အခြေခံစိုက်ပျိုးရေးသိပ္ပံပညာအပိုင်း (၁၂) နိုင်ငံတကာနဲ့မြန်မာ စိုက်ပျိုးရေးအဆင့် ဘာတွေကွာလဲ..

01/03/2022 07:30 AM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

နယ်သာလန်နိုင်ငံသည် ဧရိယာအကျယ်အဝန်း (၃၃,၇၂၀) ဟက်တာမျှသာ ကျယ်ဝန်းသော်လည်း စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်များကို နိုင်ငံတကာသို့ တင်ပို့နိုင်သည်မှာ အမေရိကန်နိုင်ငံပြီးလျှင် ဒုတိယ အများဆုံးဖြစ်ပါသည်။ အမေရိကန်နိုင်ငံသည်  နယ်သာလန်ထက် မြေကြီးဧရိယာ (၂၇၁) ဆ ကျယ်ဝန်းပါသည်။

 

တရုတ်နိုင်ငံသည် ကမ္ဘာတွင် စိုက်ပျိုးမွေးမြူရေးထွက်ကုန် အများဆုံးထုတ်လုပ်သော်လည်း နိုင်ငံ၏လူဦးရေ များပြားမှုကြောင့် အမေရိကန်နိုင်ငံ၏ စိုက်ပျိုးမွေးမြူရေးထုတ်ကုန် နိုင်ငံတကာသို့ တင်ပို့နိုင်မှုကို မမီပါ။

            နယ်သာလန်နိုင်ငံ၏ အံ့ဩစရာအချက်တစ်ချက်မှာ စိုက်ပျိုးရေးမှ နိုင်ငံတကာသို့ တိုက်ရိုက် ပို့ကုန် အမေရိကန်ဒေါ်လာ (၆၁) ဘီလီယံ၊ စိုက်ပျိုးမွေးမြူရေးပစ္စည်းများ၊ မျိုးစေ့၊ နည်းပညာနှင့် ဝက်ဂန်နီဂန်တက္ကသိုလ် (Wageningen University and Research) သို့ လာရောက်ပညာသင်သည့် နိုင်ငံတကာကျောင်းသား၊ ကျောင်းသူများ၏ ကျောင်းလခများအပါအဝင် (၉) ဘီလီယံ၊ မျိုးစေ့၊ ပန်းမန် စသည်တို့ကို ကုန်ကြမ်းဝယ်ယူ၍ ပြန်လည် ပြုပြင်ထုတ်ပိုး ရောင်းချသည့် (Re-export) က (၂၄) ဘီလီယံဖြင့် စုစုပေါင်း အမေရိကန်ဒေါ်လာ (၉၄) ဘီလီယံ ရရှိသည်ကို အံ့မခန်းတွေ့ရှိရပါသည်။

            ထိုနိုင်ငံနှစ်ခုနောက်တွင်မှ ဂျာမနီ၊ ဘရာဇီးလ်၊ ပြင်သစ်၊ တရုတ်၊ စပိန်၊ ကနေဒါ၊ ဘယ်လဂျီယံနှင့် အီတလီနိုင်ငံတို့က ကမ္ဘာ့စိုက်ပျိုးရေးထွက်ကုန်များတင်ပို့မှုဖြင့် ဝင်ငွေအကောင်းဆုံး (၁၀) နိုင်ငံအနေဖြင့် ဦးဆောင်နေပါသည်။

            ကျွန်တော်တို့ မြန်မာနိုင်ငံ၏ စုစုပေါင်း ပို့ကုန်ရငွေမှာ နယ်သာလန်နိုင်ငံ၏ နည်းပညာနှင့် ဗဟုသုတများ ရောင်းချရာမှ ရရှိသည့် ဝင်ငွေခန့်သာရှိနေပါသည်။

            စိုက်ပျိုးမွေးမြူရေး ထုတ်ကုန်အလိုက် ရောင်းချနိုင်မှုများကို အောက်ပါဇယားတွင် တွေ့ရှိနိုင်ပါသည်။

ကျွန်တော်တို့အဖွဲ့  ၂၀၁၈-ခုနှစ်ခန့်က နယ်သာလန်နိုင်ငံ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် တက္ကသိုလ်များကို လေ့လာခဲ့ရပါသည်။

 WUR  သည် QS World University Rankings 2022 တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောပညာ (Agriculture and Forestry) ၌ ကမ္ဘာ့နံပါတ် (၁) ဖြစ်ပါသည်။ ပတ်ဝန်းကျင် သိပ္ပံပညာ (Environmental Science) မှာ ကမ္ဘာ့နံပါတ် (၈) ဖြစ်ပါသည်။ တက္ကသိုလ်မှာ မဟာဌာနကြီးငါးခုရှိရာ    (က) စိုက်ပျိုးနည်းပညာ နှင့် အစားအသောက် သိပ္ပံ (Agro-Technology and Food Sciences) (ခ) မွေးမြူရေးသိပ္ပံ (Animal Sciences) (ဂ) ပတ်ဝန်းကျင်သိပ္ပံ (Environmental Sciences) (ဃ) သီးနှံနှင့်အပင်သိပ္ပံ (Plant Sciences) နှင့် (င) လူမှုရေးသိပ္ပံ (Social Sciences)  ဌာနကြီးများတွင် ပါမောက္ခ ၁၇၀ ဦးက စိုက်ပျိုးမွေးမြူရေးနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အဆင့်မြင့်နည်းပညာများကို သင်ကြား သုတေသနပြုလျက် ရှိပါသည်။ ကျွန်တော်တို့နိုင်ငံရှိ တက္ကသိုလ်များမှာ ဘာသာရပ် တစ်ခုချင်း အထူးပြု ဖွင့်လှစ်ထားခြင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူ အရေအတွက်မှာလည်း နှစ်ထောင် သုံးထောင်လောက်သာ ရှိကြသော တက္ကသိုလ်ငယ်လေးများ ဖြစ်ကြပါသည်။ ကမ္ဘာ့အဆင့်မီ တက္ကသိုလ်များ စာရင်းဝင်လိုသည်ဆိုပါက ဘာသာရပ်ပေါင်းစုံ သင်ကြားပေးသော တက္ကသိုလ်စနစ် (Comprehensive University System) ဖြစ်သင့်ပြီး ကျောင်းသား၊ ကျောင်းသူ အရေအတွက်မှာလည်း တစ်သောင်းအထက် ရှိသင့်ပါသည်။ သုတေသနအခြေခံ တက္ကသိုလ် ဖြစ်ရန်အတွက် စာသင်ကြားမှု အဓိကထားသည့် ပါမောက္ခများ ရှိရမည့်အပြင် သုတေသနကို အဓိကထားသည့် ဘွဲ့လွန် (မဟာ၊ပါရဂူ ကျောင်းသား၊ ကျောင်းသူ) များနှင့် တွဲဖက်ဆောင်ရွက်နေသော ပါမောက္ခ၊ တွဲဖက်ပါမောက္ခများလည်း များစွာရှိနေရန် လိုပါသည်။

 နယ်သာလန်နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကို အဓိကလုပ်ကိုင်ပြီး ချမ်းသာနေသော၊ တစ်ကမ္ဘာလုံးကို စိုက်ပျိုးမွေးမြူရေးထွက်ကုန်များ ပို့ဆောင်ပေးနေသော ကမ္ဘာ့ပို့ကုန် နံပါတ် (၂) အဆင့်ရှိသည့် နိုင်ငံဖြစ်ပါသည်။ နေ့စဉ် နံနက် ၆ နာရီမှ ၈ နာရီအထိ ကမ္ဘာ့အကြီးဆုံး ပန်းစျေးကွက်၊ လေလံပွဲကြီးကို အန်စတာဒန်လေယာဉ်ကွင်းအနီး၌ ပြုလုပ်ပါသည်။ တစ်ကမ္ဘာလုံးမှ စိုက်ပျိုးသမျှ ပန်းများလာရောက် အရောင်းအဝယ်ပြုကြသည့် လေလံပွဲကြီး ဖြစ်ပါသည်။ နိုင်ငံအနှံ့ မြေအားလုံးနီးပါး မြေပြန့်ဖြစ်ပြီး ဥယျာဉ်ခြံ၊ သီးနှံ၊ ပန်းမာန်၊ နွားမွေး၊ ကြက်မွေး၊ ဝက်မွေးဖြင့် နိစ္စဒူဝ စိုက်ပျိုးမွေးမြူရေးဖြင့် လည်ပတ်လျက်ရှိသော နိုင်ငံဖြစ်ပါသည်။

မြန်မာနိုင်ငံတွင်လည်း ကမ္ဘာစျေးကွက်ဝင် ပန်းများ စိုက်ပျိုးနိုင်ပြီး ကမ္ဘာ့အဓိကစျေးကွက် (World Agricultural Market) သို့ တိုက်ရိုက်အမြန်ဆုံး ရောက်နိုင်သော လေကြောင်း သယ်ယူပို့ဆောင်ရေးစနစ် (Air Transport System) အမြန်ဆုံး လိုနေပါသည်။ မျိုးကောင်းမျိုးသန့် ပန်းမျိုးစေ့ အထွက်ကောင်းနည်းပညာများမှာ သူတို့နိုင်ငံက ကူညီနိုင်သည်ဟု ပြောကြားပါသည်။

ဘွဲ့ကြိုနှင့် ဘွဲ့လွန် ကျောင်းသားအချိုးမှာ (၅၀%) တစ်ဝက်ခန့်စီ ရှိပါသည်။ သို့မှသာ Research-Based University ဖြစ်မြောက်ပါမည်။ ၂၀၁၅ ခုနှစ် စာရင်းဇယားအရ တက္ကသိုလ်တစ်နှစ်ဝင်ငွေ  (€ 635 million)  ယူရို ၆၃၅ သန်း ရရှိပါသည်။ တက္ကသိုလ်နှင့် သုတေသန ပူးပေါင်းလုပ်ဆောင်ထား၍ (Wageningen University and Research - WUR) သုတေသနဌာနမှ အစားအသောက်နှင့် ဇီဝအခြေခံ သုတေသန (Food and Bio-based Research)၊ တရိစ္ဆာန်မွေးမြူရေးနှင့် ကုသရေးသုတေသန (Livestock and Bio-Veterinary Research)၊  ပတ်ဝန်းကျင်ဆိုင်ရာ သုတေသန (Environmental Research)၊  သီးနှံပင်ဆိုင်ရာ သုတေသန (Plant Research)၊ စီးပွားရေးဆိုင်ရာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှု၊ တီထွင်မှုဌာန (Economic and Centre for Development Innovation) တို့က တက္ကသိုလ်သင်ကြားရေးနှင့် အချိုးညီညီ လုပ်ဆောင်လျက် ရှိနေပါသည်။ ကျွန်တော်တို့နိုင်ငံရှိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် (YAU) နှင့် စိုက်ပျိုးရေး သုတေသနဌာန (DAR) တို့ ပူးပေါင်းဆောင်ရွက်မည်ဆိုလျှင် သူတို့နိုင်ငံစနစ် ဖြစ်သွားနိုင်ပါသည်။

နယ်သာလန်နိုင်ငံအတွင်းရှိ လယ်တောများသို့ လေ့လာရာတွင် ပျှမ်းမျှ စိုက်ကွင်းတစ်ခု နို့စားနွား အကောင် (၃၀၀) ခန့် မွေးမြူပြီး၊ နွားစားကျက် မြက်ခင်း ဟက်တာ (၁၀၀) ခန့် ရှိသလို နွားမွေးတောင်သူ မစ္စတာဘတ် (Mr. Bert) နှင့် တွေ့ဆုံခဲ့ရာမှာ - နွားနို့ညှစ်ပုံ၊ နွားအစာကျွေးပုံ၊ လွှတ်ကျောင်းပုံကို သူနှင့် ဝန်ထမ်း (အလုပ်သမား) တစ်ဦးသာ ကြီးကြပ်မွမ်းမံနေသည်မှာ အလွန်အတုယူစရာ ကောင်းလှပါသည်။ နယ်သာလန်လူမျိုးတွေ ကမ္ဘာမှာ အရပ်ရှည်ပြီး ကျန်းမာကြံ့ခိုင်နေသည်မှာ နေ့စဉ် နွားနို့သောက်နှုန်း များပြားလို့ဟူ၍ သူကပြောဆိုပါသည်။

တက္ကသိုလ်ဝန်း (University Campus) အတွင်းတွင်လည်း Friesland Campina ကုမ္ပဏီက သုတေသနပြု ဌာနကြီးတစ်ခု ဆောက်ပေးထားပြီး နွားနို့နှင့် ပတ်သက်၍ ထုတ်လုပ်ပုံ၊ ပြင်ဆင်ထုပ်ပိုးမှု၊ အာဟာရဓာတ်၊ နွားနို့မှ ပြုပြင်ထုတ်လုပ်ထားသော အစား အသောက် နို့ထွက်ပစ္စည်းများကို ဘွဲ့လွန်သုတေသနများ၌ ထောက်ပံ့ငွေပေး၍ သုတေသနလုပ် တီထွင်သွားသည်မှာ University–Industry Linkage တက္ကသိုလ်နှင့်ပုဂ္ဂလိကကုမ္ပဏီများ တွဲဖက်လုပ်ဆောင်မှု အလွန်ကောင်းမွန်ပါသည်။

နယ်သာလန်နိုင်ငံရှိ အသက်မွေးဝမ်းကြောင်းပညာရပ် သင်ကြားရေး ပြုလုပ်နေသော - Vocational Education School, AERES Hogeschool မှာ လေ့လာရာတွင် အလုပ်ရရှိမှု (Employability)၊ ရေရှည်တည်တံ့ခိုင်ခံ့မှု (Sustainability)၊ သင်ယူ တတ်မြောက်ထားသော ပညာဖြင့် နိုင်ငံ့စီးပွားရေး တိုးတက်ဖွံ့ဖြိုးမှု (Development-Oriented)၊ အသုံးချပညာကို တိုက်ရိုက်ပံ့ပိုးပေးနိုင်မှု ဦးတည်ချက်များ (Direct Applied-Oriented Approach) ကို အခြေခံသဖြင့် ထိုကဲ့သို့ သင်တန်းကျောင်းများ (Vocational Institutes) သို့ တက်ရောက်လိုသူ ကျောင်းသား/သူ များပြားလှပါသည်။ ထိုအဆင့်တွင် အင်္ဂလိပ်လို မသင်ကြားဘဲ သူတို့ဘာသာစကား (Dutch Language) ဖြင့်သင်ကြားပေးပါသည်။ အင်္ဂလိပ်စာဖြင့် သင်ယူပြီး ဘာသာရပ်အကြောင်း နားမလည်ဘဲ အလွတ်ကျက် ပြန်ဖြေရသော ပညာရေးစနစ် မဟုတ်ပါ။ အသက်မွေးဝမ်း ကျောင်းပညာ ဆိုသည်မှာ အလုပ်အကိုင် အခွင့်အလမ်း တိုက်ရိုက်ဖန်တီးပေးသည့် ပညာဖြစ်ပြီး အလုပ်ခွင်ထဲ တိုက်ရိုက်ဆွဲသွင်းသော ထိုပညာရေးစနစ်ကို ကျွန်တော်တို့နိုင်ငံတွင်လည်း ကျင့်သုံးနိုင်ပါကြောင်း တင်ပြလိုက်ရပါသည်။

ဒေါက်တာမျိုးကြွယ် (ဆင်ပေါင်ဝဲ)

 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်