နွားငယ်လေးတစ်သက်တာအတွက် အရေးအကြီးဆုံး ရွှေရောင် ၁ နာရီ (အပိုင်း - ၁)

05/08/2022 13:00 PM တွင် သက်ခိုင် သက်ခိုင် မှ ရေးသား

အသားတိုးမွေးမြူမည့် နို့စားနွားထီးငယ်များအား ပြုစုပျိုးထောင်ခြင်း (၂)

နွားငယ်လေးမွေးဖွားချိန် ပြုစုစောင့်ရှောက်မှု (Care of the newborn calf)

အသားတိုးနွားအဖြစ် မွေးမြူမယ့် နို့စားနွားထီးငယ်လေးတွေ ပြုစုပျိုးထောင်ခြင်း (Dairy-beef calves rearing) နဲ့ ပတ်သက်ပြီး နိဒါန်း ဆောင်းပါးတစ်ပုဒ် မိတ်ဆက်ဆွေးနွေးခဲ့ပြီးပြီမို့ လက်တွေ့ဆောင်ရွက်ရမယ့် စီမံခန့်ခွဲမှုတွေကို အသေးစိတ် ဆက်လက်ဆွေးနွေးသွားလိုပါတယ်။ ပထမဆုံးဆွေးနွေးတင်ပြလိုတဲ့ စီမံခန့်ခွဲမှုကတော့ နွားငယ်လေးကို မွေးဖွားလာ ချိန်မှာ ဆောင်ရွက်ရမယ့် စီမံခန့်ခွဲမှုတွေ အကြောင်းပဲ ဖြစ်ပါတယ်။ 

နွားငယ်လေးတွေရဲ့ တစ်သက်တာမှာ အရေးအကြီးဆုံး၊ ဂရုစိုက်ဖို့ အလိုအပ်ဆုံးအချိန်ကတော့ အမိဝမ်းကကျွတ်ပြီးနောက် ပထမဆုံး အချိန် ၁ နာရီပဲ ဖြစ်ပါတယ်။ အဲဒီအချိန် ၁ နာရီလေးဟာ သိပ်ကို အရေးကြီး၊ သိပ်ကိုတန်ဖိုးရှိတာမို့ “ရွှေရောင်နာရီ (Golden hour)” လို့တောင် တင်စားခေါ်ဝေါ်ကြပါတယ်။ အဲဒီ Golden hour အတွင်းမှာ နွားငယ်လေးကို ပြုစုစောင့်ရှောက်မှု မှန်ကန်ဖို့နဲ့၊ ကျွေးမွေးပုံ မှန်ကန်ဖို့ လိုအပ်ပါတယ်။ အဲဒီလို မှန်ကန်မှသာ နွားငယ်လေးရဲ့ တစ်သက်တာလုံးမှာ ကျန်းမာရေးကောင်းမွန်ပြီး ထုတ်လုပ်မှု မြင့်မြင့်မားမား ရရှိနိုင်မှာ ဖြစ်ပါတယ်။ 

Golden Hour အတွင်း ဆောင်ရွက်ရမည့် အလုပ်များ

Golden Hour လို့ သတ်မှတ်ထားတဲ့ အချိန် ၁ နာရီအတွင်းမှာ အောက်မှာဖော်ပြထားတဲ့ လုပ်ငန်းတွေအားလုံး ပြီးစီးအောင် မွေးမြူသူက စီမံခန့်ခွဲဖို့ လိုအပ်ပါတယ် - 

  • နွားငယ်လေးကို မိခင်နွားမကြီးနှင့် ခွဲခြားခြင်း
  • လိုအပ်ပါက နွားငယ်လေးအား အသက်ရှူအကူအညီ ဆောင်ရွက်ပေးခြင်း
  • နွားငယ်၏ ချက်ကြိုးအား လိုအပ်သည့် ဆေးဝါးများ သုတ်လိမ်းပေးခြင်း
  • နွားငယ်လေးအား နို့ဦးရည် တိုက်ကျွေးပေးခြင်း 

အဲဒီလုပ်ငန်း ၄ ရပ်ကို ဆောင်ရွက်ရာမှာ Golden Hour ၁ နာရီအတွင်း ပြည့်စုံအောင် ဆောင်ရွက်ရမှာဖြစ်ပြီး နောက်ကျသွားတာမျိုး မဖြစ်သင့်ပါဘူး။ 

Golden Hour ဆိုတာ နွားငယ်ကလေး မိခင်ဝမ်းက ကျွတ်ချိန်ကနေ စတင်ပါတယ်။ 

မွေးခါစနွားငယ်လေး၏ အသက်ရှင်သန်နိုင်မှုအား အကဲဖြတ်ခြင်း

နွားငယ်ကလေး မိခင်ဝမ်းက ကျွတ်ပြီဆိုတာနဲ့ တပြိုင်နက်ဆိုသလို၊ အဲဒီနွားငယ်လေး ဘယ်လောက် ကျန်းမာသန်စွမ်းသလဲ (calf vigor) ဆိုတာကို သေသေချာချာ စိစစ်အကဲဖြတ်ဖို့ လိုအပ်ပါတယ်။ အဲဒီလို အကဲဖြတ်ရာမှာ အောက်ပါ အချက်အလက်တွေကို လေ့လာသုံးသပ်ပြီး အကဲဖြတ်နိုင်ပါတယ်။ 

  • ပြင်ပက လှုံ့ဆော်မှုတွေကို တုံ့ပြန်နိုင်ခြင်း ရှိ၊ မရှိ (responsiveness to external stimuli) 
  • ကြွက်သားတွေရဲ့ ကျုံ့နိုင်၊ ဆန့်နိုင်မှု စွမ်းရည် (muscle tone) 
  • နို့စို့နိုင်မှု (suckling reflex)
  • ခေါင်း စထောင်နိုင်ဖို့ ကြာချိန် (time to lift its head)
  • မတ်တပ် စရပ်နိုင်ဖို့ ကြာချိန် (time to first standing)

နွားငယ်လေးရဲ့ ကျန်းမာသန်စွမ်းမှုကို အကဲဖြတ်ရာမှာ အချို့အချက်တွေကို အချိန်သတ်မှတ်ချက်နဲ့  စိစစ်အကဲဖြတ်နိုင်ပါတယ်။ ဥပမာ နွားငယ်ကလေးဟာ မိခင်ဝမ်းက ကျွတ်ပြီးနောက် မိနစ် ၂၀ အတွင်း မတ်တပ်ရပ်ဖို့ ကြိုးစားရပါမယ်။ အကဲဖြတ်ရမယ့် အချို့အချက်တွေအတွက် သတ်မှတ်ထားတဲ့ အချိန်ကာလတွေကို အောက်ပါဇယားမှာ ဖော်ပြထား ပါတယ်။ 

နွားငယ်လေးမွေးဖွားပြီး ၅ မိနစ်အကြာမှာ ဘေးတိုက် အနေအထားကနေ ပုံမှန် မှောက်လျက်အနေအထား (sternal recumbency) ကို ပြောင်းလဲနိုင်ရပါမယ်။ 

နွားငယ်လေးမွေးဖွားပြီး မိနစ် ၂၀ အကြာမှာ မတ်တပ်ရပ်နိုင်ဖို့ ကြိုးစားရမှာဖြစ်ပြီး ၆၀-၉၀ မိနစ်အကြာမှာ အကူအညီမပါဘဲ လွယ်လွယ်ကူကူ အထိုင်၊ အထ ပြုလုပ်နိုင်ရပါမယ်။ 

 

 နွားငယ်လေးအား အသက်ရှူအကူအညီ ဆောင်ရွက်ပေးခြင်း

ယေဘုယျအားဖြင့်တော့ မွေးခါစ နွားငယ်လေးတွေကို အသက်ရှူအကူအညီ ဆောင်ရွက်ပေးစရာ မလိုအပ်ပါဘူး။ ဒါပေမယ့် တခါတရံမှာတော့ အကြောင်းအမျိုးမျိုးကြောင့် မွေးဖွားရခက်ခဲတာ၊ မွေးချိန်ကြန့်ကြာတာမျိုး ဖြစ်ပေါ်တဲ့အခါ နွားငယ်လေးအတွက် အသက်ရှူအကူအညီတွေ ဆောင်ရွက်ပေးဖို့ လိုအပ်လာတတ်ပါတယ်။ မွေးဖွားနေစဉ်နဲ့ မွေးဖွားပြီးပြီးချင်းမှာ အဲဒီလို အသက်ရှူအကူအညီတွေ ဆောင်ရွက်ပေးခြင်းဖြင့် မွေးဖွားရခက်ခဲပြီး နွားငယ်လေး သေဆုံးရတဲ့ဖြစ်စဉ်ကို လျော့ချပေးနိုင်ပါတယ်။ 

ဒီနေရာမှာ အရေးကြီးတာကတော့ နွားငယ်လေးကို အသက်ရှူအကူအညီ ဆောင်ရွက်ပေးဖို့ လို၊ မလို သိရှိဖို့ပါပဲ။ အဲဒီလို သိရှိဖို့ဆိုရင် နွားခြံပိုင်ရှင်၊ ဒါမှမဟုတ် ခြံမန်နေဂျာ၊ ဒါမှမဟုတ် ကျွမ်းကျင်တဲ့လုပ်သား၊ တစ်ယောက်မဟုတ် တစ်ယောက်ဟာ နွားလေးမွေးဖွားတဲ့နေရာနားမှာ ရှိနေဖို့ လိုအပ်ပါတယ်။ ဒါမှသာ နွားငယ်လေးရဲ့ အခြေအနေကို ကြည့်ပြီး လိုအပ်တဲ့ အသက်ရှူအကူအညီတွေ အချိန်မီ ပြုလုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ 

နွားငယ်လေးဟာ အသက်ကယ်ပြုစုစောင့်ရှောက်မှု လိုအပ်ခြင်း ရှိ၊ မရှိကို နွားငယ်လေး မမွေးဖွားမီ၊ မွေးဖွားနေစဉ်နဲ့ မွေးဖွားပြီးချိန် အခြေအနေတွေကို လေ့လာကြည့်ပြီး သုံးသပ်ဆုံးဖြတ်နိုင်ပါတယ်။  

အပိုင်း(၂) မှာတော့ နွားငယ်လေး မမွေးဖွားမီကတည်းက မွေးဖွားစဉ်မှာ ပြဿာနရှိလာနိုင်၊ မရှိလာနိုင် ကြိုတင်ခန့်မှန်းနည်း၊ မွေးဖွားနေစဉ်မှာ နွားငယ်လေးရဲ့ အခြေအနေတွေကို ကြည့်ပြီး အသက် ကယ်ပြုစုကုသမှု လိုအပ်ခြင်း ရှိ၊ မရှိ ကြိုတင်ခန့်မှန်းနည်း၊ အရေးအပါဆုံးအချက်တွေထဲတစ်ခုဖြစ်တဲ့ 'နွားငယ်လေးကို မိခင်နှင့် ခွဲခြားခြင်း’၊ 'နွားငယ်လေးအား နို့ဦးရည် တိုက်ကျွေးပေးခြင်း’၊ 'နွားငယ်၏ ချက်ကြိုးအား လိုအပ်သည့် ဆေးဝါးများ သုတ်လိမ်းပေးခြင်း’ စတာတွေကို ဆက်လက်ဖော်ပြပေးသွားပါမယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်