ပြောင်းလဲမှုပြုရန် လိုအပ်လာသည့် သီးနှံပုံစံနှင့် သီးနှံစိုက်ပျိုးရေးစနစ်များ

24/05/2023 13:00 PM တွင် U Thet Lwin U Thet Lwin မှ ရေးသား

စိုက်ပျိုးရေးမိတ်ဆွေအချို့နှင့် ယခုတလောပြောဖြစ်မိတဲ့ကိစ္စတစ်ခုဖြစ်ပြီး စိုက်ပျိုးရေးလုပ်ဆောင်နေကြသော မိတ်ဆွေအချို့ကို အကြံပြုလိုတဲ့ ကိစ္စတစ်ခုလို့ ဆိုရမှာပါ။

စိုက်ပျိုးရေးလုပ်ဆောင်နေကြသူတွေကို အလျဉ်းသင့်တဲ့အခါ ဘာကြောင့် စိုက်ပျိုးရေးလုပ်နေကြသလဲ၊ ဘာအကျိုးရှိလို့လဲလို့ မေးမိကောင်း မေးမိဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။

စိုက်ပျိုးရေးလုပ်ဆောင်နေသူများဘက်ကနေ ဖြေရမယ်ဆိုရင်တော့ အကျိုးအမြတ်ရှိလို့ လုပ်ဆောင်နေကြတာလို့ ဖြေရမှာပါ။

ဘယ်လောက် အကျိုးရှိလို့လဲလို့ ထပ်မေးလာရင်တော့ ထိုက်သင့်သလောက်တော့ အကျိုးရှိကြပါတယ်လို့ပဲ ဖြေရမှာပါ။

ဘာလို့ ထိုက်သင့်သလောက် အကျိုးရှိတယ်လို့ ဖြေရတာလဲဆိုတော့ ~

  • ♥စိုက်ပျိုးသည့်ဒေသနှင့် ရေမြေရာသီဥတု။
  • ♥စိုက်ပျိုးသည့်အချိန်ကာလ။
  • ♥စိုက်ပျိူးသည့် သီးနှံ။
  • ♥ထွက်ရှိသည့်သီးနှံ အထွက်နှုန်း။
  • ♥ရောင်းချရသည့် ဈေးနှုန်း။

တို့အပေါ်မူတည်၍ အကျိုးရှိကြမှာဖြစ်လို့ပါ။

ဒါဆိုရင်...

စိုက်ပျိုးသူများ အကျိုးရှိအောင် ဘာလုပ်ကြမှာလဲ မေးလာရင်တော့..

  •  သီးနှံစိုက်ပျိုးရန် သင့်တော်သည့် ရေမြေရာသီဥတုရွေးချယ်ပါလို့ ပထမ ဖြေရမှာပါ။
  • ဒုတိယဖြေရမည့်အဖြေကတော့ သီးနှံအမြင့်ဆုံး ထွက်ရှိနိုင်တဲ့အချိန်ကာလကို ရွေးချယ်စိုက်ပျိုးရမည်လို့ ဖြေရမှာ ဖြစ်ပါတယ်။
  • ♥တတိယဖြေရမည့်အဖြေကတော့ သီးနှံအထွက်ကောင်းအောင် စိုက်ပျိုးပါလို့ ဆိုရမှာပါ။

ဒီတော့ လက်ရှိစိုက်ပျိုးနေကြသော တောင်သူလယ်သမားများသည် အထက်ပါအချက် (၃) ချက်မှာ ဘယ်အချက်တွေကို လိုက်နာရန်ပျက်ကွက်ပြီး ဘာတွေ ပြုပြင်ပြောင်းလဲရန် လိုနေပြီလဲလို့ မေးလာလျှင်တော့ မလိုက်နာကြသေးတဲ့ အချက်တွေသည် ပြုပြင်ပြောင်းလဲရမည့် အချက်များပဲလို့ ဆိုချင်ပါတယ်။

ဒီတော့ ငါဘာတွေမှားနေသလဲ၊ ဘာတွေပြုပြင်ဖို့လိုအပ်နေတယ်ဆိုတာကို အဖြေရှာခြင်း ပြန်လည်ဆန်းစစ်ခြင်းပြုရန် လိုအပ်နေပါပြီ။

တောင်သူလယ်သမားများအနေဖြင့်...

  • ♥သီးနှံစိုက်ပျိုးရေးစနစ် (Cropping System)နှင့်
  • ♥သီးနှံပုံစံ(Cropping Pattern) 

တို့တွင် ပြောင်းလဲခြင်းများ လုပ်ဆောင်၍ စိုက်ပျိုးရန် လိုအပ်လာပြီဖြစ်ပါတယ်။

♥သီးနှံစိုက်ပျိုးရေးစနစ်(Cropping Systems)...

ဆိုသည်မှာ စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် ပတ်သက်သည့်လုပ်ငန်းမှန်သမျှကို ခေါ်ဆိုခြင်းဖြစ်ပါတယ်။

မိမိစိုက်ပျိုးနေကျ သီးနှံပင်သည် ပိုးမွှားရောဂါကျရောက်ဖျက်စီးမှုကြောင့် အထွက်လျော့ခြင်း မဖြစ်ရအောင်... ရောဂါခံနိုင်ရည်ရှိသော နှံစားသီးနှံများဖြစ်သည့် စပါး၊ အစေ့ထုတ်ပြောင်း စသည့်သီးနှံများကို ရောဂါကျရောက်မှုမရှိဘဲ အထွက်ကောင်းရန်နှင့် တစ်ဧကဝင်ငွေ တိုးတက်မြင့်မားရန် သီးနှံပုံစံ(Cropping Pattern) ပြောင်းလဲစိုက်ပျိုးရန် ဖြစ်သော်လည်း...

ထိုပြဿနာများအား ကုစားနိုင်သည့်အခါ ပြဿနာ၏အဖြေကို ရှာဖွေ၍ ရသည့်အခါမျိုးမှာတော့... သီးနှံပုံစံကို မပြောင်းလဲဘဲ သီးနှံစိုက်ပျိုးရေးစနစ်ကိုသာပြောင်းလဲ စိုက်ပျိုးနိုင်ပါတယ်။

စပါးပြီး မတ်ပဲစိုက်ပျိုးနေကြသည့် သီးနှံပုံစံကို လေ့လာကြည့်ရင် မတ်ပဲ၌ ပဲသေဆုံးမှု ဆိုးဝါးခြင်း၊ လှေးနှင့် ဆာကိုစပိုရာရောဂါတို့ကြောင့် အထွက်နှုန်းလျော့ကျပြီး ဝင်ငွေလျော့နည်းနေရာ ~

မိမိတို့၏ မတ်ပဲစိုက်ပျိုးရေးလုပ်ငန်းတွင် လုပ်ဆောင်နေမှုများ၌ ဘာတွေလိုအပ်နေသလဲ၊ ဘာတွေပြုပြင်ရန် လိုအပ်နေသလဲ၊ ဆက်လက်ပြီး စိုက်ပျိုးနိုင်အောင် ဘာတွေပြုပြင်လိုက်ရင်ရမလဲဆိုတာကို ပြန်လည် သုံးသပ်ရန် လိုအပ်နေပါတယ်။

♥ မတ်ပဲသေဆုံးခြင်းတွင်ပင်

~ ပင်စည်ထိုးယင်ကြောင့်လား။

~ ညိုးသေရောဂါကြောင့်လား။

~ ခါးရိရောဂါကြောင့်လား။

~ မြစ်ခြောက်ဆွေးရောဂါကြောင့်လား။

~ စိုက်ပျိုးမြေအာဟာရဓာတ် ချို့တဲ့နေမှုကြောင့်လား။

ဆိုတာတွေကို လေ့လာရန်လိုပါတယ်။

ပင်စည်ထိုးယင်ကြောင့် မဟုတ်ဘဲ...

မြေဆောင်ရောဂါကြောင့်ဆိုရင်တော့ ထိုရောဂါများကို ကာကွယ်ကုသနိုင်သည့် ဓာတုဆေးများအပြင် ထရိုင်ကိုဒါးမားကဲ့သို့ မှိုကို မှိုဖြင့် ကာကွယ်နှိမ်နင်းသည့်ပစ္စည်းများကို အသုံးပြုရမှာပါ။

လက်ရှိ မိမိတို့ကြုံတွေ့နေရသည့် ပြဿနာများသည် ရာသီဥတုဖောက်ပြန်မှုကြောင့်လား၊ ပိုးသတ်ဆေး သုံးစွဲမှုစနစ် မမှန်ကန်လို့လား၊ ကြိုတင်ပြင်ဆင်မှုအားနည်းခဲ့လို့လား၊ စိုက်ပျိုးချိန် နောက်ကျလို့လား ဆိုတာတွေကိုလည်း သုံးသပ်ပြီး စိုက်ပျိုးချိန်အား ရှေ့တိုးခြင်း၊နောက်ဆုတ်ခြင်းများပြုပြီး စိုက်ပျိုးနိုင်ပါတယ်၊ သီးနှံပုံစံအား အလုံးစုံပြောင်းလဲလိုက်ခြင်းမဟုတ်ဘဲ စိုက်ပျိုးရေးစနစ်ကိုသာ ပြုပြင်လိုက်ခြင်းလို့ ဆိုရမှာပါ။

 ♥သီးနှံပုံစံ(Cropping Pattern) 

ဆိုတာကတော့ စိုက်ပျိုးသူအများစု ပြောဆိုနေကြသလို သီးထပ်စိုက်ပျိုးခြင်းတစ်ခုတည်းကိုသာ ဆိုလိုခြင်းမဟုတ်ဘဲ ပုံမှန်စိုက်ပျိုးနေကြသောသီးနှံအစား အခြားသီးနှံအုပ်စုကို ပြောင်းလဲစိုက်ပျိုးခြင်းကို ဆိုလိုပါတယ်။

ထို့ပြင် မတ်ပဲအစား ပဲတီစိမ်းအပါအဝင် အခြားပဲမျိုးစုံ၊ ဆီထွက်၊ စက်မှုကုန်ကြမ်း၊ ဟင်းသီးဟင်းရွက် စသည့်သီးနှံများကို ပြောင်းလဲစိုက်ပျိုးခြင်းကို ဆိုလိုပါတယ်။

မတ်ပဲသီးနှံမှာ မိမိရေမြေအတွက် အဖြစ်ထွန်းဆုံးသီးနှံ၊ သီးနှံပေါ်ချိန်တွင် ဈေးကွက်ကလည်း အကောင်းဆုံးသီးနှံ ဖြစ်နေပေမဲ့လည်း စပါးအပြီး မတ်ပဲသီးနှံကို စိုက်၍မရသော အခြေအနေရှိနေရင်တော့  သီးနှံပုံစံ(Cropping Pattern) ပြောင်းလဲလုပ်ဆောင်ပြီး စိုက်ပျိုးရပါမယ်။

နှစ်စဉ်စိုက်ပျိုးနေကျ မတ်ပဲသီးနှံတွင် ဖြစ်ပေါ်နေတဲ့ မတ်ပဲသေဆုံးခြင်းပြဿနာအား ထိမ်းချုပ်နိုင်ပြီး အထွက်ကောင်းရရှိပြီး သီးနှံဈေးကောင်းနေရင်တော့ အခြားသီးနှံ ပြောင်းလဲစိုက်ပျိူးရန်မလိုအပ်ဘဲ မတ်ပဲကိုပင် ဆက်လက်၍ စိုက်သင့်ပြီး..

စပါးပြီး မတ်ပဲသီးထပ်ပုံစံကို ပြောင်းလဲပစ်ရန် မလိုအပ်ပါဘူး။

♥သီးနှံစိုက်ပျိုးရန် သင့်တော်သည့် ရေမြေရာသီဥတု ရွေးချယ်ပါ...

သီးနှံစိုက်ပျိုးရေးစနစ်(Cropping Systems) ဖြစ်ပြီး...

မိမိစိုက်ပျိုးမည့်သီးနှံသည် နှစ်စဉ်စိုက်ပျိုးနေကျ ဖြစ်သော်လည်း စိုက်ပျိုးသည့်အချိန်ကာလဟာ သီးနှံကြိုက်နှစ်သက်သော ရာသီမဟုတ်ပါလျှင် စိုက်ပျိုးချိန်အား ရှေ့တိုးခြင်း၊ နောက်ဆုတ်ခြင်း ပြုရသော စနစ်ပင်ဖြစ်ပြီး လက်ရှိမိမိစိုက်ပျိုးမည့် ဒေသရာသီဥတုနှင့် ကိုက်ညီပါက ထိုအချိန်ကာကတွင်ပင် ဆက်လက်စိုက်ပျိုးနိုင်ပါတယ်။

မိမိစိုက်ပျိုးမည့်သီးနှံသည် ဘယ်လို ရေမြေရာသီဥတုတွင် စိုက်ပျိုးရန် သင့်တော်ပါသလဲ ဆိုတာကို သိရှိ နားလည်ရမည် ဖြစ်ပါတယ်။

ပြောကြပါလိမ့်မည်။

'ငါတို့နှစ်စဉ်စိုက်နေကြတာပဲကွာ သင့်တော်လို့ စိုက်လို့ရနေတာပါလို့'

လက်ရှိစိုက်နေကြတိုင်း သင့်တော်တယ်လို့ ပြောလို့မရပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ တောင်သူအများစုဟာ မြန်မာလကိုသာ အသေစွဲမှတ်ထားတတ်ကြပြီး မြန်မာလနှင့် အင်္ဂလိပ်လတို့ရဲ့ ကွာခြားချက်ကို သေခြာမသိကြပါဘူး။

ကြုံဖူးကြပါလိမ့်မည်...

နှစ်စဉ်စိုက်နေကျအချိန် စိုက်ပေမဲ့ (မိမိတို့နှစ်စဉ်စိုက်ပျိုးနေကျ မြန်မာလကို မူသေသတ်မှတ်စိုက်ပျိုးကြသူများ သတိပြုနိုင်ရန်ပါ) အပင်မဖြစ်ထွန်းတော့တာ၊ အပွင့်အသီး အောင်မြင်စွာမရတော့တာတွေကို ကြုံတွေ့ဖူးကြမှာပါ...ရာသီဥတုနှင့် မကိုက်ညီတာပါ။

မြေအမျိုးအစားနှင့် မကိုက်ညီတာလဲ ထို့အတူပါပဲ။

ဒါကြောင့် မိမိဒေသမှာ မစိုက်ဖူးလျှင်၊ မိမိမစိုက်ဖူးလျှင်၊ လက်ရှိစိုက်ပျိုးမည့်သီးနှံနှင့်ပတ်သက်၍ မကျွမ်းကျင်လျှင်၊ မိမိအနေဖြင့် ဘာကိုမှသိရှိခြင်းမရှိပါလျှင်...

တတ်သိနားလည်သည့် ပညာရှင်များ၊ နီးစပ်ပတ်သက်ရာ တောင်သူလယ်သမား လယ်နီးနားချင်းများနှင့် ဆွေးနွေးတိုင်ပင်ခြင်း အကြံဉာဏ်ရယူခြင်း ပြုရန်လိုအပ်ပါတယ်။

♥သီးနှံအမြင့်ဆုံး ထွက်ရှိနိုင်သည့်အချိန်ကာလကို ရွေးချယ်စိုက်ပျိုးခြင်း..

မိမိရေးသားလိုသည့် အဓိကအကြောင်းအရာ ဖြစ်ပါတယ်။

စိုက်ပျိုးရေးလုပ်ငန်း လုပ်ဆောင်နေကြသူ အများစုသည် ရှေးအစဉ်အဆက် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ဆောင်ရွက်နေကြသူများ ဖြစ်လေတော့ လမ်းသစ်ထွင်ပြီး မြေအသစ်၊ မျိုးအသစ်၊ စိုက်ပျိုးချိန်အသစ်ကို ပြောင်းလွှဲစိုက်ပျိုးရန် မစဉ်းစားကြပါဘူး။

ဒေသန္တရဗဟုသုတ၊ စိုက်ပျိုးရေးဗဟုသုတ မရှိကြလေတော့ မိမိတို့ဒေသမှာ စိုက်ပျိုးလုပ်ကိုင်နေကျ အချိန်ကာလ၊ သီးနှံ၊ မျိုးများကိုသာ စိုက်ပျိုးရန် စိတ်ဝင်တစား ရှိနေကြတာပါ။

အခြားဒေသများတွင် ဘယ်အချိန်၊ ဘယ်ကာလကတည်းက သီးနှံအထွက်ကောင်းအောင်၊ ဝင်ငွေကောင်းအောင် မိမိတို့ ဘိုးစဉ်ဘောင်ဆက် စိုက်ပျိုးခဲ့သော အချိန်၊ စိုက်ပျိုးခဲ့သော သီးနှံများ၏ နေရာတွင် အထွက်ကောင်းပြီး ဝင်ငွေကောင်းသည့် သီးနှံများကို ပြောင်းလဲ စိုက်ပျိုးခဲ့ကြတာကို မသိကြသလို သူများတွေ ဘာတွေလုပ်နေကြတယ် ဆိုတာကို မလေ့လာကြဘဲ ရှေးရိုးအတိုင်း နှစ်စဉ်စိုက်နေကျသီးနှံကို နှစ်စဉ် စိုက်နေကျ အချိန်မှာသာ စိုက်ပျိုးနေလျှင်တော့ အဆင်မပြေပါဘူး။

သို့ဖြစ်၍ သီးနှံကြိုက်နှစ်သက်သော ရာသီဥတု၊ အထွက်နှုန်းအမြင့်မားဆုံး ရရှိနိူင်သော ကာလတွင် စိုက်ပျိုးရန် လိုအပ်ပါတယ်။

စစ်ကိုင်း၊ မကွေး၊ မန္တလေးတိုင်းဒေသကြီးတို့တွင် နွေ ရေသွင်းသီးနှံ အဖြစ် ရှေးပဝေဏသီကတည်းက အစဉ်အဆက် စိုက်ပျိုးလာခဲ့ကြသော စပါးနှင့် နှမ်းအပြင် ပဲတီစိမ်းကို ၁၉၉၅ ခုနှစ်ခန့်၊ မတ်ပဲကို ၂၀၀၀ ပြည့်လွန်နှစ်များကတည်းက စိုက်ပျိူးခဲ့ကြပြီး အထွက်ကောင်း၍ ဝင်ငွေမြင့်မားစွာ ရရှိခဲ့ကြတယ်ဆိုတာကို သိစေလိုပါတယ်။

ပြောင်းလဲမှုနှင့်ပတ်သက်၍ တစ်ရွာမပြောင်း သူကောင်းမဖြစ်၊ သေချင်တဲ့ကျား တောပြောင်း ဆိုသည့် စကားပုံများ ရှိနေလေတော့ ပြောင်းလဲစိုက်ပျိုးပါလို့လည်း မဆိုချင်ပါဘူး။

ဒါပေမဲ့

တောင်သူလယ်သမားများ အနေဖြင့် ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ရန် မဖြစ်မနေ လိုအပ်နေပြီ ဖြစ်ပါတယ်။

♥ သီးနှံစိုက်ပျိုးရေးစနစ်(Cropping Systems) ကို ပထမ ပြောင်းလဲရန်လိုအပ်ပါတယ်။

ထိုသို့ပြောင်းလဲ၍ အဆင်မပြေမှသာ...

♥ ဒုတိယအဆင့်အနေဖြင့် သီးနှံပုံစံ(Cropping Pattern) ကို ပြောင်းလဲရပါမည်။

ဘာတွေ ပြောင်းလဲသင့်ပါသလဲလို့ မေးလာလျှင် သီးနှံစိုက်ပျိုးရေးစနစ်(Cropping Systems) ကို မပြောင်းလဲဘဲ စိုက်ပျိုးသည့်အချိန်ကာလ၊ မျိုး၊ စိုက်နည်းစနစ်၊ ပြုစုထိမ်းသိမ်းမှုစနစ်တို့ကို ပထမ ပြောင်းလဲစိုက်ပျိုးရန် ဖြစ်ပါတယ်။

စပါးသီးနှံဆိုပါလျှင်...

ဘယ်အချိန် ကာလတွေမှာ စိုက်သင့်ပါသလဲ၊ အထွက်ပိုကောင်းသလဲလို့ မေးလာလျင်တော့ ရာသီဥတုဖောက်ပြန်နေသောကာလ မိုးရွာသွန်းမှု မမှန်ကန်သော အချိန်များတွင် စိုက်ပျိုးနေခြင်းထက်....

ရေကောင်းစွာရရှိသော အခြေအနေရှိသည့် အချိန်ကာလတွင် စိုက်ပျိုးသင့်ရာ ဆည်ရေ၊ ချောင်းမြောင်းရေ ရရှိသော ဒေသများတွင် နွေသီးနှံ(မိုးကြို) စိုက်ပျိုးခြင်းက မိုးရွာသွန်းမှု မမှန်ကန်သည့်အပြင် စိုက်နည်းစနစ် အားနည်းချက်များ ရှိနေသော မိုးရာသီတွင် စိုက်ပျိုးခြင်းထက် ပေါင်းမြက်နှိမ်နင်းမှု၊ အောင်ရေရရှိမှု၊ အားသာချက်များရှိနေသဖြင့် ပြုစုထိမ်းသိမ်းမှုကိုသာလုပ်ဆောင်နိုင်ပါက အထွက်နှုန်း မြင့်မားစွာရရှိနိုင်ပါတယ်။(နွေစပါးဖြစ်ပါက စပါးပန်းပွင့်ချိန်တွင် အပူချိန်မြင့်မားပါက အထွက်နှုန်းလျော့ကျနိုင်ပါတယ်)

ဒုတိယ ပြောင်းလဲရမှာကတော့ စိုက်ပျိုးသီးနှံပုံစံ (Cropping Pattern) ပြောင်းလဲခြင်း ဖြစ်ပါတယ်။

Cropping Pattern ဆိုသည်မှာ  ပုံမှန်စိုက်ပျိုးနေကြသော သီးနှံအစား အခြားသီးနှံအုပ်စုကို ပြောင်းလဲစိုက်ပျိုးခြင်းကို ဆိုလိုပါတယ်။

ဥပမာ အနေဖြင့်ဆိုရရင်  မိုးစပါးသီးနှံအပြီးတွင် နှစ်စဉ်စိုက်ပျိုးနေကျ သီးနှံဖြစ်သည့် မတ်ပဲသီးနှံသည် မြစ်ခြောက်ဆွေးရောဂါကျရောက်မှုကြောင့်သော်လည်းကောင်း၊ သီးနှံဈေးနှုန်းကြောင့်သော်လည်းကောင်း မစိုက်ပျိုးတော့ဘဲ ရေရရှိသော နေရာများတွင် ရောဂါခံနိုင်ရည်ရှိသော နှံစားသီးနှံများဖြစ်သည့် စပါး၊ အစေ့ထုတ်ပြောင်း စသည့်သီးနှံများကို ရောဂါကျရောက်မှုမရှိဘဲ အထွက်ကောင်းရန်နှင့် တစ်ဧကဝင်ငွေ တိုးတက်မြင့်မားရန် သီးနှံပုံစံပြောင်းလဲစိုက်ပျိုးခြင်းကို ခေါ်ဆိုခြင်း ဖြစ်ပါတယ်။

ထို့ပြင် မတ်ပဲအစား ပဲတီစိမ်းအပါအဝင်အခြား ပဲမျိုးစုံ၊ ဆီထွက်၊ စက်မှုကုန်ကြမ်း၊ ဟင်းသီးဟင်းရွက် စသည့်သီးနှံများကို ပြောင်းလဲစိုက်ပျိုးခြင်းကို ဆိုလိုပါတယ်။

♥တတိယဖြေရမည့် အဖြေကတော့ သီးနှံအထွက်ကောင်းအောင် စိုက်ပျိုးပါလို့ ဆိုရမှာပါ။

သီးနှံအထွက်ကောင်းအောင် စိုက်ပျိုးပါဆိုသည်နှင့် လိုအပ်ချက်များစွာရှိလာပါတယ်။

  • ၁။ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးခြင်း။
  • ၂။ စိုက်ပျိုးချိန် မှန်ကန်စွာဆောင်ရွက်ခြင်း။
  • ၃။ စိုက်ပျိုးနည်းစနစ် မှန်ကန်စွာ စိုက်ပျိုးခြင်း။
  • ၄။ တစ်ဧကတွင် ရှိရမည့် အပင်ဦးရေ ရရှိအောင်ဆောင်ရွက်ခြင်း။
  • ၅။ ပိုးမွှားရောဂါ ကျရောက်ဖျက်ဆီးမှု နည်းပါးအောင်ဆောင်ရွက်ခြင်း။
  • ၆။ ပေါင်းမြက်ကင်းစင်အောင် စီစဉ်ဆောင်ရွက်ခြင်း။
  • ၇။ ပြုစုထိမ်းသိမ်းမှု စနစ်တကျလုပ်ဆောင်ခြင်း။
  • ၈။ လေလွင့်ဆုံးရှုံးမှု နည်းပါးအောင်ဆောင်ရွက်ခြင်း။

တို့ ဖြစ်ပါတယ်။

ထိုအချက်များကို လိုက်နာဆောင်ရွက်မှသာလျှင် အထွက်ကောင်းရရှိမှာ ဖြစ်ပါတယ်။

စိုက်ပျိုးရေးလုပ်ဆောင်ရာတွင် လိုက်နာရမည့် အချက်များအနက်မှ အချက်တစ်ခု လိုက်နာရန် ပျက်ကွက်ပါက စိုက်ပျိုးသူများအတွက် အကျိုးအမြတ်ရရှိနိူင်တော့မှာ မဟုတ်ပါဘူး။

အထက်ပါအချက်များအနက်...

ပထမအရေးကြီးဆုံးမှာ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးရန် ဖြစ်ပါတယ်။

အခြားအခြေအနေများတွင် ပြဿနာမရှိသော်လည်း ရာသီဥတုဖောက်ပြန်သည့် အချိန်၊ ပိုးမွှားရောဂါကျရောက်မှု ဆိုးဝါးသည့် အခြေအနေတို့တွင် မျိုးကောင်းမျိုးသန့် စိုက်ပျိုးခြင်းသည် အရေးပါလာပါတယ်။

သာဓကအားဖြင့် ဆိုရလျှင် 

မတ်ပဲ၊ ပဲတီစိမ်းတို့တွင် အဝါရောင်မိုစိတ်(Virus)ရောဂါ ခံနိုင်ရည်မရှိတာ။

စပါးတွင် မျိုးမသန့်ခြင်း၊ အသက်ရက်မမှန်ခြင်း တို့သည် သီးနှံအထွက်လျော့ခြင်းအပြင် အခြားမလိုလားသည့် ပြဿနာများကို ဖြစ်ပွားစေတာပါ။

ထိုအတူ သီးနှံစိုက်ခင်းများတွင် တစ်ဧကတွင် ရှိရမည့် အပင်ဦးရေ မပြည့်တာ၊ ပေါင်းမြက်ကင်းစင်အောင် မလုပ်ဆောင်နိုင်တာ၊ 

ပိုးမွှားရောဂါကို စနစ်တကျကာကွယ်မနှိမ်နင်းနိုင်တာ(ဆေးဝါးသုံးစွဲမှု စနစ်မှားယွင်းနေတာ) အပင်ပြုစုထိန်းသိမ်းမှုအား စနစ်တကျ မလုပ်ဆောင်နိူင်ခြင်းတို့ဟာလည်း သီးနှံအထွက်နှုန်းကို လျော့ကျစေပါတယ်။

သို့ဖြစ်၍ သီးနှံစိုက်ပျိုးမှုလုပ်ငန်းတွင် လိုက်နာဆောင်ရွက်ရမည့် အချက်များကို တိကျစွာလိုက်နာဆောင်ရွက်မှသာ လိုအပ်နေသည့်သီးနှံအထွက်နှုန်းကို ရရှိမှာဖြစ်ပါတယ်။

စိုက်ပျိုးသူများအနေဖြင့်...

ရှေးယခင်ကလို အချိန်တန်လျှင် မျိုးစေ့ချမယ်၊ ထွန်ယက်မယ်၊ ဆေးဖျန်းချိန် ဆေးဖျန်းမယ်၊ သီးနှံရသလောက် ရလိမ့်မယ်လို့ အတွေးဖြင့် လုပ်ဆောင်၍ မရတော့ပါဘူး။

ပြောင်းလဲလာသောရာသီဥတုနှင့်အညီ မျိုးကောင်းမျိုးသန့်ရွေးချယ်စိုက်ပျိုးရေးက အရေးပါလာသလို အကျိုးအမြတ်ကိုသာရှေ့တန်းတင်၍ လုပ်ဆောင်နေကြသော မျိုးစေ့မုဆိုးများကလည်း နေရာဒေသအနှံ့ အပြား၌ လူတန်းစားစုံ၊ အဖွဲ့အစည်းအစုံ ရှိနေလေတော့ စိုက်ပျိုးသူများအနေဖြင့် နား၊ မျက်စိ အပြင် မိမိတို့ အလိမ်မခံရလေအောင် မိမိဝယ်ယူသော မျိုးစေ့ထုတ်လုပ်သည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ အခြေစိုက်ရာဒေသ ကအစ သိရှိအောင်လေ့လာဝယ်ယူခြင်း၊ မျိုးစေ့အားစစ်ဆေးခြင်းပြုလုပ်ရန် လိုအပ်လာပြီလို့ အသိပေးလိုပါတယ်။

စိုက်ပျိုးရေးလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေကြသူများအနေဖြင့် စိုက်ပျိုးရေး ဗဟုသုတရရှိမှသာလျှင် အလိမ်ခံရခြင်း၊ ဆုံးရှုံးနစ်နာမှုများဘေးမှ ကင်းလွတ်နိုင်မှာဖြစ်၍ လေ့လာသင်ယူမှုများကို ပြုနေကြရဦးမှာပါ။

စိုက်ပျိုးရေးပညာသည် ဆုံးခန်းတိုင် ပြည့်စုံခြင်းမရှိလေတော့ သင်ယူလေ့လာမှုများကတော့ ပြီးဆုံးမည် မဟုတ်ပါလေ။

ချမ်းမြေ့ပါစေ

ဦးသက်လွင်(ထန်းညီနောင်)

ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်