တရုတ်နိုင်ငံရှိ စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်များ

27/03/2023 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ - (၆၈) 

Basic Agricultural Science – (68)  

Agricultural Universities in China 

ကျွန်တော် စိုက်ပျိုးရေးတက္ကသိုလ်တွင် ရှိနေစဉ်က ၂၀၁၅-၁၆ -ခုနှစ်လောက်တွင် တရုတ်နိုင်ငံ ယူနန် ပြည်နယ် (Yunnan Province) ကူမင်း (Kunming) မြို့ရှိ  ယူနန်စိုက်ပျိုးမွေးမြူရေးတက္ကသိုလ် (Yunnan Agricultural University) နှင့် ဆီချွန်ပြည်နယ် (Sichuan Province) ချမ်ဒူး (Chendu) မြို့ရှိ ဆီချွန်တက္ကသိုလ် (Sichuan University) များသို့ လေ့လာရေးခရီး သွားရောက်ခဲ့ရပါသည်။ 

တရုတ်နိုင်ငံ၌ စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်ပေါင်း (၂၃) ကျောင်းနှင့် အသက်မွေးဝမ်းကျောင်းသင် စိုက်ပျိုးမွေးမြူရေး ကောလိပ်၊ သိပ္ပံပေါင်း (၄၀၀) ကျော်ရှိပါသည်။ 

(၁) ပထမဦးဆုံးအနေနဲ့ မြို့တော် ဘီဂျင်း (Beijing) တွင် မြန်မာကျောင်းသား၊ ကျောင်းသူ အများအပြား သင်ယူလျက်ရှိသည့် တရုတ်စိုက်ပျိုးရေးသိပ္ပံအကယ်ဒမီ ဘွဲ့လွန်သင်တန်းကျောင်း (Graduate School of Chinese Academy of Agricultural Sciences - GSCAAS) ကို လေ့လာရအောင်ပါ။

ဤဘွဲ့လွန်သင်တန်းကျောင်းကို ၁၉၅၇ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး တရုတ်နိုင်ငံ စိုက်ပျိုးမွေးမြူရေးနှင့် ကျေးလက်ရေးရာဆိုင်ရာဝန်ကြီးဌာန (Ministry of Agriculture and Rural Affairs) ၏ တိုက်ရိုက်ကြီးကြပ်မှုအောက်တွင်ရှိပြီး ဘာသာရပ်ပေါင်းစုံ သင်ကြား၊ သုတေသန (A Comprehensive National Agricultural Scientific Research Institution) ပြုလုပ်ပေးနေသော နာမည်ကြီး သုတေသန တက္ကသိုလ် ဖြစ်ပါသည်။ ဌာနကြီး ၁၀-ခု၊ တနိုင်ငံလုံးရှိ သုတေသနဌာနပေါင်း ၃၄-ခုနှင့် ဘွဲ့လွန် သင်တန်းကျောင်း (Graduate School) တို့ ပူးပေါင်းဖွဲ့စည်းထားသော အဖွဲ့အစည်း ဖြစ်ပါသည်။

သုတေသနပါမောက္ခပေါင်း ၁၁၄၂ ဦး အပါအဝင် စုစုပေါင်း သင်ကြားရေး၊ သုတေသနဝန်ထမ်းပေါင်း ၅၉၀၀ ကျော် ရှိပါသည်။ တစ်နိုင်ငံလုံးရှိ ပြည်နယ် ၂၇ ခု (27-Provinces)၌  စိုက်ပျိုး၊ မွေးမြူရေး ဆိုင်ရာ သုတေသနဌာန (106-Scientific Research Bases) ပေါင်း ၁၀၆ ခုရှိပြီး မြေဧရိယာပေါင်း ၆၄၆၇ ဟက်တာ (၁၆၀၀၀ ဧကကျော်) တွင် သုတေသနပြုလုပ်နေပါသည်။ 

(ဒီအချိန်တွင် ကျွန်တော့်စိတ်ကူးထဲ ပေါ်လာနေသည်မှာ နိုင်ငံတကာ စိုက်ပျိုးမွေးမြူရေး တက္ကသိုလ် များစွာအကြောင်း ရေးရင်း ဘယ်နိုင်ငံ၊ ဘယ်တက္ကသိုလ်ပဲဖြစ်ဖြစ် လူစွမ်းအားအရင်းအမြစ် (Human Resources) နှင့် မြေဧရိယာ (Land Areas) တွေက ကျွန်တော်တို့ဆီက တက္ကသိုလ်တွေထက် ၁၀ ဆ မှ အဆ ၁၀၀ ကျော်အထိ များပြားနေသည်ကို နှိုင်းယှဉ်၍ရနိုင်ပါသည်။ နောက်ကွာခြားချက်တစ်ခုကတော့ သူတို့တက္ကသိုလ်များက စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တော၊ ပတ်ဝန်းကျင်၊ ငါးပုစွန်နည်းပညာ၊ အင်ဂျင်နီယာ၊ စီးပွားရေး၊ ခရီးသွားလုပ်ငန်း ဘာသာရပ်အားလုံး တက္ကသိုလ် တစ်ကျောင်းတည်းအောက် တစ်စုတစ်စည်းတည်း ရှိပါသည်။ ကျွန်တော်တို့နိုင်ငံကတော့ ဝန်ကြီးဌာန ပေါင်းစုံအောက် တကွဲတပြားစီဖြစ်နေ၍ လူချင်းရင်းနှီးသော်လည်း လက်တွေ့ အတူတကွလုပ်ဆောင်ရန် အလွန်ခက်ခဲပါသည်။)

ဤတရုတ်စိုက်ပျိုးရေးသိပ္ပံ အကယ်ဒမီရှိ ဘွဲ့လွန်သင်တန်းကို ၁၉၇၉ ခုနှစ်တွင် စတင်ခဲ့ပြီး တရုတ်အစိုးရပညာသင်ဆု (Chinese Government Scholarships) များစွာပေးကာ ပါရဂူဘွဲ့ ကျမ်း ကြီးကြပ်သူ ၇၁၀ ဦး၊ မဟာဘွဲ့ကျမ်းကြီးကြပ်သူ ၁၂၉၄ ဦးက ဘာသာရပ်ပေါင်း ၁၈၀ ကျော်ကို သင်ကြား၊ သုတေသနပြုလျက်ရှိပါသည်။ 

 

ဘာသာရပ်၊ ဘာသာခွဲများမှာ စိုက်ပျိုးမွေးမြူရေး (Agriculture)၊ သဘာဝသိပ္ပံ  (Natural Sciences)၊ အင်ဂျင်နီယာ ပညာ (Engineering) နှင့် စီမံခန့်ခွဲမှုပညာ (Management) တို့ဖြစ်ပါသည်။ 

ဥပမာ - စိုက်ပျိုးမွေးမြူရေး (Academic Field -  Agriculture) အောက်ကနေ သီးနှံသိပ္ပံဘာသာခွဲ (Primary Disciplines – Crop Sciences) ထိုမှ အပင်မျိုးမွေးမြူရေးနှင့် ဗီဇပညာဘာသာစိတ် (Secondary Disciplines/Programs/Majors – Crop Genetics and Breeding) အထိ အသေးစိတ်ခွဲခြား သွားပါသည်။ ၂၀၂၂ ခုနှစ်တွင် ၅၇ နိုင်ငံမှ နိုင်ငံတကာကျောင်းသား၊ ကျောင်းသူ ၅၂၃ ဦး အပါအဝင် ပြည်တွင်းပြည်ပ ဘွဲ့လွန် (မဟာသိပ္ပံနှင့်ပါရဂူ) ကျောင်းသူ၊ ကျောင်းသား ၅၀၀၀ ကျော် သင်ယူ၊ သုတေသနပြုလျက်ရှိနေပါသည်။  

ပုံ (၁) - တရုတ်စိုက်ပျိုးရေးသိပ္ပံ အကယ်ဒမီဘွဲ့လွန်သင်တန်းကျောင်း

(၂) နောက်တစ်ကျောင်းက ယူနန်စိုက်ပျိုးမွေးမြူရေးတက္ကသိုလ် (Yunnan Agricultural University)  ဖြစ်ပါသည်။ ကျွန်တော်တို့နိုင်ငံနယ်စပ် ယူနန်ပြည်နယ် ကူမင်းမြို့ (Kunming)  တွင် ရှိပါသည်။ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်နှင့် နှစ်ဖက်သဘောတူ စာချွန်လွှာ (Memorandum of Understanding – MoU) ထိုးထားသဖြင့် ထိုတက္ကသိုလ်တွင်လည်း မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သင်ယူလျက်ရှိနေပါသည်၊

တက္ကသိုလ်နှစ်ခု သဘောတူစာချုပ်ကို ကျွန်တော်နှင့် ပါမောက္ခဒေါက်တာကျော်ငွေ ၂၀၁၇ ခုနှစ်ကသွားရောက်လက်မှတ်ထိုးခဲ့ရပါသည်။ ကျောင်းသား ကျောင်းသူပေါင်း ၂၀၀၀၀ ကျော်ရှိပြီး ပါမောက္ခ ၁၇၃ ဦး အပါအဝင် ဆရာ၊ ဆရာမ ဝန်ထမ်းပေါင်း ၁၄၀၀ ကျော်ရှိပါသည်။ နယ်မြေ (Campus) ၄ ခု ရှိပြီး မြေဧရိယာ ၈၀၀ ဧကကျော် ရှိပါသည်။ တက္ကသိုလ်ကို ၁၉၃၈ ခုနှစ်တွင် စိုက်ပျိုးရေးကောလိပ် (Agricultural College) အနေနှင့် ဖွင့်လှစ်ခဲ့ပြီး ၁၉၅၈ ခုနှစ်တွင်တော့ ပြည်နယ်အုပ်ချုပ်မှုအောက် ကူမင်း စိုက်ပျိုးမွေးမြူရေးနှင့်သစ်တောကောလိပ် (Kunming Agricultural and Forestry College) ဖြစ်လာကာ ၁၉၇၁ ခုနှစ်တွင်မှ စိုက်ပျိုး၊ မွေးမြူရေးတက္ကသိုလ်ဆိုပြီး ဖြစ်လာပါသည်၊ 

စိုက်ပျိုးမွေးမြူရေး (Agriculture) ဟူ၍သာ အမည်တပ်ထားသော်လည်း သစ်တော (Forestry)၊ စီးပွားရေးနှင့်စီမံခန့်ခွဲရေး (Economics and Management)၊ ဆေးပညာ (Medicine)၊ သိပ္ပံနှင့်အင်ဂျင်နီယာ (Science and Engineering)၊ ဥပဒေနှင့်ဒဿနိကဗေဒ (Law and Philosophy)၊ ဝိဇ္ဇာနှင့်ရသစာပေ (Arts and Literature) နောက်ဆုံး တရုတ်ဘာသာစကား (Chinese Language) ကအစ ဘာသာစုံသင်ကြားပေးပါသည်။ 

စိုက်ပျိုးရေးနှင့်ဆက်စပ်နေသောဘာသာများ သင်ကြားပေးနေသော ကောလိပ်များမှာ -

(က) လယ်ယာသီးနှံနှင့်ဇီဝနည်းပညာကောလိပ် (College of Agriculture and Biotechnology)

ကောလိပ်ပေါင်းစုံတက္ကသိုလ်တစ်ခုတည်းရှိခြင်း၏အားသာချက်အဖြစ် လယ်ယာသီးနှံကောလိပ်၏ အောက်တွင် တရုတ်ဆေးဖက်ဝင်အပင်များဌာန (Department of Chinese Medicinal Herbs and Plant Science) ရှိ တရုတ်တိုင်းရင်းဆေးများကို ဆေးပညာကောလိပ်အောက်ရှိ ကုသရေးဌာနများနှင့် ပူးပေါင်းပြီး လူနာများကိုလက်တွေ့ကုသပေးနေသည်မှာ အလွန်အားကျဖွယ် ကောင်းလှပါသည်။

(ခ) မွေးမြူရေးနှင့်နည်းပညာကောလိပ် (College of Animal Science and Technology)

(ဂ) အပင်ကာကွယ်ရေးဆိုင်ရာပညာရပ်များကောလိပ် (College of Plant Protection)

(ဃ) ဆေးရွက်ကြီးသိပ္ပံကောလိပ် (College of Tobacco Science)

(င) သဘာဝအရင်းအမြစ်များနှင့်ပတ်ဝန်းကျင်သိပ္ပံကောလိပ် (College of Natural Resources and Environmental Science)

(စ) အစားအစာသိပ္ပံနှင့် နည်းပညာကောလိပ် (College of Food Science and Technology)

(ဆ) ရေအရင်းအမြစ်နှင့် ဖိအားဆိုင်ရာအင်ဂျင်နီယာကောလိပ် (College of Water Resources and Hydraulic Engineering)

(ဇ) စက်မှုနှင့်လျှပ်စစ်အင်ဂျင်နီယာကောလိပ် (College of mechanical and Electrical Engineering)

(ဈ) အခြေခံသိပ္ပံနှင့် ဆက်သွယ်ရေးဆိုင်ရာနည်းပညာကောလိပ် (College of Natural Sciences and Information Technology)

(ည) ဥယျာဉ်ခြံသီးနှံနှင့်မြေယာအလှပြုပြင်ရေးကောလိပ် (College of Horticulture and Landscape)

(ဋ) စီးပွားရေးနှင့်စီမံခန့်ခွဲမှုကောလိပ် (College of Business and Management)

(ဌ) မာ့စ်ဝါဒကောလိပ် (College of Marxism)

(ဍ) လူမှုဗေဒနှင့်လူမှုရေးသိပ္ပံကောလိပ် (College of Humanities and Social Sciences)

(ၓ) နိုင်ငံခြားဘာသာသင်ကောလိပ် (College of Foreign Languages)

(ဏ) အားကစားဆိုင်ရာပညာရေးကောလိပ် (College of Physical Education)

(န) ဗိသုကာပညာအင်ဂျင်နီယာကောလိပ် (College of Architectural Engineering)

 

(ပ) အသက်မွေးဝမ်းကျောင်းပညာနှင့်စဉ်ဆက်မပြတ်ပညာရေးကောလိပ် (College of Vocational and Continuing Education) စသည်တို့ဖြစ်ပါသည်။  

ပုံ (၂) - ယူနန်စိုက်ပျိုးမွေးမြူရေးတက္ကသိုလ်

တရုတ်နိုင်ငံတက္ကသိုလ်များတွင် အပြည်ပြည်ဆိုင်ရာဆက်သွယ်မှုကို ၁၉၇၈ ခုနှစ်လောက်တွင် တံခါးဖွင့် ဝါဒ (Open door policy) နှင့်အတူ ကျင့်သုံးလာပါသည်။ ၁၉၉၀ နောက်ပိုင်းလောက်တွင် တရုတ်နိုင်ငံ တက္ကသိုလ်များ၌ အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားသော ပုံနှိပ်စာအုပ်များ ပြဌာန်းစာအုပ်များ(Text Book) တိုက်ရိုက်အသုံးပြု၍ဖြစ်စေ (သို့မဟုတ်) တရုတ်ဘာသာသို့ ဘာသာပြန်ကြား၍ဖြစ်စေ  အသုံးပြုလာပါသည်။ နိုင်ငံတကာရှိ ဘာသာရပ်ပေါင်းစုံမှ ဧည့်ပါမောက္ခများ၊ ကျွမ်းကျင်ပညာရှင်များ သိပ္ပံပညာရှင်များကိုလည်း တရုတ်က္ကသိုလ်များသို့ ဖိတ်ကြား၍ သင်ကြားရေးကိစ္စများ၊ သုတေသနကိစ္စများကို မြောက်မြားစွာ ပူးတွဲလုပ်ဆောင်လာသည်ကို တွေ့မြင်ရပါသည်။ ၂၀၂၁ ခုနှစ်တွင် တရုတ်နိုင်ငံ၌ တက္ကသိုလ်၊ ကောလိပ် စုစုပေါင်း ၂၇၅၆ ခု ရှိပြီး ကျောင်းသား/သူ စုစုပေါင်း သန်း၂၀ ကျော် ပညာသင်ကြားလျက်ရှိသည်ကို တွေ့မြင်နိုင်ပါသည်။

၂၀၂၂-ခုနှစ် ကမ္ဘာ့တက္ကသိုလ်အဆင့်တွင်လည်း အကောင်းဆုံး၊ အတော်ဆုံး တက္ကသိုလ် (၁၀၀) အတွင်း၌ ဆင်ဟွာတက္ကသိုလ် (Tsinghua University) အဆင့်(၁၇)၊ ပီကင်းတက္ကသိုလ် (Peking University) အဆင့်(၁၈)၊ ဟောင်ကောင်တက္ကသိုလ် (The University of Hong Kong) အဆင့် (၂၂)၊ ဖူဒန်တက္ကသိုလ် (Fudan University) အဆင့် (၃၁)၊ ဟောင်ကောင်သိပ္ပံနှင့်နည်းပညာတက္ကသိုလ် (The Hong Kong University of Science and Technology) အဆင့် (၃၄)၊ ဟောင်ကောင်တရုတ်တက္ကသိုလ် (The Chinese University of Hong Kong) အဆင့် (၃၉)၊ ဇီကျန်းတက္ကသိုလ် (Zhezing University) အဆင့်(၄၅)၊ ရှန်ဟိုင်းကျိုတောင်း တက္ကသိုလ် (Shanghai Tiao Tong University) အဆင့်(၅၀)၊ ဟောင်ကောင်မြို့တော်တက္ကသိုလ် (City University of Hong Kong) အဆင့် (၅၃)၊ ဟောင်ကောင်ပိုလီတက္ကသိုလ် (The Hong Kong Polytechnic University) အဆင့် (၆၆) နှင့် ပိုဟန်း သိပ္ပံနှင့် နည်းပညာတက္ကသိုလ် (Pohang University of Science and Technology) အဆင့်(၈၁) စသည်ဖြင့် ကမ္ဘာ့အတော်ဆုံး၊ အကောင်းဆုံး တက္ကသိုလ် (၁၀၀)အတွင်း တရုတ်ပြည်မကြီးမှ တက္ကသိုလ် (၆) ခု၊ ဟောင်ကောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ တက္ကသိုလ် (၅) ခု၊ တောင်ကိုရီးယားနိုင်ငံမှ တက္ကသိုလ် (၅) ခု၊ စင်္ကာပူနိုင်ငံမှ တက္ကသိုလ် (၂) ခု၊ မလေးရှားနိုင်ငံမှ တက္ကသိုလ် (၁) ခု ပါဝင်သည်ကို တွေ့ရှိရပါသည်။ (မှီငြမ်း-QS World University Ranking 2022)

ထိုထိပ်တန်းရောက် တက္ကသိုလ်အားလုံးနီးပါးသည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတက္ကသိုလ်များ (Autonomy University)ဖြစ်ကြပါသည်။ ပါမောက္ခချုပ် (Rector, Vice-Chancellor, University President) နှင့် တက္ကသိုလ်အုပ်ချုပ်ရေးအဖွဲ့၊ ကောင်စီ (University Council, Senate, Board of Governors, Steering Committee) တို့က အပြန်အလှန်ထိန်းကျောင်းပေးရင်း မိမိတက္ကသိုလ်က ပြုလုပ်နေသော သုတေသနများမှ ကမ္ဘာသူ၊ ကမ္ဘာသားများ အကျိုးရှိမှု၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု များများလုပ်နိုင်လေလေ၊ ကမ္ဘာ့ထိပ်တန်းဝင် နိုဘယ်ဆုရရှိသူ များများမွေးထုတ်ပေးနိုင်လေလေ၊ မိမိတက္ကသိုလ်ထွက် ဘွဲ့ရများက သင်ကြားပေးလိုက်သော ဘာသာရပ်များနှင့် ကိုက်ညီသော အလုပ်အကိုင်များများ ရနိုင်လေလေ၊ နိုင်ငံတကာမှ တက္ကသိုလ်အချင်းချင်း ပါမောက္ခ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ အပြန်အလှန် လေ့လာသွားလာနိုင်လေလေ မိမိတက္ကသိုလ် နာမည်ဂုဏ်သတင်း (Reputation) မွှေးလေလေ ဖြစ်တာကြောင့် မြန်မာနိုင်ငံတက္ကသိုလ်များကလည်း ထိုတက္ကသိုလ်များကဲ့သို့ အတုယူရင်း အမိနိုင်ငံတော် ဂုဏ်သတင်းဆောင်နိုင်ကြပါစေဟူ၍ ဆုတောင်းမေတ္တာပို့သလိုက်ရပါသည်။

ဒေါက်တာမျိုးကြွယ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်