တောင်သူပညာပေးဆွေးနွေးပွဲ အတွေ့အကြုံများ (၈) ငရုတ်အရွက်ဝါ အဖြေရှာ..

09/09/2022 13:00 PM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

တောင်သူမိတ်ဆွေများအားလုံး မင်္ဂလာပါ။  တောင်သူပညာပေးဆွေးနွေးပွဲ အတွေ့အကြုံလေးများကို တဆင့်ပြန်လည်ပြီး ဖောက်သည်ချလာခဲ့တာ..

အခုဆိုရင် အမှတ်စဥ်(၈)ခုထိ ရောက်လာခဲ့ပါတယ်။ 

ဆောင်းပါးတခုချင်းစီမှာ သိစေချင်၊ မှတ်စေချင်တာလေး တခုခုကို စာဖတ်သူ အစိမ်းရောင်လမ်း မိတ်ဆွေများ သတိထားမိစေခြင်းငှာ ရေးသားဖော်ပြခြင်း ဖြစ်ပါတယ်။  

သတိထားမိသလောက်ဆိုရင် တောင်သူပညာပေး ဆွေးနွေးပွဲတွေမှာ ဟိုး..အရင်ကထက် စိုက်ပျိုးရေးဆိုင်ရာ ပြဿနာတွေ များလာသလို...တောင်သူတွေရဲ့ စိတ်ဝင်စားမှုလည်း ပိုများလာတာ တွေ့ရပါတယ်။  

ဒီတပတ် စာရေးသူ ရောက်ရှိရာနေရာကတော့.. တပ်ကုန်းမြို့နယ်၊ တံခွန်တိုင်ရွာ ဖြစ်ပြီး စပါး၊ ငရုတ်သီးနှံတွေ စိုက်ပျိုးထားတာ တွေ့ရပါတယ်။  

ဆွေးနွေးပွဲလာ တောင်သူတွေထဲက တောင်သူတယောက်ကတော့ ငရုတ်ပင်လေးတွေ နုတ်ယူလာပြီး "ဒီအကြောင်းအရာလေးကို ဦးစား ပေးပြီး ရှင်းပြပေးပါ..ဆရာ" လို့  ဆိုလာပါတယ်။  

ပုံမှန်ဆိုရင်တော့.. သမားစဥ်အတိုင်း..ပရိုဂျက်တာ၊ ပါဝါပွိုင့်ထဲက အတိုင်း.. တောက်လျှောက် ဟောပြောဆွေးနွေးတာပါ။

ဒီတစ်ခေါက်တော့.. အပြောင်းအလဲဖြစ်စေအောင်၊ တောင်သူကို အဓိက ဦးစားပေးပြီး ကြုံတွေ့နေရတဲ့ စိုက်ပျိုးရေးဆိုင်ရာ/ကွင်းပိုင်းဆိုင်ရာ ပြဿနာများကို  အရင်မေးကြည့်ပါတယ်။ 

မေးခွန်းတွေ အားလုံးကို ကောက်ချက်ဆွဲလိုက်ရင်.. 

  • ၁။ ငရုတ်ပင်တွေ အရွက် သေး/အရွက်တွန့်  ပြဿနာ  
  • ၂။ ငရုတ်ပင် ခါးရိညှိုးသေ ပြဿနာ  
  • ၃။ ငရုတ်ပင်(ကုလားအော်) အရွက်ဝါ /အပင်ညှိုးခြင်း  စတာတွေပဲ အဓိက ဖြစ်တာ တွေ့ရပါတယ်။

နံပါတ်-၁ ပြဿနာ - (စုပ်စားပိုးကြောင့် ရွက်သေးထိုးခြင်း) ကုသရန်ဆိုရင်..

  • အဆီတာမီပရစ်(အဆက်-20) 
  • ပိုင်မက်ထရိုဇင်း+နိုက်တင်ပိုင်ရမ်(ပိုင်ဒီ/စက်ကင်းရှယ်)
  • အီမာမက်တင်+သိုင်ယာမီသိုဇင်(အီသာပလပ်စ်)

အဲ့ဒါမျိုး ဆေးတွေကို ၇ ရက်ခြား အလှည့်ကျ ဖျန်းပေးနိုင်ပါတယ်။ 

နံပတ်-၂  ပြသနာက စကယ်ရိုရှန်မှိုရောဂါကြောင့် ခါးရိအမြစ်ပုပ် လက္ခဏာဖြစ်ပါတယ်။ 

သူ့ကို ကုသဖို့ဆိုရင်တော့..

  • အဇိုဇီစထိုဘင် + ဖို့စ်တိုင်းအလူမိနိယံ ( ပေဇို+ဖိုးစီ မှိုသတ် ဆေး)ကို အပင်ခြေထိ ရောက်အောင်ဖျန်းပေးပါ။ 

ဒီအထိက.. ရှင်းလို့လွယ်ပါသေးတယ်။

"အနာနဲ့ဆေး.. တည့်အောင်ပေး၊ ပျောက်ရေးမခက်ပါ" ဆိုသလိုပါပဲ။

ဒါပေမဲ့ နံပါတ်-၃ ပြဿနာကတော့  ပြဿနာ တက်တော့တာပါပဲ။

အချိန်မတန်ဘဲ ဘာကြောင့်အပင်ဝါရသလဲ? အပင်အရွက် ဝါရခြင်း အကြောင်းတရားတွေကလည်း များသကိုး..နော့။

  • အာဟာရချို့တဲ့လို့  ဝါသလား..
  • ရောဂါရလို့ဝါသလား..
  • ရေငတ်လို့ဝါသလား..
  • အစိုဓါတ်များလို့ဝါသလား..
  • ဓာတုဆေး တခုခု မှားယွင်းမှုကြောင့်ဝါသလား..

စသဖြင့်  တချက်ချင်း စစ်မေး မေးကြည့်တော့လည်း... မြေသြဇာလည်း ကျွေးထားတယ်၊ အစိုဓာတ်လည်းရှိတယ်၊ ပိုးလည်းမကျ၊ ခါးလည်းမရိ..ဆိုတော့... အဖြေမထွက်ဘဲ..ဖြစ်နေပါတယ်။

ဒီနေရာမှာ ဒီပြဿနာကို ပြေလည်နိုင်မယ့် အဖြေတခုကတော့ ပေးကို ပေးရတော့မှာကိုး။

ဒီတော့.. ကဲ..ကိုယ့်လူ, ပြောနေ..စကားကြောရှည်မယ်။ ငရုတ်ခင်းကို လက်တွေ့သွားကြည့်ကြစို့.. ဆိုပြီး.. ဆိုင်ကယ်နဲ့ တောထဲထိ သွားကြည့်ကြပါတယ်။ 

ကုလားအော် ငရုတ်ခင်းပါ။  အပင်အားလုံးနီးပါး အရွက်တွေဝါနေပါတယ်။  (အစိုဓါတ်များပြီး၊ စိမ့်ကိုင်လို့ဝါသလို ဝါနေတာပါ) 

ဒါပေမဲ့..ရေမြောင်းနဲ့ ဝေးတဲ့ နေရာမှာလည်း.ဝါနေတာပါပဲ။

ခါးကြပ်ပြီး  အောက်ကစို၊ အပေါ်ကပူ.. အမြစ်ကအစာမစားနိုင်တာလို့ ဝါတာလား ဆိုရင်လည်း...

ခါးမကြပ်တဲ့အပင်လည်း ဝါနေပြန်ကော..။

တကယ်..စားတယ်ဗျာ...

ကဲ..ကိုထွန်း (ငရုတ်ခင်းပိုင်ရှင်)

ကျနော့ကို အမှန်အတိုင်း မချွင်းမချန်ပြောစမ်းဗျာ.

လွန်ခဲ့တဲ့ တပတ်အတွင်း ဘာဆေးတွေ ဖျန်းသလဲ.?

ဆေးထဲမှာတခုခု   အမှားပါမယ်ထင်တယ် "..လို့ ဆိုပြီး...

' ကြံရာမရ.. ဆေးလွှဲချ' ..လုပ်လိုက်တော့.....

"ဆရာ ဟောပြောပွဲမှာ  ပြောသလိုများ ဖြစ်နေမလားမသိဘူးဆရာ"..တဲ့။

"ဘယ်ဟာတုန်း..ကိုထွန်း" ဆိုတော့..

" ပေါင်းသတ်ဆေးဖျန်းတဲ့ ဆေးဖျန်းပုံးကို သီးသန့်ထားပါ။ ဆပ်ပြာနဲ့ ဆေးရင်လည်း.. ပေါင်းသတ်ဆေးအာနိသင် ကျန်တတ်ပါတယ် "  ဆိုတာလေ..ဆရာ ပြောမှ ... ကျနော်သတိထားမိလိုက်တာက...

စပါးခင်း ပေါင်းသတ်ဆေးဖျန်းပြီး ငရုတ်ခင်းကို ဖျန်းလိုက်မိတယ်ဆရာ.." တဲ့..

အောင်မြတ်လေး..ကိုထွန်းရာ.. စောစောက ပြောပါတော့လား...

စပါးပေါင်းသတ်ဆေးတွေက... စပါးပင်တောင် ဝါသေးတာကိုး။ ငရုတ်ပင် ဘယ်ခံနိုင်မလဲဗျာ...

ဒါတောင်..အပင်ကြီးနေတာရယ်..၊ ဆေးအာနိသင် နည်းတာရယ်ကြောင့် သက်သာတာ..

နို့မို့.. သေပြီပေါ့။

အခုတော့ ...

အပင်ခြေကို ဂျစ်ဆန်မှုန့်ပက်၊

အပ်(up-အားဆေး) လေးနဲ့ အသက်ဆက်လိုက်ပါဦး...လို့....

ကဲ..နမူနာပါပဲဗျာ..

မိတ်ဆွေတို့လည်း.. ပေါင်းသတ်ဆေးဖျန်းတဲ့ ... ဆေးဖျန်းပုံးကို သီးသန့်ထားဖို့မမေ့ပါနဲ့..။

စေတနာများစွာဖြင့်

ဒို့ဦးလေး

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်