ပဲတီစိမ်း၊ မတ်ပဲ ဘက်တီးရီးယား ရွက်​ခြောက်​ရောဂါ

28/12/2022 13:00 PM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား
  • မြန်မာအမည်    = ဘက်တီးရီးယားရွက်​ခြောက်​ရောဂါ
  • အင်္ဂလိပ်အမည် = Common leaf blight, Halo blight
  • သိပ္ပံအမည်       = Common bligh (Xanthomonas phaseoli
  •                        = Halo blight (Pseudomonas phaseolicola)

နှစ်စဉ်နီးပါးကျရောက်​လေ့ရှိပေမဲ့ မြန်မာ့ပဲစိုက်​တောင်သူများ သတိမထားမိ​သေးတဲ့​ရောဂါကတော့

ဘက်တီးရီးယား ရွက်​ခြောက်​ရောဂါပါ။

စပါးရွက်​ခြောက်​ရောဂါ(BLB) ကို လူသိများ​ပေမဲ့ ပဲရွက်​ခြောက်​ရောဂါကိုတော့ ​အသိနည်းကြပါ​သေးတယ်။

ဆေးဖျန်းလို့ အရွက်​လောင်တာလိုလို...

​နေ​ပူရှိန်ပြင်းထန်လို့ ​နေပူ​လောင်တာလိုလိုပဲ ထင်တတ်ကြပါတယ်။

ကမ္ဘာ့အပူချိန်​ပြောင်းလဲလာတာနဲ့အမျှ အပင်​ရောဂါကျ​ရောက်မှုပုံစံတွေဟာလည်း ​ပြောင်းလဲလာတာကို အစိမ်း​ရောင်လမ်း အဖွဲ့ဝင်များနဲ့တကွ စာဖတ်ပရိတ်သတ်များ သတိပြုမိ​စေရန် ​ရေးသားတင်ပြရခြင်းဖြစ်ပါတယ်။

ရောဂါဖြစ်​စေသက်ရှိ

​မြေ​ဆောင်၊ မျိုး​စေ့​ဆောင် ဘက်တီးရီးယားဖြစ်ပြီး အမျိုးအစား၂ မျိုးရှိတာ တွေ့ရပါတယ်။

 

၁။ သာမန်ရွက်​ခြောက်​ရောဂါ (common bean leaf blight disease)

  • ဇင်သိုမိုးနပ်စ် ဘက်တီးရီးယားမျိုးစိတ်ကြောင့် ဖြစ်ပါတယ်။

၂။ ​ဟေလို ရွက်ခြောက်​ရောဂါ (Halo leaf  blight disease)

  • ဆူဒိုမိုးနပ်စ် ဘက်တီးရီးယားမျိုးစိတ်​ကြောင့် ဖြစ်ပါတယ်။

ရောဂါလက္ခဏာ

ဘက်တီးရီးယား​ရောဂါ စတင်ဝင်​ရောက်ကာစ လက္ခဏာဟာ ​ရေစိုနာအစက်အ​ပြောက်​လေး​တွေကနေ စတင်ပါတယ်။

ဘက်တီးရီးယားဆိုတာ ကိုယ်တိုင် အပင်ဆဲလ်အတွင်း ထိုး​ဖောက်ဝင်​ရောက်နိုင်ခြင်းမရှိပါဘူး။

  • အင်းဆက်​တွေ ကိုက်တဲ့ဒဏ်ရာ
  • လေပြင်းတိုက်ခတ်လို့ ရတဲ့ဒဏ်ရာ
  • မိုးသည်းထန်လို့/​မိုးစက်မှန်လို့ ထိခိုက်ဒဏ်ရာ
  • အပင်သဘာဝ စတိုမာအ​ပေါက်များ
  • အခြားသက်ရှိတစ်မျိုးမျိုး​ကြောင့်ရတဲ့ဒဏ်ရာများကတဆင့်သာ ဝင်​ရောက်နိုင်ပါတယ်။

ဒါ​ကြောင့် ​ရောဂါရပုံသဏ္ဍာန်ဟာ ရရှိတဲ့ ဒဏ်ရာအ​ပေါ်လည်း မူတည်ပါတယ်။

များ​သောအားဖြင့် အရွက်ရဲ့​အောက်ဖက်မျက်နှာမှာ ဆီစွန်း၊​ရေစိုနာ အညို​ပြောက်​လေး​တွေ​တွေ့ရပါတယ်။

​​ရောဂါစ​တွေ့ပြီး ၁၀ - ၁၄ ရက် ကြာရင် အလယ်တစ်သျှူးသား​​တွေ ညို​ခြောက်ပြီး အဝါ​ရောင်အနားသတ်လိုင်းနဲ့ အရွယ်အစား၊ ပုံသဏ္ဍာန် မညီ​သော ရွက်​ပြောက်၊ ရွက်​ခြောက် လက္ခဏာ​ တွေ့ရပါတယ်။

Common blight နဲ့ Halo blight လက္ခဏာက သိပ်မကွာပါဘူး။

Halo blightက​တော့ အကွက်ပိုကြီးပြီး နှတ်ခမ်းနား​တွေမှာအဝါ​ဖျော့​ရောင်  အရွက်ခြောက်တာ​တွေ့ပါတယ်။

ဘက်တီးရီးယားမှန်းသိသာ​စေတာက​တော့ ကူးစက်မြန်ခြင်းပဲ ဖြစ်ပါတယ်။

အချိန်မီ ကာကွယ်နိုင်ခြင်းမရှိရင် တကွင်းလုံး​ခြောက်​သွေ့ပြီး ဆုံးရှုံးနိုင်ပါတယ်။

ဖြစ်တတ်​သောရာသီဥတု

  • အပူချိန် ၂၈-၃၂ ဒီဂရီ ဆဲစိယပ် အကြား
  • မိုးရွာတလှည့်၊​​ နေပူတလှည့် အ​ခြေအ​နေ
  • မိုးမရွာ​ဘဲ လေပြင်းတိုက်ခတ်သည့်အ​ခြေအ​နေ
  • မိုးကြီးရွာပြီး ပူ​နွေး၊ စိုစွတ်အ​ခြေအ​နေ​တွေမှာ ဘက်တီးရီးယား ဝင်နိုင်ပါတယ်။

ကြိုတင်ကာကွယ်ခြင်း

  • မျိုး​စေ့ကို ၄၅ ဒီဂရီဆဲစိယပ် ​ရေ​နွေးမှာ ၁၀ မိနစ် စိမ်စိုက်ခြင်း (သို့မဟုတ်) စထရက်တိုမိုင်စင် (streptomycin) နှင့် လူးနယ်စိုက်ခြင်း
  • ခံနိုင်ရည်ရှိ​သော မျိုးစေ့ကိုအသုံးပြုခြင်း
  • ရောဂါလက်ခံပင်များ၊​ ပေါင်းပင်များ ရှင်းလင်းခြင်း
  • ၂ နှစ်တကြိမ် မတူညီ​သောသီးနှံ အလှည့်ကျ စိုက်ပျိုးခြင်း
  • ကော့ပါး​ဆေး တမျိုးမျိုးကို ၁၀ ရက်ခြား ဖျန်းခြင်းများ ပြုလုပ်ပေးပါ။

ရောဂါကုသခြင်း

​အော်ဂဲနစ်နည်းဖြင့် ဘက်တီးရီးယားရွက်​ခြောက်​ရောဂါကို ကုသနည်း မသိ​သေးပါ။

ဓာတု​ဆေးဖြင့် ကာကွယ်နှိမ်နင်းမယ်ဆိုရင်တော့...

Xanthomonas  sp,အတွက် ...

Bismerthiazol (ဖာတီဇို, ဘီလီယံ...) ကို အသုံးပြုနိုင်ပါတယ်။ (Pseudomonas  sp အတွက်တော့ မ​သေချာပါ)

အကယ်၍ ​ဘက်တီးရီးယား ရွက်​ခြောက်ရောဂါလက္ခဏာဟု သံသယရှိရင်တော့...

ပင်ပြလက္ခဏာကို ဖုန်းဖြင့် ရှင်းလင်းစွာ ရိုက်ပြီး အစိမ်း​ရောင်လမ်း(အ​မေးအဖြေကဏ္ဍ)ကို အလျင်အမြန် ဆက်သွယ်​မေးမြန်း အကူအညီရယူပါလို့ အကြံပြုတင်ပြရင်း...

​စေတနာများစွာဖြင့်...

ဒို့ဦး​လေး

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်