Black Soldier Fly ကို အသုံးချခြင်း (သို့) “အစားအသောက်အလေအလွင့်” မှ “အပင်အာဟာရ”သို့

29/03/2022 13:00 PM တွင် Nan Su San Nan Su San မှ ရေးသား

အစားအသောက် အလေအလွင့်တွေကနေ ဟင်းသီးဟင်းရွက်စိုက်ခင်းတွေ၊ ငါးမွေးမြူရေးလုပ်ငန်းတွေမှာ ပြန်သုံးလို့ရတဲ့  အာဟာရအဖြစ် ပြောင်းလဲခြင်းလုပ်ငန်းစဉ်ကို စင်ကာပူနိုင်ငံ Tampines park မှာ စတင်လုပ်ဆောင်ခဲ့ပြီး အခုဆိုရင် စင်ကာပူနိုင်ငံရဲ့ တခြားနေရာတွေမှာပါ တိုးချဲ့လုပ်ဆောင်ဖို့   စီစဉ်နေပါပြီ။

ဒီလုပ်ငန်းကတော့ Black soldier fly (စစ်သည်ယင်နက်) မွေးမြူရေးစင်တာတခုရယ်၊ အဆင့်မြင့်နည်းပညာနဲ့ ဒေါင်လိုက်စိုက်ထားတဲ့ ဟင်းသီးဟင်းရွက်ခင်းတွေ၊ တီလားပီးယားငါးမွေးကန်တွေနဲ့  ဖွဲ့စည်းထားတဲ့ ဂေဟစက်ဝန်းတခုဖြစ်ပြီး  Tampines park ရေရှည်တည်တံ့အောင် ထိန်းသိမ်းခြင်းဆိုတဲ့ ရည်ရွယ်ချက်နဲ့ ဒေသခံတွေအစပျိုးခဲ့တဲ့ ကြိုးပမ်းမှုတခုပေါ့။

အစားအသောက် စွန့်ပစ်ပစ္စည်းတွေဖြစ်တဲ့ ဟင်းသီးဟင်းရွက် အပိုင်းအစ၊ အကြွင်းအကျန်တွေ၊ သစ်သီးခွံတွေ၊ အသားတွေကို ဒေသခံတွေဆီကနေ စုဆောင်းပါတယ်။ အဲဒီစွန့်ပစ်ပစ္စည်းတွေထဲက Black soldier fly ပိုးလောင်းလေးတွေ မချေဖျက်နိုင်တဲ့ အရာတွေ ဥပမာ- ဒူးရင်းသီးအခွံတွေ၊ ဖရဲသီးအခွံတွေကို စေတနာ့ဝန်ထမ်းတွေကနေ ဖယ်ထုတ်ပေးပါတယ်။

Black soldier fly ပိုးလောင်းလေးတွေ ချေဖျက်နိုင်တဲ့ အစားအသောက် စွန့်ပစ်ပစ္စည်းတွေကို Okara (တို့ဟူး၊ ပဲနို့တို့ လုပ်တဲ့အခါ ထွက်လာတဲ့ ပဲပုပ်အနှစ်/အဖတ်) နဲ့ ရောမွှေပေးတယ်။ ဒီလို လုပ်ပေးခြင်းဟာ Processing rate (လုပ်ငန်းစဉ်အမြန်နှုန်း) ကို ကောင်းမွန်စေပါတယ်။

အစားအသောက်အကြွင်းအကျန်တွေနဲ့ ပဲနှစ်ဖတ်တွေရောထားတဲ့ အရောကို Black soldier fly ပိုးလောင်းလေးတွေကို ကျွေးပါတယ်။ ဒီ Food waste တွေကို Black soldier fly ပိုးလောင်းလေးတွေ မကျွေးခင်မှာ မှိုတွေပါ၊ မပါ နှစ်ခါလောက် စစ်ဆေးပါတယ်။ စွန့်ပစ်ပစ္စည်းတွေကို ပိုးလောင်းလေးတွေကို ကျွေးပြီး  ရက်အနည်းငယ်အကြာမှာ  Black soldier fly ပိုးလောင်းလေးတွေကနေ စွန့်ထုတ်လိုက်တဲ့ အညစ်အကြေးတွေ/Frass တွေရရှိလာပါတယ်။

အစာစကျွေးပြီး ၂ ပတ်အကြာမှာ ပိုးလောင်းကောင်လေးတွေကိုဖယ်ပြီး  Frass တွေ ယူပါတယ်။ ဒီလိုမျိုးရလာတဲ့ Frass တွေက အပင်အတွက် လိုအပ်သော နိုက်ထရိုဂျင်၊ ဖော့စဖရပ် ဓါတ်တွေ ပါဝင်တာဆိုတော့ အသီးအရွက်စိုက်ခင်းမှာ မြေသြဇာအနေနဲ့  သုံးပါတယ်။ Black soldier fly ပိုးလောင်းကောင်လေးတွေဟာ ပရိုတင်းဓါတ်၊ အဆီဓာတ်ကြွယ်ဝတာမို့ သူတို့ကိုတော့ ရေခဲရိုက်ပြီး တီလားပီးယားငါးမွေးကန်ထဲမှာ ငါးစာအနေနဲ့ ကျွေးပါတယ်။ (တီလားပီးယားငါးအပြင် ရေချိုပုစွန်ကြီး ၊ Marble goby နဲ့ Jade perch တို့လို ငါးမျိုးတွေကိုလည်း ကျွေးလို့ ရနိုင်မယ်လို့ ဆိုပါတယ်)

ရလာတဲ့ တီလားပီးယားနဲ့ ဟင်းသီးဟင်းရွက်တွေကိုတော့ ဒေသခံတွေ စားဖို့အတွက် ဖြစ်ပါတယ်တဲ့။ ဒီလို မွေးမြူထားတဲ့ ငါးတွေ၊ စိုက်ထားတဲ့ အသီးအရွက်တွေဟာ လူတွေ စားသုံးဖို့ ဘေးအန္တရာယ် ကင်း မကင်းဆိုတာကိုတော့ စစ်ဆေးနေဆဲ ဖြစ်ပါတယ်။ 

ဒီ ပရောဂျက်ဟာ စိုက်ပျိုးမြေရှားပါးတဲ့ စင်ကာပူနိုင်ငံမှာ စိုက်ပျိုးနေရာ ပိုမို သုံးစွဲနိုင်တဲ့ နည်းဗျူဟာ တခုဖြစ်ပြီး ဒေသတွင်းအစားအသောက်ထုတ်လုပ်ခြင်းကို မီးမောင်းထိုးပြလိုက်တာပါပဲ။ ဒီလိုမျိုး လုပ်ဆောင်လာတာဟာလဲ  စားနပ်ရိက္ခာဖူလုံဖို့ ၊ အလေအလွင့်တွေ လျှော့ချဖို့၊ နိုင်ငံတွင်း စားသောက်ကုန် ထုတ်လုပ်ခြင်းကို ၂၀၃၀ ခုနှစ်မှာ ၃၀ ရာခိုင်နှုန်းထိ တိုးပြီး ထုတ်လုပ်နိုင်ဖို့ ဆိုတဲ့  နိုင်ငံ တော်ရဲ့ ရည်မှန်းချက်တွေကြောင့် ဖြစ်ပေါ်လာကြတာပါ။  

၂၀၂၀ ခုနှစ် ဒီဇင်ဘာလမှာ ဒီ project ကို စတင်လုပ်ဆောင်ခဲ့ပြီး Tampines မြို့နယ်ကောင်စီ၊ စင်ကာပူအစားအသောက် အေဂျင်စီ၊ Netatech နည်းပညာ ကုမ္ပဏီ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အတိုင်ပင်ခံ နှင့် Tampines ဒေသခံများ ကွန်ရက်များရဲ့ ပူးပေါင်းဆောင်ရွက်မှု တခုဖြစ်ပါတယ်။

အခုဆိုရင်တော့ ဒေသခံတွေရဲ့ အားပေးမှု တခဲနက်ရရှိပြီး Tampines မြို့နယ်ကောင်စီကလည်း တခြားနေရာတွေမှာပါ တိုးချဲ့လုပ်ဆောင်ပြီး ၂၀၂၅ ခုနှစ်မှာ စံပြ Eco-Town အဖြစ် အကောင်အထည်ဖော်သွားမယ်လို့ သိရပါတယ်။

နန်းစုစံ (စိုက်ပျိုးရေး)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်