အသားတိုးကြက်မွေးမည့်မြေနေရာရွေးပါက ထည့်သွင်းစဉ်းစားသင့်သည့်အချက်များ(၂)

09/12/2022 17:00 PM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

အရင်းအနှီးကြီးမားသည့် အသားတိုးကြက်မွေးမြူရေးခြံတစ်ခြံကို စတင်တည်ထောင်ရာတွင် မြေနေရာ ရွေးချယ် မှုသည် ပထမဆုံး စတင်ဆောင်ရွက်ရမည့် စီမံခန့်ခွဲမှုတစ်ခု ဖြစ်ပါသည်။ ကြက်ခြံအတွက် အသင့်လျော်ဆုံးနေရာ ကို ရွေးချယ်နိုင်ရန်မှာ လွယ်ကူသည့် ကိစ္စတစ်ခု မဟုတ်ပါ။ သင့်လျော်သည့်မြေနေရာကို အလွယ်တကူရှာဖွေ နိုင်မှု၊ ရင်းနှီးမြှုပ်နှံနိုင်မည့် ငွေကြေးပမာဏ စသည့်အချက်များအပေါ်  များစွာမူတည်၍ ခက်ခဲမှု အနည်းအများ ကွာခြားချက် ဖြစ်ပေါ်နိုင်ပါသည်။

ယင်းအတွက်ကြောင့် ကြက်ခြံမြေနေရာရွေးချယ်ရာတွင် ထည့်သွင်းစဉ်းစားသင့်၊ စဉ်းစားရမည့်အချက်များ များစွာရှိပါသည်။ ယင်းအထဲမှ မြေအမျိုးအစား၊ ပတ်ဝန်းကျင်၊ ဇီဝလုံခြုံရေး၊ ရေနှင့် ဈေးကွက်တို့အကြောင်းကို အပိုင်း(၁) တွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။ အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://bit.ly/3P5xtXY

ယခု အပိုင်း(၂) တွင် နောက်ထပ်ထည့်သွင်းစဉ်းစားသင့်သည့် အချက်(၅) ချက်ကို ဆက်လက်ဖော်ပြပေးသွားပါမည်။

(၆) လမ်းပန်းဆက်သွယ်ရေး

လမ်းပန်းဆက်သွယ်ရေး ကောင်းခြင်းက ကုန်ကျစရိတ် လျှော့ချနိုင်ပြီး တစ်ဖက်တွင်လည်း ဝင်ငွေကို တိုးတက်ရရှိစေနိုင်သည်။ ဥပမာ - အစာအိတ်များကို မော်တော်ကားဖြင့် တိုက်ရိုက် ခြံသို့အရောက် ပို့ဆောင်နိုင်သည့် ခြံနှင့် ကားပေါ်မှချကာ လှေဖြင့်တဆင့် ထပ်မံသယ်ယူရသည့် ခြံကို နှိုင်းယှဉ်ပါက ပထမခြံသည် အစာအိတ်ကို လှေဖြင့်တဆင့် သယ်ယူရသည့်စရိတ်ကို သက်သာစေမည် ဖြစ်ပါသည်။ ထို့အတူ ကြက်များကို မွေးမြူပြီး ထုတ်ရောင်းသည့်အခါတွင်လည်း ယင်း ပထမခြံသည် ဒုတိယခြံထက်ပို၍ သယ်ယူစရိတ် သက်သာကာ ဈေးနှုန်းပို၍ ရရှိမည်ဖြစ်ပါသည်။ 

ကြက်ခြံတစ်ခြံတွင် ကြက်တစ်သုတ်လျှင် အသားတိုးကြက်ကောင်ရေ ၃၀၀၀ မွေးမြူထားပြီး အချိန် ၄၅ ရက်အတွင်း အစာအိတ် ၂၅၇ အိတ် ကုန်ကျသည် ဆိုပါစို့။ လမ်းပန်းဆက်သွယ်ရေး မကောင်းမွန်သဖြင့် အစာအိတ်တစ်အိတ်လျှင် သယ်ယူပို့ဆောင်ခ ၁၅၀၀ ကျပ် ပိုမိုကျသင့်ပါက ကြက်တစ်သုတ်အတွက် အစာအိတ်သယ်ယူပို့ဆောင်ခ ၃၈၅,၅၀၀ ကျပ် ပိုမိုကျသင့်မည် ဖြစ်ပါသည်။ တစ်နှစ်လျှင် ကျပ် သိန်း ၂၀ ကျော် ပိုမို၍ ကုန်ကျမည် ဖြစ်ပါသည်။ 

ထို့အတူ ထိုခြံမှ ကြက်တစ်သုတ်လျှင် ပိဿာချိန် ၄၅၀၀ ထုတ်လုပ်ပြီး ရောင်းချချိန်တွင် လမ်းပန်း ဆက်သွယ်ရေး မကောင်းမွန်မှုကြောင့် တစ်ပိဿာလျှင် ၅၀ ကျပ် ဈေးလျှော့၍ ရောင်းချရသည်ဆိုပါစို့။ ကြက်တစ်သုတ်အတွက် ကျပ်ငွေ ၂၂၅,၀၀၀ လျော့၍ ရရှိမည်ဖြစ်သည်။ တစ်နှစ်လုံးအတွက် ကျပ် ၁၂ သိန်းခန့် ဆုံးရှုံးမည် ဖြစ်ပါသည်။ 

ထို့ကြောင့် ကြက်ကောင်ရေ ၃၀၀၀ ခြံတစ်ခြံအတွက် တစ်နှစ်လျှင် ကျပ် သိန်း ၃၀ ကျော် ဆုံးရှုံးမည် ဖြစ်ပါသည်။ မွေးမြူရေးခြံနေရာ ရှာဖွေရာတွင် ယင်းအချက်ကိုလည်း မဖြစ်မနေ ထည့်သွင်းစဉ်းစားရမည် ဖြစ်ပါသည်။ 

(၇) လျှပ်စစ်မီးရရှိနိုင်မှု

လျှပ်စစ်မီးအတွက် ကုန်ကျစရိတ်မှာ ခြံငယ်များတွင် မသိသာလှသော်လည်း ကြက်ခြံကြီးများအတွက်မူ သိသာသည့် ကုန်ကျစရိတ်ဖြစ်ပါသည်။ မည်သို့ပင်ဆိုစေကာမူ လျှပ်စစ်မီး လွယ်ကူစွာ ရရှိခြင်းဖြင့် မိမိကြက်ခြံ၏ လုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။ 

(၈) အကျယ်အဝန်း

မိမိမွေးမြူမည့် ကြက်ကောင်ရေအတွက် လုံလောက်သည့် ကြက်ရုံကို တည်ဆောက်နိုင်ရန်နှင့် အခြားလိုအပ်သော အဆောက်အဦများ၊ နေရာလွတ်များ ထားရှိရန်အတွက် လုံလောက်သည့် မြေနေရာ အကျယ်အဝန်းရှိရန် လိုအပ်ပါသည်။ ထို့ပြင် လုပ်ငန်းများတိုးချဲ့လာပါက တိုးချဲ့နိုင်မည့် အနေအထားမျိုးကို ကြိုတင်စဉ်းစားထားသင့်ပါသည်။ 

(၉) အညစ်အကြေးစီမံခန့်ခွဲမှု

ကြက်ခြံမှ ထွက်ရှိသော အညစ်အကြေးများကို ကောင်းမွန်စွာ စီမံခန့်ခွဲရေးမှာလည်း ကြက်ခြံနေရာ ရွေးချယ်ရာတွင် မဖြစ်မနေ ထည့်သွင်းစဉ်းစားရမည့်အချက် ဖြစ်ပါသည်။ အသားတိုးကြက်ခြံတစ်ခြံတွင် အစာ ၁၀ ပိဿာ သုံးစွဲတိုင်း အကြမ်းဖျဉ်းအားဖြင့် (ရေဓာတ် ၇၅% ပါဝင်သော) ကြက်ချေး ၅ ပိဿာ ထွက်ရှိနိုင်မည် ဖြစ်ပါသည်။

ကြက်အကောင်ရေ ၃၀၀၀ မွေးမြူထားသည့် ကြက်ရုံတစ်ရုံသည် ကြက်တစ်သုတ်အတွက် ကြက်ချေး ပိဿာချိန် ၁၅၀၀ ခန့် ထွက်ရှိမည်ဖြစ်ရာ ယင်းကြက်ချေးများကို မည်သို့ ဖြေရှင်းမည်ဆိုသည့်အချက်ကို ကြိုတင်တွက်ချက်စီမံထားရန် လိုအပ်ပါသည်။ 

ကြက်ခြံထွက် အညစ်အကြေးများမှာ ကြက်မွေးမြူသူအတွက် အားနည်းချက် ဖြစ်သော်လည်း အချို့ နေရာများတွင်မူ ကြက်ခြံထွက်အညစ်အကြေးများက ဝင်ငွေရလမ်းတစ်ခု ဖြစ်နေပြန်ပါသည်။ ဥပမာ စိုက်ပျိုး ရေးခြံများနှင့် နီးကပ်သည့်ဒေသတွင် ကြက်မွေးမြူရေးခြံကို တည်ထောင်ပါက ကြက်ခြံမှ ထွက်ရှိသော အ ညစ်အကြေးများကို သဘာဝမြေသြဇာအတွက် ရောင်းချနိုင်မည် ဖြစ်ပါသည်။ ထို့အတူ ငါးမွေးမြူရေးကန်များ ရှိသည့်နေရာတွင် ကြက်-ငါး တွဲဖက်မွေးမြူရေးကို လုပ်ကိုင်နိုင်သည့် အခွင့်အလမ်း ရှိနေပါသည်။ 

(၁၀) ရင်းနှီးမြှုပ်နှံရမည့် ငွေကြေး

မည်မျှပင် ကြက်မွေးမြူရေးအတွက် သင့်လျော်သည့် နေရာဖြစ်စေကာမူ၊ ရင်းနှီးမြှုပ်နှံရမည့် ငွေကြေး လုံလောက်စွာ ရှိမှသာ ဆောင်ရွက်နိုင်မည် ဖြစ်ရာ၊ မိမိမွေးမြူလိုသည့် ကြက်ကောင်ရေနှင့် ရင်းနှီးမြှုပ်နှံနိုင်မည့် ငွေကြေးပမာဏတို့ကို အခြားအချက်များနှင့် တွဲဖက်နှိုင်းယှဉ် စဉ်းစားရန် လိုအပ်ပါသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်