အသားတိုးကြက်မွေးမည့်မြေနေရာရွေးပါက ထည့်သွင်းစဉ်းစားသင့်သည့်အချက်များ(၁)

07/12/2022 17:00 PM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

အရင်းအနှီးကြီးမားသည့် အသားတိုးကြက်မွေးမြူရေးခြံတစ်ခြံကို စတင်တည်ထောင်ရာတွင် မြေနေရာရွေးချယ်မှုသည် ပထမဆုံး စတင်ဆောင်ရွက်ရမည့် စီမံခန့်ခွဲမှုတစ်ခု ဖြစ်ပါသည်။ ကြက်ခြံအတွက် အသင့်လျော်ဆုံးနေရာကို ရွေးချယ်နိုင်ရန်မှာ လွယ်ကူသည့် ကိစ္စတစ်ခု မဟုတ်ပါ။ သင့်လျော်သည့်မြေနေရာကို အလွယ်တကူရှာဖွေနိုင်မှု၊ ရင်းနှီးမြှုပ်နှံနိုင်မည့် ငွေကြေးပမာဏ စသည့်အချက်များအပေါ်  များစွာမူတည်၍ ခက်ခဲမှု အနည်းအများ ကွာခြားချက် ဖြစ်ပေါ်နိုင်ပါသည်။

မိမိတွင် နဂိုကတည်းက ကိုယ်ပိုင်မြေရှိပြီး ယင်းမြေပေါ်တွင် လုပ်ငန်းစတင်လိုသူများအနေဖြင့်လည်း အသားတိုးကြက်ခြံအတွက် အားလုံးပြည့်စုံသည့် အခြေအနေတစ်ရပ်ကို ဖန်တီးပေးနိုင်ရန် လွယ်ကူမည် မဟုတ်ပါ။

မည်သို့ပင်ဆိုစေကာမူ အသားတိုးကြက်မွေးမြူရေးကို စတင်ဆောင်ရွက်လိုသူများအနေဖြင့် ခြံနေရာ ရွေးချယ်ရာတွင် မဖြစ်မနေ ထည့်သွင်းစဉ်းစားရမည့် အချက်များစွာ ရှိနေပါသည်။ 

(၁) မြေအမျိုးအစား

ကြက်ခြံတည်ဆောက်မည့် မြေအမျိုးအစားသည် လယ်မြေဖြစ်သည်၊ ယာမြေဖြစ်သည် သို့မဟုတ် ဥယျာဉ်ခြံမြေ ဖြစ်သည် စသည်ဖြင့် သေချာစွာ သိရှိပြီး၊ ယင်းအပေါ် ကြိုတင်စဉ်းစားပြင်ဆင်ဆောင်ရွက်ရန် လိုအပ်ပါသည်။

ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများအရ လယ်ယာစိုက်ပျိုးခွင့် “ပုံစံ - ၇” ရရှိ ထားသော မြေပေါ်တွင် ကြက်ခြံတည်ဆောက်ကာ မွေးမြူရေးလုပ်ကိုင်မည် ဆိုပါက "လယ်ယာမြေ အခြားနည်း အသုံးပြုခွင့်" လျှောက်ထားပြီး သက်ဆိုင်ရာက ခွင့်ပြုရန် လိုအပ်ပါသည်။ သို့ဖြစ်ရာ စီးပွားဖြစ် အသားတိုးကြက်မွေးမြူရေးလုပ်ငန်း စတင်လိုသူအနေဖြင့် ယင်းအချက်ကို ကြိုတင်တွက်ချက်ထားသင့်ပါသည်။ ယေဘုယျအားဖြင့် လယ်မြေများပေါ်တွင် "အခြားနည်း အသုံးပြုခွင့်" ရရှိရန် ပိုမို ခက်ခဲနိုင်ပါသည်။ 

(၂) ပတ်ဝန်းကျင်

ကြက်မွေးမြူရေးလုပ်ငန်းမှ အနံ့အသက်များ၊ ယင်ကောင်အစရှိသည့် ပိုးမွှားများ ထွက်ရှိတတ်ရာ၊ ယင်းက ပတ်ဝန်းကျင်ရှိ လူနေရပ်ကွက်များသို့ ရောက်ရှိနိုင်သည်ကို သတိပြုရပါမည်။ ထို့ကြောင့် လူနေအိမ်များနှင့် နီးလွန်းသည့် နေရာမဖြစ်ရန် ဂရုပြုသင့်ပါသည်။ 

အချို့နေရာများတွင် ကျေးရွာမြေ ချဲ့ထွင်လာမှုများ ရှိတတ်ရာ၊ မူလက ရွာပြင်တွင် ရှိနေသည့် ကြက်ခြံသည် နှစ်အနည်းငယ်အတွင်း ရွာလယ်သို့ ရောက်ရှိသွားကာ ပတ်ဝန်းကျင်နှင့် အဆင်မပြေမှုများ ဖြစ်ပေါ်တတ်ပါသည်။ ထို့ကြောင့် မိမိ ကြက်ခြံတည်ဆောက်မည့်မြေနေရာ ရွေးချယ်ရာတွင် ထိုအချက်ကိုလည်း ထည့်သွင်းစဉ်းစားသင့်ပါသည်။ 

ပတ်ဝန်းကျင်ဟု ဆိုရာတွင် လူနေရပ်ကွက်များကိုသာမက သဘာဝဝန်းကျင် အခြေအနေများကိုလည်း ထည့်သွင်းစဉ်းစားရမည် ဖြစ်ပါသည်။ ဥပမာ ရေဝပ်သော နေရာများတွင် ကြက်ခြံတည်ဆောက်ပါက အနံ့အသက်ဆိုးဝါးစွာ ထွက်ပေါ်လာတတ်ပါသည်။ ကြက်ခြံသည် လေဝင်လေထွက်ကောင်းသော နေရာတွင် ဖြစ်ရန်လည်း လိုအပ်မည် ဖြစ်ပါသည်။ 

(၃) ဇီဝလုံခြုံရေး

ကြက်များသည် ထုတ်လုပ်မှုလျင်မြန်ခြင်း၊ အကောင်ရေများစွာကို တစ်နေရာတည်းတွင် စုပြုံမွေးမြူရခြင်း၊ ကူးစက်တတ်သောရောဂါများ ထူပြောခြင်း၊ ရောဂါအများစုမှာ စီးပွားရေးအရ ထိခိုက်မှုနှုန်း မြင့်မားခြင်း စသည့် အဓိကကျသော ပြဿနာများရှိရာ အသားတိုးကြက်ခြံတွင် ရောဂါကျရောက်မှု မဖြစ်ပေါ်စေရန်အတွက် ဇီဝလုံခြုံရေးကို ပြည့်မီ‌အောင် ဆောင်ရွက်ထားရှိရမည် ဖြစ်ပါသည်။ အသားတိုးကြက်ခြံတည်ဆောက်ရန် ရွေးချယ်မည့် မြေနေရာသည် ဇီဝလုံခြုံရေးကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်မည့် နေရာမျိုး ဖြစ်သင့်ပါသည်။ 

အထူးသဖြင့် သားသတ်ရုံများ၊ အခြားကြက်ခြံများ၊ ဈေးများ၊ လူသွားလူလာများသော နေရာများကို ရှောင်ကြဉ်သင့်ပါသည်။ ထိုနေရာများသည် ရောဂါပိုးများ ထူထပ်သော နေရာများဖြစ်ပြီး ယင်းတို့နှင့် နီးကပ်စွာ တည်ရှိနေသော မွေးမြူရေးခြံသို့ ရောဂါပိုးမွှားများ ရောက်ရှိရန် လွယ်ကူမည် ဖြစ်ပါသည်။ 

ရေနက်ကွင်းများ၊ ရေဝပ်သောနေရာများ၊ ဆောင်းခိုငှက်နှင့် အခြားငှက်ရိုင်များ နားခိုတတ်ရာနေရာများသည် ရောဂါပိုးကူးစက်ခံရနိုင်ချေများသည့် နေရာများဖြစ်ရာ ဖြစ်နိုင်လျှင် ယင်းနေရာမျိုးကို ကြက်ခြံအဖြစ် မရွေးချယ်သင့်ပါ။ မဖြစ်မနေ ရွေးချယ်ရမည် ဆိုလျှင်လည်း ရောဂါပိုးမွှားများ ခြံအတွင်းသို့ ရောက်ရှိမလာစေရန် ဇီဝလုံခြုံရေးအစီအမံများကို ပြည့်ပြည့်ဝဝ ချမှတ်ကာ အကောင် အထည်ဖော် ဆောင်ရွက်ရမည် ဖြစ်သည်။  

(၄) ရေ

ကြက်ခြံအတွက် မြေနေရာရွေးချယ်ရာတွင် ကြက်များအတွက် သောက်သုံးရေနှင့် အခြားကိစ္စရပ်များ (ဥပမာ ခြံသန့်ရှင်းရေးဆောင်ရွက်ခြင်း) အတွက် လိုအပ်သည့် အရည်အသွေးပြည့်ဝကောင်းမွန်သောရေကို လုံလောက်စွာ ရရှိရေးကို ထည့်သွင်းစဉ်းစားရပါမည်။ ကြက်များ၏ အစာစားနှုန်းနှင့် ရေသောက်နှုန်းမှာ တိုက်ရိုက် အချိုးကျပြီး၊ အရည်အသွေးကောင်းမွန်သော သောက်ရေကို မဖြည့်ဆည်းပေးနိုင်ပါက စံချိန်မီ ထုတ်လုပ်ရန် မဖြစ်နိုင်ပါ။ 

မသန့်ရှင်းသော သောက်ရေက ကြက်များ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်ပါသည်။ ရေတွင် အဏုဇီဝ ပိုးမွှားများ ပါဝင်နေခြင်း၊ အဆိပ်အတောက်ဖြစ်စေသော ဓာတုပစ္စည်းများ အလွန်အကျွံ ပါဝင်နေခြင်း၊ ရေ၏ ချဉ်ငန်နှုန်း (pH) မကောင်းမွန်ခြင်းတို့ကြောင့် ကြက်များ၏ ကျန်းမာရေးကို ထိခိုက်စေသည့်အပြင်၊ ရောဂါဘယများကိုပါ ဖြစ်ပေါ်စေနိုင်ပါသည်။ 

အကယ်၍ ရေအရည်အသွေးသည် အဆိုးဝါးဆုံးအခြေအနေမဟုတ်ဘဲ ပြုပြင်ကာ အသုံးပြုနိုင်မည်ဆိုပါက မည်သို့ ပြုပြင်မည်၊ ကုန်ကျစရိတ် မည်မျှရှိမည်၊ ယင်းသို့ အကုန်အကျခံကာ ရေကို ပြုပြင်ခြင်းဖြင့် စီးပွားရေးအရ တွက်ချေကိုက်သည်၊ မကိုက်သည် စသည်တို့ကို ကြိုတင်စဉ်းစား တွက်ချက်ကြည့်ပြီးမှ ဆုံးဖြတ်သင့်ပါသည်။ 

(၅) ဈေးကွက်

မိမိ၏ အသားတိုးကြက်မွေးမြူရေးခြံ တည်နေရာသည် ကြက်များရောင်းချမည့် ဈေးကွက်နှင့် အလွယ်တကူ ဆက်သွယ်နိုင်သည့် နေရာဖြစ်ပါက ပိုမို၍ အဆင်ပြေပါသည်။ ဈေးကွက်နှင့်နီးလေလေ၊ ကြက်များအား ရောင်းချရန် လွယ်ကူလေလေ ဖြစ်ပါသည်။ အခြားတစ်ဖက်တွင်လည်း ဈေးကွက်နှင့်နီးပါက သယ်ယူပို့ဆောင်စရိတ် သက်သာသည့်အတွက် မိမိခြံမှ ထွက်သော ကြက်များကို ပို၍ ဈေးကောင်းပေးကာ ဝယ်ယူလေ့ ရှိတတ်သည်။ ‌

ဈေးကွက်အတွင်း ကြက် ခြံဖမ်းဈေး နိမ့်ကျနေချိန်တွင် ကြက်များအား အပြိုင်အဆိုင် ရောင်းချနေရချိန် တွင် ဈေးကွက်နှင့် နီးသည့်ခြံသည် ရောင်းချရန် ပိုမို၍ လွယ်ကူမည် ဖြစ်ပါသည်။ 

သို့ရာတွင် ဈေးကွက်နှင့် နီးလေလေ၊ မြေဈေးနှုန်းကြီးမြင့်လေလေဖြစ်ရာ ရင်းနှီးမြှုပ်နှံမှု ပမာဏ မြင့်မားစေသည့် ဆိုးကျိုးတစ်ခု ရှိနိုင်ပါသည်။ ထို့အတူ ဈေးကွက်နှင့် နီးလေလေ၊ လူနေထူထပ်သည့်နေရာများ၊ အဏုဇီဝပိုးမွှားရောဂါများ မိမိခြံသို့ ရောက်ရှိနိုင်ချေများလေလေ ဖြစ်ရာ ယင်းအချက်ကိုလည်း မဖြစ်မနေ ထည့်သွင်းစဉ်းစားရန် လိုအပ်ပါသည်။ 

အပိုင်း(၂) တွင် အသားတိုးကြက်မွေးမြူရေးအတွက် မြေနေရာရွေးချယ်ရာတွင် နောက်ထပ် ထည့်သွင်းစဉ်းစားသင့်သည့် အချက် (၅) ချက်ကို ဆက်လက်ဖော်ပြပေးသွားပါမည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်