်း အရေးပါမှု (Importance of enterprise) 
  • ၃။ ပြဿနာ၏ အရေးတကြီးဖြစ်မှုအနေအထား (Seriousness of Problem) (အလွန်အရေးကြီး၊ အတော် အတန်အရေးကြီး၊ အရေးမကြီး)
  • ၄။ ပြဿနာအားလုံးအပေါ်မှ ပြဿနာတစ်ခုချင်းစီ၏ အရေးပါမှုအဆင့် (Relative Importance of Problem – ၁, ၂, ….)

ပြဿနာကိုဦးတည်သော ချဉ်းကပ်မှုစနစ်များ(Problem Oriented Approach)၊ ပြဿနာကို ခွဲခြမ်းစိတ်ဖြာနည်းများ၊ ပြဿနာကို ကျော်လွှားနိုင်သော နည်းလမ်းဖော်ထုတ်ခြင်းစနစ်များကို အောက်ပါအုပ်စုများက ကိုင်တွယ်ပါသည်။

  • ၁။ ဒေသတစ်ခုအတွက် တိုးချဲ့ပညာပေးဝန်ထမ်းများ
  • ၂။ ဂေဟစနစ်တစ်ခုအတွက် စိုက်ပျိုးရေးသုတေသီများ
  • ၃။ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသပြည်နယ်အတွင်း စီမံကိန်းရေးဆွဲသူများ၊ ပေါ်လစီအကောင်အထည်ဖော်သူများ
  • ၄။ ပြည်ထောင်စုအဆင့် ပေါ်လစီရေးဆွဲသူများ၊ စီမံကိန်းချမှတ်သူများ အာလုံးနဲ့ သက်ဆိုင်သော လုပ်ငန်းများကို ခေါ်ပါသည်။ 

ပြဿနာ၏နယ်ပယ် (၁)

တောင်သူများ၏ သီးနှံအထွက် ယုတ်လျော့ကျဆင်းနေခြင်း၊ လယ်ယာမြေ ကန်သင်းလေးဖက်အတွင်း (သို့) ကျေးရွာအုပ်စုအတွင်း အထွက်နှုန်းတိုးတက်ရန်ကိစ္စရပ်များကို ဆိုင်ရာတိုးချဲ့ရေးဝန်ထမ်းများ၊ လက်ထောက်ဦးစီးအရာရှိနှင့် ဒု-ဦးစီးအရာရှိအဆင့်ထိ တာဝန်ယူဖြေရှင်းကြရပါသည်။

ပြဿနာ၏နယ်ပယ် (၂)

တောင်သူများ၏ လယ်ယာသီးနှံလုပ်ငန်းဝင်ငွေကျဆင်းနေခြင်း၊ မြို့နယ်ခွဲ၊ မြို့နယ်ခရိုင်အတွင်း တောင်သူ လယ်သမားများ၊ လယ်ယာစီးပွားရေးလုပ်ငန်း ဝင်ငွေတိုးတက်ရေးကိစ္စရပ်များမှာ ပိုမိုကျယ်ဝန်း ရှုပ်ထွေးလာသဖြင့် ဦးစီးအရာရှိမှ လက်ထောက်ညွှန်ကြားရေးမှူးအထိ တာဝန်ယူဖြေရှင်းပြီး ပြဿနာရပ်များကိုကျော်လွှားရန်လိုအပ်လာပါမည်။

ပြဿနာ၏နယ်ပယ် (၃)

သီးနှံသားငါး၊ စီးပွားရေးလုပ်ငန်း Enterprise တစ်ခုခု၊ ဒေသတွင်းနှင့် ကမ္ဘာ့ကုန်သွယ်မှုတွင် ယှဉ်ပြိုင် စွမ်းအားကျဆင်းနေသောပြဿနာများကို တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ပြည်ထောင်စုအဆင့် ညွှန်ကြားရေးမှူးများ၊ ရုံးချုပ်ညွှန်ချုပ်များ၊ အထက်အရာရှိများနှင့် တာဝန်ခံများ အဆင့်ဆင့်ကဖြေရှင်းကျော်လွှားရန် ကိစ္စရပ်များဟူ၍ ပိုင်းခြားနိုင်ပါသည်။ ဤသို့ ပြဿနာကို အဆင့် (Level) အမျိုးမျိုးတွင် တာဝန်ယူမှု၊ တာဝန်ခံမှု (Accountability) ရှိစွာဖြင့် ရာထူးအလိုက် စိန်ခေါ်ပြီး တာဝန်ခံ ဆောင်ရွက်သင့်သည့်အနေအထားကို ရောက်ရှိလာနေပြီဖြစ်သည်။ 

ပြဿနာကို အဆင့် (Level) အလိုက် လုပ်ငန်းတာဝန်ခွဲခြားခြင်း

၁။ သီးနှံအထွက်နှုန်းနိမ့်ကျရခြင်းမှာ စိုက်ပျိုးနယ်မြေအတွင်း ရေ၊ မြေ၊ ရာသီဥတု၊ မျိုး၊ စိုက်စနစ် စသော ရုပ်ပိုင်းဇီဝဆိုင်ရာအကြောင်းအချက်များကြောင့်ဖြစ်နိုင်ပြီး ယင်းကို ကျေးရွာအုပ်စုတာဝန်ခံများအနေဖြင့်  ကိုင်တွယ်ဖြေရှင်းနိုင်သော စွမ်းဆောင်ရည်လိုအပ်ပါမည်။

၂။ တောင်သူများဝင်ငွေနည်းခြင်းအကြောင်းများတွင် နယ်မြေဒေသ၏ ဇီဝ၊ ရူပ အကြောင်းအချက်များအပြင် စျေးကွက်၊ သွင်းအားစု၊ လူမှုစီးပွားရေး၊ စျေးကွက်ချိတ်ဆက်မှုနှင့် စျေးကွက်ဝန်ဆောင်မှုစသော သီးနှံတစ်ခု၏ တန်ဖိုးကွင်းဆက်တလျှောက် ကျယ်ပြန့်သောအကြောင်းအရာများပါဝင်နိုင်ပြီး ဦးစီးအရာရှိအဆင့်မှ တိုင်းဒေသပြည်နယ်၊ ညွှန်မှူးအဆင့်ထိ တာဝန်ရှိသူများသည် ပြဿနာကိုကိုင်တွယ်ဖြေရှင်းရန် စွမ်းဆောင်ရည်နှင့် ဆက်စပ်ပေါင်းစည်း အဖြေရှာလုပ်ကိုင်တတ်ရန် လိုအပ်ပါမည်။

၃။ လယ်ယာသားငါး စီးပွားရေးလုပ်ငန်းတစ်ခုခု ယှဉ်ပြိုင်စွမ်းအားမြှင့်တင်နိုင်ရန်ဆိုပါက အထက်ဆိုခဲ့ပါ ၁ နှင့် ၂ အပြင် တိုင်းဒေသ၊ ပြည်နယ်၏ လူမှုစီးပွားရေး (Scope of Economy)၊ တန်ဖိုးကွင်းဆက်၏ ဟာကွက်များနှင့်အခက်အခဲပြဿနာများ (Value Change Gaps) နှင့် မတူညီသော ဂေဟဗေဒစနစ်အခြေခံပြဿနာများ၊ နိုင်ငံတဝန်း စိုက်ပျိုးရေး၊ စက်မှုနှင့် ကုန်သွယ်မှုပေါ်လစီရေးရာနှင့်ကျင့်ထုံးများ (cross-cutting issues) စသည့် ဘုံပြဿနာများကို ညွှန်ကြားရေးမှုးနှင့်အထက် အဆင့်မြင့်တာဝန်ခံအရာရှိများက ဖြေရှင်းအဖြေရှာ အကောင် အထည်ဖော်ရန်အတွက် ဖြေရှင်းနိုင်သော လေ့လာမှုနှင့်အတွေ့အကြုံလိုပါမည်။

၄။ အထက်ပါပြဿနာများ ခွဲခြားစိတ်ဖြာမှုပြုရာတွင် ပြဿနာ၏အမျိုးအစားကိုခွဲခြား၍ စိုက်ပျိုးရေး တိုးချဲ့ဝန်ထမ်းနှင့်ဆိုင်သောကိစ္စရပ်၊ စိုက်ပျိုးရေးသုတေသနနှင့်ဆိုင်သောကိစ္စရပ်၊ ပေါ်လစီရေးရာနှင့် စီမံမှုဆက်စပ်ပြီး ငြိတွယ်နေသောကိစ္စရပ်ဟု ခွဲခြားဖော်ပြရန် လိုအပ်ပါသည်။ ကျွမ်းကျင်မှုနယ်ပယ်စုံမှ အဖြေရှာဆောင်ရွက်ရန်လည်း လိုကောင်းလိုပါမည်။ 

၅။ အထက်ပါ အပိုဒ် (၁) သီးနှံအထွက်နှုန်းနိမ့်ကျရခြင်းနှင့် သီးနှံဈေးကောင်းမရခြင်းပြဿနာကို ခွဲခြမ်း စိတ်ဖြာရန် အောက်ပါနမူနာပြ ခွဲခြမ်းစိတ်ဖြာမှုနည်းလမ်းများကို သရုပ်ပြပုံများဖြင့် ရှင်းလင်းတင်ပြထားပါသည်။

ပုံ(၁)။ ၁ နှင့် ၂ သည် N ချို့တဲ့မှု ပြဿနာ ပူးတွဲအကြောင်းအရင်း Joint Causes ဖြစ်သည်။ ပြဿနာကို တပြိုင်နက် သက်ရောက်စေသည့် ၂, ၃, ၄, ၅ သည် Causes of causes ကွင်းဆက် အကြောင်းအရင်းများ ဖြစ်သည်။

ပုံ(၂)။ အထွက်ကျခြင်းပြဿနာအပေါ် ၁ နှင့် ၂ သည် ပြိုင်တူ အကျိုးသက်ရောက်သော ပူးတွဲအကြောင်း အရင်းဖြစ်သည်။

ပုံ(၃)။ စပါးသီးထပ် မတ်ပဲ အထွက်နည်းခြင်း (ပြဿနာ) အပေါ်ဆင့်ကဲလွှမ်းမိုးသော (multiple causes)     တစ်ခုမကအကြောင်းအရင်းများ 

ပုံ(၄)။ အသေးစားတောင်သူတစ်ဦးနှမ်းစိုက်ပျိုးထုတ်လုပ်ရောင်းချခြင်းမှ သီးနှံရောင်းဈေး အရနည်းသော အကြောင်းအရင်းများ (Cause of Low Sale Price)

ပုံ(၅)။ ရောဂါဆောင်စုပ်စားအင်းဆက်နှင့် အပူချိန်မြင့်မားသောစိုက်ပျိုးချိန် (မေ၊ ဇွန်) သည် ပဲတီစိမ်းခင်းလုံးကျွတ် အဝါရောင်မိုစိတ် virus ရောဂါကျရောက်မှုပြဿနာ၏ ပူးတွဲအကြောင်းအရင်း (Joint Cause) ဖြစ်သည်။ မိုးနှောင်းကာလစိုက်ချိန်ကို ပြောင်းလဲစိုက်ပျိုး၍ ရောဂါခံနိုင်ရည်မျိုးကိုသုံးနိုင်ပါက ရောဂါကျအထူးသက်သာလျော့နည်း၍ ပိုးသတ်ဆေးပက်ဖျန်းမှုကို လျှော့ချနိုင်ပါသည်။ 

(ယခုတင်ပြချက်သည် ကျေးရွာအုပ်စုနယ်နိမိတ်အတွင်း အထွက်နှုန်းကျဆင်းခြင်းပြဿနာကို ခွဲခြမ်းစိတ်ဖြာ နည်းများဖြစ်ပါသည်။ နောက်တပတ်တွင် ပြဿနာခွဲခြမ်းစိတ်ဖြာမှုအပိုင်း (၂) ကို ဆက်လက်တင်ပြပါမည်။ အပိုင်း (၂) တွင် တောင်သူများ၏ ဝင်ငွေနည်းခြင်းအကြောင်းအရင်းခွဲခြမ်းစိတ်ဖြာမှုစနစ်ကို ဆွေးနွေးပါမည်။)

စံသိန်း (စိုက်ပျိုးရေး)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
County 24 SC ( ကောင်တီ ၂၄ အက်စ်စီ) Active Ingredient : Chlofenapyr 24% သီးနှံခင်းများရှိ လှေး ၊ ငမြောင်တောင်၊ သီးလုံးဖောက် ၊ စိန်ကွက်ဖလံ ၊ ရွက်ထွင်း ၊ မွှားပင့်ကူကဲ့သို့ ပိုးများစွာကို နှိမ်နင်းနိုင်သည်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်