မြန်မာ့တိုင်းရင်းငါးမျိုးစိတ် ငါးဖိန်းငါးဆေးထိုးသားဖောက်နည်း

10/01/2023 17:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

 

မြန်မာနိုင်ငံရှိ ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့၊ အင်းလေးကန်တွင်သာတွေ့ရသော မြန်မာ့တိုင်းရင်းငါးမျိုးစိတ် ငါးဖိန်းသည် အင်းလေးကန်၏ပုံရိပ်ဖြစ်ပြီး “အင်းသားငါး”ဟုလည်း ခေါ်လေ့ရှိကြသည်။

ငါးဖိန်းငါးကို ၁၉၁၈ ခုနှစ်တွင် Annandale မှ ရှာဖွေတွေ့ ရှိခဲ့ပြီး ငါးဖိန်း၏သိပ္ပံအမည်မှာ Cyprinus intha ဖြစ်ပါသည်။ ငါးဖိန်းငါးမျိုးသည် မျိုးသုဉ်းပျောက်ကွယ်လုနီးပါးရင်ဆိုင်နေရ၍ (International Union for Conservation of Nature-IUCN) Red List အဖြစ် ၂၀၁၁ ခုနှစ်တွင်ပြဌာန်းခဲ့ပါသည်။

ငါးဖိန်းငါး၏ ခန္ဓာဗေဒအချက်အလက်များ

  • ငါးဖိန်းငါး၏ ခန္ဓာကိုယ်ပေါ်တွင် အကြေးခွံများပါရှိပြီး ဦးခေါင်းတွင်မူ အကြေးခွံမရှိပေ။ ပတ်ဝန်းကျင်အပူချိန် (၂၀-၃၀) ဒီဂရီစင်ဂရိတ်ကို နှစ်သက်ကြသည်။
  • ငါးဖိန်းငါး၏နှုတ်ခမ်းသည် ဝက်နှုတ်ခမ်းနှင့်ဆင်တူပြီး မြေကိုဆွ၍အစာကို ရှာဖွေစားတတ်ကြသည်။ ထို့ကြောင့် ငါးဖိန်းရှိသောကန်ရေသည် နောက်ကျိနေတတ်သည်။
  • ငါးဖိန်းငါး၏ အမြီးရေယက်နှင့် စအိုရေယက်တို့တွင် ဓားသွားကဲ့သို့ထက်မြက်သော ဇောင်းများပါရှိသည်။အလယ်လိုင်းကြေးခွံ စုစုပေါင်း(၂၅-၂၈) ခုအတွင်းသာ ပါရှိသည်။
  • ပါးစပ်တွင် နှုတ်ခမ်းမွေး(၂)စုံပါရှိပြီး နှုတ်ခမ်းမှာစွေစောင်းပြီး အောက်မေးရိုး ငေါထွက်နေသည်။
  • ငါးဖိန်းငါး၏ခန္ဓာကိုယ်အရောင်မှာ စိမ်းညိုရောင်၊ ငွေညိုရောင်ရှိကြသည်။
  • ငါးဖိန်းငါးမျိုးသည် အစုံစားသော(Omnivorous)ငါးမျိုးဖြစ်ပြီး အစာစားသောအလေ့အကျင့်တွင်(၂၀)မီလီမီတာအရွယ် သားပေါက်သည် အပင်နှင့်အကောင်မျှောလှေးများကိုစားသောငါးမျိုး (Planktonic feeder) ဖြစ်သည်။
  • ၁၀ စင်တီမီတာ ငါးသန်များသည် ပိုးကောင်များ၊ တီကောင်များ၊ အပင်၊ အသီးအရွက်အဆွေးအမြည့်များကိုစားသည်။

ငါးဖိန်းငါးသားဖောက်ခြင်း

  • ငါးဖိန်းများသည် တစ်နှစ်ပတ်လုံးမျိုးပွားပြီး ဇန်နဝါရီလမှ ဧပြီလအတွင်းမျိုးပွားရန် အမြင့်ဆုံးအချိန် ဖြစ်ပါသည်။
  • မျိုးပွားချိန်တွင် ငါးအဖိုနှင့်အမကို အလွယ်တကူ ခွဲခြားနိုင်ပါသည်။

ဆေးထိုးသားဖောက်နည်း

  • ငါးဖိန်းသားဖောက်ရန်အတွက် ဗေဒါပင်ကိုအသုံးပြုနိုင်သည်။
  • သားဖောက်မည့်ငါးကန်သည် အောက်ခြေတွင်ရွှံ့နွံများမရှိရန်နှင့် ရေသန့်ရှင်းရန်အထူးလိုအပ်သည်။ ရေမကောင်းပါက ဥများပုပ်သွားနိုင်သည်။
  • မျိုးငါးများအား ညနေ(၆)နာရီခန့်တွင် ဟော်မုန်းဆေးထိုး၍ မိတ်လိုက်ဥချကန်အတွင်း ရေပန်းချ၍ လွှတ်ပေးထားသင့်သည်။
  • နောက်တစ်နေ့မနက်(၂)နာရီခန့်တွင် ငါးများစတင်၍မိတ်လိုက်ပြီး (၄-၅)နာရီခန့်တွင် ဥများစတင် ဥချပါသည်။
  • မနက်(၇)နာရီခန့်တွင် မျိုးငါးများကို ပိုတက်ဆီယမ်ပါမက်ဂနိတ်(KMnO4) ကို ၅ မိနစ်ခန့်စိမ်ပေးပြီး သီးခြားပြုစုကန်များအတွင်းသို့ ပြန်လွှတ်ပေးသင့်သည်။
  • ဥကပ်ဗေဒါပင်များအားသီးခြားသားဖောက်ရန် အသင့်ပြင်ဆင်ထားသောသားဖောက်ကန်အတွင်း ပြောင်းပေးရပါမည်။

ငါးဖိန်းငါးသားပေါက်များအား အစာကျွေးနည်း

  • သားဖောက်ပြီး(၃-၆)ရက်အကြာတွင် အပူချိန်ပေါ်မူတည်ပြီး ငါးများဥမှ အကောင်ပေါက်ပါမည်။
  • ဥမှပေါက်စငါးကလေးများအား အစာကျွေးရန် မလိုသေးပေ။
  • ငါးဖိန်းငါးမှုန်များသည် ငါးရံ့သားပေါက်များကဲ့သို့ နီရဲသည်။
  • ဥမှအကောင်ပေါက်ပြီး(၃)ရက်မြောက်နေ့တွင် ပဲဖတ်ကိုရေစိမ်၍ ကန်အနှံ့ ဖျန်းပေးရမည်။
  • ၁၀ ရက်ခန့်ကြာလျှင် ဖွဲနုနှင့်ပဲဖတ်ကို (၃ : ၁ အချိုး) ရောစပ်၍ ကန်အနှံ့ ထပ်မံဖျန်းပက်ပေးရမည်။
  • အစာကို နံနက်နေထွက်ချိန်(၈)နာရီခန့်တွင် ကျွေးရပါမည်။
  • ပုံမှန်အားဖြင့် ငါးဖိန်းငါးမျိုး၏သက်တမ်းသည်(၉)နှစ်မှ (၁၅) နှစ်အထိရှိပြီး သက်တမ်းအရှည်ဆုံး ၄၇ နှစ်ထိရှိကြောင်း လေ့လာသိရှိရပါသည်။

ငါးဖိန်းငါး သားဖောက်ထုတ်လုပ်ခြင်း၏ အောင်မြင်မှုများ

ငါးဖိန်းငါးမျိုးအား ညောင်ရွှေငါးလုပ်ငန်းစခန်းမှ ၂၀၀၅ ခုနှစ်တွင်စတင်၍ အောင်မြင်စွာသားဖောက်ထုတ်လုပ်နိုင်ခဲ့ပြီး ၂၀၀၇ ခုနှစ်တွင် ကမ္ဘာ့စားနပ်ရိက္ခာနေ့အထိမ်းအမှတ် ငါးမျိုးသစ်သုတေသနပြုစမ်းသပ်သားဖောက်ထုတ်လုပ်ဆုကို ညောင်ရွှေငါးလုပ်ငန်းစခန်းမှ ရရှိခဲ့၍ နှစ်စဉ်အင်းလေးကန်နှင့် ရေဝေရေလဲဒေသများသို့ ငါးဖိန်းသားပေါက်များအား ငါးမျိုးစိုက်ထည့်ပေးလျက်ရှိပါကြောင်း တိုင်းရင်းငါးဖိန်းငါးအကြောင်းကို လေ့လာမိသမျှ ရေးသားလိုက်ရပါသည်။ 

Ref; ငါးလုပ်ငန်းဦးစီးဌာန။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်