အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ(၂၅) အခန်း(၁၃) ဥယျာဉ်ခြံသီးနှံစိုက်ပျိုးရေးပညာ

30/05/2022 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

       Chapter(13) Horticulture 

        စိုက်ပျိုးရေး (Agriculture) ဘာသာကြီး၏အောက်တွင် လယ်ယာသီးနှံ (Agronomy) နှင့် ဥယျာဉ်ခြံသီးနှံ (Horticulture) ဟူ၍ ထပ်မံခွဲနိုင်ပါသည်။

ဥယျာဉ်ခြံသီးနှံ၏အဓိပ္ပာယ်မှာ လက်တင်ဘာသာဖြင့် (Hortus-Garden) ဥယျာဉ်ခြံနှင့် (Colere – To grow or to cultivate) စိုက်ပျိုးခြင်းဖြစ်ပါသည်။ Garden သည်လည်း လက်တင်ဘာသာ Gyrdan မှ ဆင်းသက်လာပြီး ‘To enclose’ ခြံခတ်ပြီး စိုက်ပျိုးခြင်း ဖြစ်ပါသည်။

တနည်းအားဖြင့် လယ်ယာသီးနှံသည် အများအားဖြင့် ကွင်းကျယ် (Field) တွင်  ကျယ်ပြန့်စွာ (Extensive Cultivation) စိုက်ပျိုးရသော သီးနှံများဖြစ်ပြီး ဥယျာဉ်ခြံသီးနှံ (Horticulture) သည် ကွင်းကျဉ်း (သို့) ခြံဝန်းအတွင်း၌ အသေးစိတ်၊ ဂရုတစိုက်ပြုစုစိုက်ပျိုးခြင်း (Intensive Cultivation) ဖြစ်ပါသည်။ ခေတ်မီနည်းနစ်ဖြစ်သည့် (အလင်းရောင်၊ အပူချိန်၊ ရေအာဟာရဓာတ်တို့ထိန်းချုပ်၍) မှန်ခြံဖြင့် စိုက်ပျိုးနည်းစနစ် (Green House/Glass House Agriculture) အကြောင်းကိုလည်း နောက်ပိုင်းတွင် သီးသန့်ရေးသားပါဦးမည်။

ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသားဘဝက ဥယျာဉ်ခြံသီးနှံဘာသာရပ်ကို စာသင်ကြား ပေးလိုက်သောဆရာ (၃) ဦး ရှိပါသည်။ ဆရာကြီးဒေါက်တာစိန်လှဗိုလ်၊ ဆရာကြီးဦးလှအောင်နှင့် ဆရာ ကြီးဦးခင်မောင်နီတို့ ဖြစ်ပါသည်။ ဆရာကြီးဒေါက်တာစိန်လှဗိုလ်မှာ ယခုလက်ရှိ မြန်မာတောင်သူကြီး များဂျာနယ် (The Farmer Myanmar Journal) တွင်ဆောင်းပါးများရေးသားနေသူ ပင်တိုင် စာရေးဆရာ တစ်ဦးဖြစ်၍ ဥယျာဉ်ခြံသီးနှံများအကြောင်း ကျွန်တော့်ထက်ပိုမိုပြည့်စုံစွာ ရေးသားပါလိမ့်မည်။

ဥယျာဉ်ခြံသီးနှံများကို အောက်ပါအတိုင်း အမျိုးအစား အမျိုးမျိုး၊ ဘာသာခွဲအမျိုးမျိုး ထပ်မံခွဲခြား နိုင်ပါသည်။

(၁) သစ်သီးဝလံပညာ (Fruit Science)

ဤပညာမှာ (Pomology) စကားလုံးနှစ်လုံးမှ ဆင်းသက်လာခြင်းဖြစ်ပါသည်။ Porum-Fruits သစ်သီးနှင့် Logos-discourse or study လေ့လာခြင်း၊ သစ်သီးများအကြောင်း လေ့လာခြင်းဖြစ်သည်။ ကျွန်တော်တို့နိုင်ငံအပါအဝင် အပူပိုင်း သစ်သီးများမှာ သရက် (Mango)၊ ငှက်ပျော (Banana)၊ နာနတ် (Pineapple)၊ သင်္ဘော (Papaya)၊ မာလကာ (Guava)၊ အုန်း (Coconut)၊  ရှောက်၊ သံပုရာ မျိုးရင်းဝင် အပင်များဖြစ်သော (Citrus) ကျွဲကော၊ သံပုရာ (Lime)၊ ရှောက်၊ လိမ္မော် (Tangerine) တို့ဖြစ်ပါသည်။

(၂) ဟင်းသီးဟင်းရွက်စိုက်ပျိုးခြင်း လေ့လာသော သိပ္ပံပညာ (Vegetable Science)

ဤပညာမှာ (Olericulture) စကားလုံးနှစ်လုံးမှ ဆင်းသက်လာပါသည်။ Oleris-Potherb (Leafy Vegetable) အရွက်များများရှိသောအပင်စိုက်ပျိုးခြင်း (Cultra-Cultivation) ဖြစ်ပါသည်။

ဥပမာ- ချဉ်ပေါင် (Roselle)၊ ဂေါ်ဖီထုပ် (Cabbage)၊ ကန်စွန်း၊ မုံညင်းမုံလာ၊  ခရမ်းသီး (Egg Plant/Brinjal)၊ ရုံးပတီ (Okra)၊ ခရမ်းချဉ်သီး (Tomato)၊ ငရုတ် (Capsicum)၊ ပဲသီး (Peas/Beans)၊ သခွားသီး (Cucumber) စသည်ဖြင့် များစွာရှိပါသည်။

(၃) ပန်းမန်စိုက်ပျိုးခြင်းအားလေ့လာသော သိပ္ပံပညာ (Flower Science)

ဤပညာမှာ (Floriculture) ဆိုသော စကားလုံးနှစ်လုံးမှ ဆင်းသက်လာပါသည်။ (Florus-Flower) ပန်းမန်နှင့် (Cultra-Cultivation) စိုက်ပျိုးခြင်းတို့ ဖြစ်ပါသည်။

ဥပမာ-နှင်းဆီ (Rose)၊ ဂန္ဓမာ (Chrisanthemum)၊ စပယ် (Jasmine)၊ သစ်ခွ (Orchid)၊ ဒေလီယာ (Dahlia)၊ မေမြို့ပန်း (Aster) စသည်တို့ဖြင့် များစွာရှိပါသည်။

(၄) ဥယျာဉ်ခြံ၊ ပန်းခြံ၊ ဟော်တယ်၊ အားကစားကွင်းများအား အလှအပဆင်ခြင်းနည်းပညာ (Landscape Technology)

ဤပညာမှာမူ (Land scape Gardening) ယခုနောက်ဆုံးပေါ်နည်းပညာဖြစ်ပြီး စိုက်ပျိုးရေးနှင့် အင်ဂျင်နီယာဗိသုကာပညာ (Architecture) ပေါင်းစပ်ဖွဲ့စည်းထားကာ နိုင်ငံတကာတွင် ရေပန်းစားနေ သောဘာသာ (Popular Subject) ဖြစ်နေပါသည်။

(၅) ဥယျာဉ်ခြံသီးနှံများ ရိတ်သိမ်းပြီးနည်းပညာ (Post harvest Technology of Horticultural Crops) 

လယ်ယာသီးနှံများ ရိတ်သိမ်းပြီးနည်းပညာနှင့် အနည်းငယ်ကွာခြားပြီး ဥယျာဉ်ခြံသီးနှံများကို ကြာရှည်ထားခံအောင် (Preservation)၊ တန်ဖိုးမြင့်အောင် (Value-added)၊ ပြုပြင်မွမ်းမံခြင်း (Processing) နှင့် ထုပ်ပိုးခြင်းနည်းပညာ (Packing Technology) တို့ကိုပါ ပေါင်းစပ်လေ့လာသော အသုံးချပညာရပ်တစ်ခု ဖြစ်ပါသည်။

ဥပမာ- စပျစ်မှ ဝိုင်ဖျော်ရည်ထုတ်လုပ်ခြင်း (Wine Science/Wine Production) လိမ္မော်၊ ပန်းသီး၊ သရက်သီး ဖျော်ရည်များ (Fruit Juices) ပြုပြင်မွမ်းမံ ထုတ်လုပ်ခြင်း၊ ထိုပညာများကို ပြုလုပ်ပေးခြင်းဖြင့် ခရမ်းချဉ်သီး၊ လိမ္မော်သီး၊ စပျစ်သီး ပေါများစွာ ထွက်ရှိနေချိန်တွင် ဈေးကောင်းရနိုင်ရန် ပြုပြင်မွမ်းမံပြီး တစ်နှစ်ပတ်လုံး ရောင်းချရန်ဖြစ်ပါသည်။

ခရမ်းချဉ်သီးယို၊ ကျောက်ဖရုံယို၊ ဇီးယို စသည်တို့ကိုလည်း ပြုပြင်မွမ်းမံ၍ ပြည်တွင်းဈေးကွက် တွင်သာမက ပြည်ပဈေးကွက်များပါ တွင်ကျယ်စွာ ရောင်းချနိုင်ပါသည်။ 

(၆) နှစ်ရှည်သီးနှံများ (Horticultural Plantation Crops) 

လယ်ယာသီးနှံနည်းတူ ဥယျာဉ်ခြံနှစ်ရှည်သီးနှံပင်များ စိုက်ပျိုးပြုစု၍ ရိတ်သိမ်း၊ ပြုပြင်မွမ်းမံ ထုတ်လုပ်နိုင်ပါသည်။

ဥပမာ- ကော်ဖီ (Coffee)၊ လက်ဖက် (Tea)၊ အုန်း (Coconut)၊ ကျွဲကော (Pomello)၊ ကိုကိုး (Cacao)၊ ဒူးရင်း (Durian)၊ မင်းဂွတ် (Mangosteen) စသည့် သစ်သီးပင်များ ဖြစ်ပါသည်။

(၇) ဟင်းခတ်အမွှေးအကြိုင်ပင်များ (Spices and Condiments) 

လယ်ယာသီးနှံနှင့် ဥယျာဉ်ခြံသီးနှံ အဓိပ္ပာယ်ဖော်ဆောင်မှု ရောထွေးနေသောအပင်များ ဖြစ် ပါသည်။ 

ဥပမာ- ကြက်သွန်နီ (Onion)၊ ငရုတ် (Chili) တို့ကို ကွင်းအကျယ်ကြီး စိုက်ပျိုးပြီး ရောင်းချမည်လား (လယ်ယာသီးနှံ)၊ တစ်ဧကအောက်ကွင်းအတွင်းတွင် ဂရုတစိုက်ပြုစုစောင့်ရှောက်ရင်း ငရုတ်သီး၊ ကုလားအော်သီးများ၊ ဟင်းသီးဟင်းရွက်အနေဖြင့် နေ့စဉ်ခူးကာ ရောင်းချမည်လား (ဥယျာဉ်ခြံ) စသည်တို့ဖြစ်ပါသည်။

ဥပမာ- ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ဂျင်း (Ginger)၊ နနွင်း (Turmeric)၊ ဖာလာ (Cardamom)၊ လေးညှင်း (Clove)၊ သစ်ကြံ့ပိုး (Cinnamon) တို့ဖြစ်ပါသည်။

(၈) ဆေးဖက်ဝင်အပင်နှင့် အမွှေးနံ့သာအပင်များ (Medicinal and Aromatic Plants) 

ဆေးဖက်ဝင်အပင်များတွင် လူတို့အတွက်အကျိုးရှိသော ဒုတိယ အစာချေဖျက်နိုင်သော ဓာတု ပစ္စည်းများ (Secondary Metabolites) ဥပမာ-အယ်ကာလွိုက် (Alkaloids), ဂလိုင်ကိုဆိုဒ် (Glycosides), ကိုကူမာရင် (Coumarins), ဖလေဟိုနိတ် (Flavonoides) စသည်တို့ဖြစ်ပါသည်။

အရေးကြီးဆေးဖက်ဝင်အပင်များမှာ ဥပမာ-ဆင်ကိုနာ (Cinchore), ရနံ့မွှေးဆီ (Essential oil) စသည့် စပါးလင် (Lemon Grass), ဆီထရိုနဲလာ (Citronella), လာဗင်ဒါ (Lavender) စသည်တို့ဖြစ်ပါ သည်။

အိန္ဒိယနိုင်ငံတွင် ဥယျာဉ်ခြံသီးနှံကဏ္ဍ (Horticulture Sector) မှ နိုင်ငံစုစုပေါင်းထုတ်ကုန် (GDP) ၏ ၃၁ ရာခိုင်နှုန်းအထိ ပံ့ပိုးပေးပါသည်။ ဥယျာဉ်ခြံသီးနှံမှာ စိုက်ပျိုးဧရိယာအားလုံး၏ ၁၄ ရာခိုင်နှုန်းရှိပြီး၊ နိုင်ငံခြားပို့ကုန်အားလုံး၏ ၃၈ ရာခိုင်နှုန်းရှိပါသည်။ ကမ္ဘာပေါ်တွင် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် အထွက်မှာ တရုတ်နိုင်ငံပြီးလျှင် အိန္ဒိယနိုင်ငံသည် ဒုတိယအများဆုံးဖြစ်ပါသည်။

ကျွန်တော်တို့အဖွဲ့ ၂၀၁၈ ခုနှစ်က နယူးဒေလီမြို့ရှိ အိန္ဒိယစိုက်ပျိုးရေးသုတေသနသိပ္ပံတက္ကသိုလ် (Indian Agricultural Research Institute - IARI) ကိုလေ့လာရေးသွားခဲ့စဉ်က ဥယျာဉ်ခြံသီးနှံ သိပ္ပံအဆင့်မြင့်ကျောင်း (School of Horticultural Science) အောက်တွင် အောက်ပါဌာန (၅) ခု ထပ်မံခွဲ ထားပါသည်။

(က) ဟင်းသီးဟင်းရွက်သိပ္ပံဌာနခွဲ

(Division of Vegetable Science)

(ခ) သစ်သီးဝလံနည်းပညာဌာနခွဲ

(Division of Fruit Technology)

(ဂ) ပန်းမန်နှင့် ရှုခင်းစီမံကွပ်ကဲခြင်းဌာန

(Division of Floriculture and Landscaping)

(ဃ) ရိတ်သိမ်းချိန်လွန်နည်းပညာဌာနခွဲ

(Division of Post-Harvest Technology)

(င) အကာအကွယ်ဖြင့် စိုက်ပျိုးမှုနည်းပညာဗဟိုဌာန

(Center for Protected Cultivation Technology

(စ) ကေထရင်ဒေသ ပညာပေးနေရာဌာန

(IARI Regional Station, Katrain Province) 

အိန္ဒိယနိုင်ငံတွင် ပြည်နယ်တိုင်း၌အနည်းဆုံး စိုက်ပျိုးရေးတက္ကသိုလ် (State Agricultural University) တစ်ကျောင်းစီရှိပါသည်။ သို့ဖြစ်ပါ၍ အလွန်အရေးပါသော ဥယျာဉ်ခြံသီးနှံသိပ္ပံ ဘာသာရပ်ကို ပညာရှင်များစွာ မွေးထုတ်ရင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက်ဆောင်ရွက်ကြပါစို့ဟူ၍ တိုက်တွန်း လိုက်ရပါသည်။ 

ဒေါက်တာမျိုးကြွယ် 

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်