အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အပိုင်း (၂၂)၊ အခန်း(၁၀) မျိုးစေ့သိပ္ပံနှင့်နည်းပညာ (အဆက်)

09/05/2022 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Chapter (10) Seed Science and Technology (Continued)

မျိုးစေ့အကြောင်း လေ့လာမည်ဆိုလျှင် အပင်များ ပန်းပွင့်မှုမှ စတင်လေ့လာရပါမည်။

(၁) အပင်များ၏ ပန်းပွင့်မှုနည်းလမ်းများ (Flowering Processes in Plants)

အပင်ကြီးထွားမှု (Vegetative Growth) ပိုင်းတွင် ပင်စည် (Stem)၊ အရွက် (Leaves) နှင့် အမြစ် (Roots) တို့ပါဝင်ပြီး မျိုးပွားပိုင်းဆိုင်ရာ ကြီးထွားမှု (Reproductive Growth)  ၌မူ  ပန်းပွင့် (Flower)၊ အသီး (Fruit) နှင့် မျိုးစေ့ (seed) တို့ ပါဝင်သည်။ 

အပင်များ ပန်းပွင့်ရာတွင် အပူချိန် (Temperature)၊ နေ့တာ တို၊ ရှည်မှု (Day Length) ဥပမာ -

(က) နေ့တာတိုမှ ပန်းပွင့်သည့်အပင် (Short-day Plant) 

ဥပမာ - မြန်မာနိုင်ငံဒေသ သက်ကြီးစပါးများ၊ ပဲပုတ် စသည်..

(ခ) နေ့တာရှည်မှ ပန်းပွင့်သည့်အပင်များ (Long-day Plant) 

ဥပမာ - သမပိုင်းဒေသစိုက် အုပ်သီးနှံ (Oat) ဂေါ်ဖီထုပ် (Cabbage) ၊ သကြားမုံလာ (Sugar Beet)

(ဂ) နေ့တာတိုရှည်မှု မလိုအပ်ဘဲ ပန်းပွင့်သည့်အပင် (Day-Neutral Plants)

ဥပမာ- ဝါ (Cotton)

ပန်းပွင့်ရာတွင် အဖိုဝတ်မှုံ (Anther) နှင့် အမဝတ်မှုံခံ (Stigma) တို့ပေါင်းစပ်ပြီး ဝတ်မှုံကူး (Pollination) ကာ သန္ဓေအောင် (Fertilization) ၍ မျိုးစေ့ရ (Seed Setting) ပါသည်။

 

(၂) မျိုးစေ့ ဖြစ်ပေါ်မှုနှင့် ကြီးထွားမှု (Seed formation and Development) 

ဝတ်မှုံကူး သန္ဓေအောင်ရာတွင်-

(က) Self Fertilization (ပင်တည်းဝတ်မှုံကူးခြင်း) 

ဥပမာ- စပါး

(ခ) Cross / Fertilization (ပင်ခြားဝတ်မှုံကူးခြင်း)

ဥပမာ- သင်္ဘောပင် (အဖိုပင်၊ အမပင်ရှိပါသည်။)

 

(၃) မျိုးစေ့ဓာတုဗေဒ (The Chemistry of Seeds)

မျိုးစေ့တွင် ဓာတ်သတ္တု၊ အာဟာရဓာတ်များ ပါဝင်မှု လေ့လာခြင်းအား အကျိုးကျေးဇူးများမှာ-

(က) မျိုးစေ့သည် လူနှင့်တိရိစ္ဆာန်တို့အတွက် အဓိက အစာအာဟာရဖြစ်ပါသည်။

ဥပမာ- စပါး၊ ဂျုံ၊ ပြောင်းဖူး

(ခ) မျိုးစေ့ကို ဆေးဝါးအနေဖြင့် အသုံးချနိုင်ပါသည်။

(ဂ) မျိုးစေ့တွင် ခန္တာကိုယ်တွင်း အစာချေဖျက်မှု၊ ဇီဝတွင်း ဖြစ်ပျက်မှုကို တုံ့ပြန်ပေးသော အကျိုးရှိ ဓာတ်ပြုပစ္စည်းများ (Antimetabolites) ရှိပါသည်။

(ဃ) စက်မှုလုပ်ငန်းများအတွက် ကုန်ကြမ်းများစွာလည်း ရရှိနိုင်ပါသည်။

(င) ခန္တာကိုယ်အကျိုးပြု ပရိုတင်းဓာတ် (Protein)လည်း ပါဝင်ပါသည်။

 

ဇယား(၁) မျိုးစေ့များရှိ ပါဝင်ဓာတ်ပစ္စည်းများ (Chemical Composition of Seeds)

တစ်ဖန် ကျွန်တော်တို့စားသော ဆန်ကြမ်း၊ ဆန်နုပေါ်မူတည်၍ ပါဝင်မှုအမျိုးအစား ပြောင်းလဲသွားနိုင်ပါသည်။

ဇယား(၂) ဆန်အမျိုးအစားအလိုက် အာဟာရဓာတ်ပါဝင်မှု  (Chemical Composition of Different Rice Grains)

လုံးတီးဆန်တွင် ပရိုတင်း ပိုမိုပါဝင်ပြီး ကစီဓာတ်နည်းပါသည်။ ဆန်ဖြူတွင် ကဆီဓာတ်များ၍ ဆီးချိုရောဂါသည်များအတွက်ဆိုလျှင် လုံးတီးဆန် (သို့မဟုတ်) ဂျုံမှပြုလုပ်သော ပေါင်မုန့်ကြမ်း၊ ပလာတာ၊ ချာပါတီ၊ နံပြားတို့ကို ပိုစားသင့်ပါသည်။ သက်သက်လွတ်စားသုံးသူများ (Vegetarian) အတွက် ပဲမျိုးစုံများ စားသုံးပေးခြင်းဖြင့် လိုအပ်သော အာဟာရဓါတ် ပရိုတင်းကို ရရှိနိုင်ပါသည်။ ကျွန်တော်၏ မိဘနှစ်ပါးမှာ အသက် (၉၈) နှစ်နှင့် အသက် (၁၀၀) နှစ် (အမေမှာ ၂၀၂၁ စက်တင်ဘာလကကွယ်လွန်သွားပါပြီ) ရှိပြီး ယနေ့အထိ မနက်စောစာ (Breakfast) စားသုံးရာတွင် အညာမှ ပဲကြီး၊ စွန်တာနီ၊ စွန်တာပြာ၊ ပဲထောပတ်၊ ပဲလွန်း၊ စားတော်ပဲ အမျိုးမျိုးတို့ကို နေ့စဉ် ပြုတ်စားသည့်အတွက် သက်ရှည်ကျန်းမာရှိကြခြင်းဖြစ်သည်ဟု ထင်ရပါသည်။

၄။ မျိုးစေ့ဆိုင်ရာဂေဟဗေဒ (Seed Ecology)

မျိုးစေ့ကြီးထွားဖွံ့ဖြိုးမှုနှင့် မျိုးပွားမှုတို့အပေါ် ပတ်ဝန်းကျင်၏ အကျိုးသက်ရောက်မှုကို လေ့လာသောပညာဖြစ်ပါသည်။ မျိုးစေ့များ နေရာအသီးသီးသို့ ပျံ့နှံ့မှု (Seed Dispersal) အကြောင်းလည်း လေ့လာသင့်ပါသည်။ အထူးသဖြင့် အလွန်သေးငယ်သော ပေါင်းမျိုးစေ့ (Weed Seeds) ပျံ့နှံ့မှုကြောင့် သီးနှံစိုက်ခင်းများတွင် ပေါင်းထူပြောမှုဖြစ်စဉ်ကို စနစ်တကျ လေ့လာသင့်ပါသည်။ ဓာတု ပေါင်းသတ်ဆေးချည်း အားကိုးနေပါက ပတ်ဝန်းကျင် ထိခိုက်မှု ဖြစ်စေနိုင်ပါလိမ့်မည်။

၅။ မျိုးစေ့အညှောက်ပေါက်ခြင်း (Seed Germination)

မျိုးစေ့ အညှောက်ပေါက်မှုဖြစ်စဉ်မှာ စိုက်ပျိုးတောင်သူများအတွက် အလွန်အရေးကြီးပါသည်။ ဥပမာ-မျိုးစပါးများ အညှောက်ပေါက်ရာခိုင်နှုန်းနည်းပါက စိုက်ခင်းအတွင်း မလိုလားအပ်ပဲ မျိုးစေ့များ ပိုသုံးရခြင်း၊ အပင်အညှောက်ပေါက်မညီညာ၍ ပေါင်းပင်များ ပိုမိုရှင်သန်လာလို့ အထွက်နည်းရခြင်းတို့ ဖြစ်စေနိုင်ပါသည်။ နိုင်ငံတကာတွင် ထိုကိစ္စများကို အစိုးရ၊ ပုဂ္ဂလိက မျိုးစေ့ စစ်ဆေးပေးသော ဓာတ်ခွဲခန်းများ (Seed Testing Laboratories) ကပြုလုပ်ပြီး အာမခံပေးကြပါသည်။

မျိုးစေ့စစ်ဆေးခြင်း (Seed Testing) သည် ဖွံ့ဖြိုးတိုးတက်ပြီးသောနိုင်ငံများတွင် သီးနှံများမစိုက်ပျိုးမီ မျိုးစေ့အရည်အသွေးကို နည်းပေါင်းစုံစစ်ဆေးရသော မရှိမဖြစ် လိုအပ်သည့် စနစ်တစ်ခုဖြစ်ပါသည်။ ပထမဆုံးမျိုးစေ့စစ်ဆေး ဓာတ်ခွဲခန်း (First Seed Laboratory) ကို ဂျာမဏီနိုင်ငံတွင် ၁၈၆၉-ခုနှစ် ကတည်းက စတင်ဖွင့်လှစ်ခဲ့သည်ဟူ၍ သမိုင်းအထောက်အထား တွေ့ရှိခဲ့ပါသည်။ အမေရိကန်နိုင်ငံတွင် ၁၈၇၆-ခုနှစ်၌ ကွန်နက်တီကပ်စိုက်ပျိုးရေးသုတေသနဌာန (Connecticut Agricultural Experiment Station) တွင်စတင်ခဲ့ပါသည်။ ကနေဒါနိုင်ငံတွင် အော့တဝါမြို့ (Ottawa) ၌ ၁၉၀၂-ခုနှစ်မှ စတင်ခဲ့ပါသည်။

အပြည်ပြည်ဆိုင်ရာမျိုးစေ့စစ်ဆေးရေးအဖွဲ့ (International Seed Testing Association - ISTA) အောက်တွင် နိုင်ငံအများစုမှာ အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး အစိုးရ၊ ပုဂ္ဂလိက ဓာတ်ခွဲခန်းပေါင်း ၂၃၀ ရှိပါသည်။ မြန်မာနိုင်ငံမှ အဖွဲ့ဝင်အဖြစ်ပါဝင်နိုင်ခြင်း မရှိသေးပါ။ အမေရိကန် မျိုးစေ့ဓာတ်ခွဲခန်းများ၏ မျိုးစေ့စစ်ဆေးပေးသောနမူနာ ၈၀-ရာခိုင်နှုန်းမှာ ပုဂ္ဂလိက မျိုးစေ့ကုမ္ပဏီများမှ ဖြစ်ပါသည်။ သူတို့မျိုးစေ့များကို ပြည်တွင်းသာမက နိုင်ငံအားလုံးသို့တင်ပို့ရောင်းချပါသည်။ နယ်သာလန်နိုင်ငံသည်လည်း သီးနှံမျိုးစေ့များကို တကမ္ဘာလုံးသို့ တင်ပို့ ရောင်းချပြီး နိုင်ငံဝင်ငွေ ဒေါ်လာ ဘီလီယံပေါင်းများစွာ ရှာဖွေပေးလျက်ရှိသော မျိုးစေ့လုပ်ငန်းကြီး (Big Seed Industry) ဖြစ်ပါသည်။

ဇယား(၃) မျိုးစေ့အများဆုံးတင်ပို့ရောင်းချသောနိုင်ငံများ၊ ၂၀၁၈  (Top Seed Exporting Countries, 2018)

နယ်သာလန်နိုင်ငံသည် တန်ဖိုးမြင့် မျိုးစေ့များထုတ်လုပ်သဖြင့် နိုင်ငံခြားငွေ အများဆုံးရသောနိုင်ငံဖြစ်နေပါသည်။ ကျွန်တော်တို့နိုင်ငံအတွက် နယ်သာလန်နိုင်ငံ East-West Seed Co.  မြားနီကုမ္ပဏီမှတင်သွင်းလျက် ရှိသော မျိုးစေ့များစွာ တောင်သူများစိုက်ပျိုးနေပါသည်။ သို့သော် ထိုကုမ္ပဏီတွင်အလုပ်လုပ်လျက်ရှိနေသော စိုက်ပျိုးရေးဘွဲ့ရ ပညာရှင် ဉီးသိန်းထွန်းနှင့် ဒေါ်မာလာစိုး၏ ပြောကြားချက်အရ နိုင်ငံခြားမှမျိုးစေ့တင်သွင်းမှု၏ ၁၀-ရာခိုင်နှုန်းသာ မြန်မာပြည်တွင်စိုက်ပျိုးနိုင်သေးကြောင်း သိရှိရပါသည်။ သီးနှံအာမခံ  ကုမ္ပဏီများမှာ မရှိသလောက်ဖြစ်နေ၍ မျိုးစေ့ကောင်းများစိုက်ပျိုးရန် စိန်ခေါ်မှုတရပ်ဖြစ်နေပါသည်။

မြန်မာနိုင်ငံတွင် မျိုးစေ့ကောင်းများစိုက်ပျိုးမှုသည် ဖရဲ၊ သခွားမွှေး၊ ခရမ်းချဉ်၊ ဂေါ်ဖီ၊ ပန်းမုံလာ စိုက်ပျိုးမှု၏ ၈၀-ရာခိုင်နှုန်း၊ ငရုတ်မိုးထောင် (၉၀%)၊ အောက်ဆွဲ (၁၀%) ၊ ကြက်ဟင်းခါး၊ ရွေဖယုံ၊ ကျောက်ဖရုံ စိုက်ပျိုးမှု တနှစ်ထက်တနှစ် တိုးတက်လာပါသည်၊ ထိုသီးနှံများ တမျိုးချင်းအလိုက် မျိုးစေ့၊ စိုက်ပျိုးရေး၊ မြေဆီသြဇာ၊ ပိုးမွှားရောဂါ၊ စျေးကွက်နှင့်ရောင်းဝယ်ရေး တစိုက်မတ်မတ်လုပ်နေသူ အရေအတွက် အလွန်ပင် နည်းနေပါသေးသည်။

ထုတ်လုပ်ပြီး သီးနှံများကို တရုတ်၊ထိုင်း၊ ဂျပန်၊ ကိုရီးယား၊ စင်ကာပူ၊ အန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံများသို့တင်ပို့နိုင်သော စျေးကွက် အကြီးကြီးရှိနေပါသည်။ နေပြည်တော် အခြေစိုက် Myanmar Agri-Food Co. ကုမ္ပဏီကလည်း ပဲ၊ ရုံးပတီ၊ ဟင်းသီးဟင်းရွက်များကို အေးခဲပြုလုပ်ပြီး ဂျပန်နိုင်ငံသို့တင်ပို့နေပါသည်။ မျိုးစေ့ဥပဒေ (Seed Law)  ထွက်ရှိပြီးသော်လည်း တရားမဝင်မျိုးစေ့များ (Illegal Seeds) တင်သွင်းနေဆဲဖြစ်နေပါသေးသည်။ မျိုးစေ့မှတ်ပုံတင်စမ်းသပ်မှု ကုန်ကျစရိတ်မှာလည်း အခြား အိမ်နီးချင်းနိုင်ငံများထက်စာလျှင် များပြားနေပါသေးသည်။ စျေးကွက်မှာလည်း အတက်အကျမြန်လွန်းနေသဖြင့် တောင်သူအများစုမှာ စိုက်ပျိုးရန် အနည်းငယ် စိုးရိမ်နေရပါသည်။  (ဆက်ရန်)

ဒေါက်တာမျိုးကြွယ် 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်