မုန်တိုင်းငယ်သတင်းကြောင့် လပွတ္တာခရိုင်အတွင်း ကမ်းနားနီးနေသူအချို့ ပြောင်းရွှေ့မှုများ လုပ်နေ

21/03/2022 16:51 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

လက်ရှိဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ ဧရာဝတီတိုင်းကို ဖြတ်ကျော်ဝင်ရောက်မယ် ဆိုတဲ့ သတင်းထုတ်ပြန်မှုတွေကြောင့် လပွတ္တာခရိုင်အတွင်းက တောင်သူတစ်ချို့ အပါအဝင် မြစ်ကမ်းနားနီး နေထိုင်သူတစ်ချို့ ဘေးလွတ်ရာတွေဆီ ရွှေ့ပြောင်းနေ တာတွေ ရှိတယ်လို့ သိရပါတယ်။

မုန်တိုင်းဖြစ်ပြီဆို အထိနာတတ်တဲ့ ပြင်စလူအပါအဝင် မြစ်ကမ်းနားနီးနေရာတွေမှာ နေထိုင်သူတွေထဲက အချို့ဟာ အဝတ်အစား၊ ပစ္စည်းတွေသိမ်းပြီး လပွတ္တာမြို့ပေါ်ကို ပြောင်းနေကြတာ၊ နီးစပ်ရာ မုန်တိုင်းဒဏ်ခံအဆောက်အဦတွေမှာ ရွှေ့နေကြတာ မျိုးတွေ ရှိတယ်လို့ လပွတ္တာမြို့နယ်၊ သုံးမိုင်မြို့မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

“ နာဂစ်တုန်းက ခံထားရဖူးတဲ့အတွေ့အကြုံတွေရှိတော့ မုန်တိုင်းသတင်းကြားပြီဆို ဒီလိုပဲ ရွှေ့နေကြတာပဲ။ ညီမတို့တောင် အခု အထုပ်တွေသိမ်း၊ ပစ္စည်းတွေသိမ်း လုပ်နေတာ” လို့ အဆိုပါ မိန်းကလေးက ဆိုပါတယ်။

လပွတ္တာမြို့နယ်အတွင်း ဒီနေ့မနက်ပိုင်းနဲ့ ညနေပိုင်းမှာ မိုးရွာသွန်းမှုအချို့ ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။ နွေစပါးစိုက်တောင်သူတွေကတော့ လက်ရှိမှာ စပါးတွေရိတ်သိမ်းပြီးစီးသွားပြီမို့ ပြဿနာမရှိတော့ဘဲ မြစ်ကမ်းနားနီးနေထိုင်သူတွေကတော့ နွေစပါးစိုက်တာမရှိဘူးလို့ သိရပါတယ်။

ဧရာဝတီတိုင်း မြောင်းမြခရိုင်ထဲက ဝါးခယ်မ၊ အိမ်မဲ စတဲ့မြို့နယ်တွေမှာတော့ မိုးသည်းထန်စွာ ရွာသွန်းတာမျိုးမရှိသေးပေမယ့် ငရုတ်စိုက်တောင်သူတွေကတော့ မိုးများရင် ထိခိုက်မှုများနိုင်လို့ ကြိုတင်ပြင်ဆင်မှုအချို့ လုပ်နေတယ်လို့ သိရပါတယ်။

“ ရေတွေဝပ်မှာစိုးလို့ ရေမြောင်းဖော်တာတွေ ဘာတွေလုပ်ရတာပေါ့။ ငရုတ်က မိုးများရင် ရောဂါတွေဝင်တာ၊ လှန်းမရရင် ပျက်စီးတာမျိုးတွေရှိတတ်တယ်။ အရင်နှစ်တွေကလည်း ဒါမျိုးမိုးမိတာတွေရှိရင် ၃၀ ရာခိုင်နှုန်းလောက် ပျက်စီးတာမျိုးတွေ ရှိဖူးတယ်။ ရက်ရှည် မိုးရွာရင်တော့လည်း လယ်သမားတွေဘက်က ဘာမှမတတ်နိုင်ဘူးပေါ့လေ။ အပင် မှာဒီတိုင်းထားထားတာကမှ နည်းနည်းသက်သာသေးတယ်” လို့ မြောင်းမြမြို့မှာ နေထိုင်တဲ့ စိုက်ပျိုးရေးပညာရှင်တစ်ဦးက ပြောပါတယ်။

ယနေ့မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲအချိန် တိုင်းထွာချက်များအရ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်းနှင့်ယင်းနှင့်ဆက်စပ်လျက်ရှိတဲ့ ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော အားကောင်းသောမုန်တိုင်းငယ်(Deep Depression)ဟာ မြောက်-အရှေ့မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့ရဲ့ တောင်-အရှေ့တောင်ဘက် ရေမိုင်(၉၅)မိုင်ခန့်၊ ဟိုင်းကြီးကျွန်းမြို့ရဲ့တောင်ဘက် ရေမိုင်(၂၀၅)မိုင်ခန့်၊ ပုသိမ်မြို့ရဲ့ တောင် -အနောက်တောင်ဘက် ရေမိုင်(၂၅၅)မိုင်ခန့်၊ ထားဝယ်မြို့ရဲ့ အနောက်-အနောက်တောင်ဘက် ရေမိုင်(၂၇၀)မိုင်ခန့်၊ မြိတ်မြို့ရဲ့ အနောက်ဘက် ရေမိုင်(၂၈၅)မိုင်ခန့်၊ မော်လမြိုင်မြို့ရဲ့ အနောက်တောင်ဘက် ရေမိုင်(၃၂၀)မိုင်ခန့်၊ ရန်ကုန်မြို့၏ တောင်-အနောက်တောင်ဘက် ရေမိုင်(၂၉၀)မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ နီကိုးဘားကျွန်း(Nicobar Islands)ရဲ့ မြောက်ဘက် ရေမိုင်(၂၇၅)မိုင်ခန့်နှင့် ပို့ပလဲယား(Port Blair)၏ အရှေ့‌မြောက်ဘက် ရေမိုင်(၈၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ မိုးလေဝသနှင့်ဇလ ဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ မွန်းလွဲပိုင်းက ထုတ်ပြန်ထားပါတယ်။

အားကောင်းသောမုန်တိုင်းငယ်(Deep Depression)ရဲ့ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမယ့် အခြေအနေဖြစ်လို့ လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဆိုပါ အားကောင်းသောမုန်တိုင်းငယ်(Deep Depression)ဟာ မြန်မာစံတော်ချိန် မွန်းလွဲ ၁၂ နာရီခွဲအချိန်မှာ မြောက်လတ္တီကျု(၁၂.၆)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု(၉၃.၈)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား(၁၀၀၂)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၄၅)မိုင်နှုန်းခန့် ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီမုန်တိုင်းငယ်(Deep Depression)ဟာ နီကိုးဘားကျွန်း(Nicobar Islands)နှင့် ကပ္ပလီပင်လယ်ပြင်ကမ်းလွန်တစ်လျှောက် မြောက်ဘက်သို့ ရွေ့လျား ပြီး၊နောက်(၁၂)နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm)အဖြစ်သို့ ရောက်ရှိနိုင်တယ်လို့ ခန့်မှန်းကြောင်းနဲ့  ယနေ့ညနေပိုင်းတွင် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းအနီးသို့လည်းကောင်း၊  မတ် ၂၂ ရက်နေ့ နေ့လယ်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းအနီးသို့လည်းကောင်း၊  မတ် ၂၃ ရက်နေ့ မနက်ပိုင်းတွင် ရခိုင်ကမ်းရိုးတန်း ကို သံတွဲမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်းရပါတယ်လို့လည်း မိုး/ဇလ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မုန်တိုင်းငယ်(Deep Depression)ရဲ့ အရှိန်ကြောင့် ယနေ့နေ့လယ်မှ မတ် ၂၃ ရက်နေ့အတွင်း နေပြည်တော်၊ စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှနေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ အချို့ဒေသများတွင် ဒေသအလိုက်နှင့် နေရာကွက်၍ မိုးကြီးနိုင်တယ်လို့ သိရပါတယ်၊

မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့မှာလည်းမကြာခဏ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်းနဲ့ မိုးသက်လေပြင်းကျစဉ်ရေပြင်/မြေပြင်လေဟာ တစ်နာရီလျှင် (၄၅)မိုင်အထိ တိုက်ခတ်နိုင်ကြောင်း၊ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့မှာ (၁၀)ပေမှ (၁၄)ပေခန့်ရှိနိုင်ပါကြောင်းလည်း သတင်းထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

မုန်တိုင်းငယ်(Deep Depression)ဟာ ယနေ့ညနေပိုင်းတွင် မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းအနီးသို့ ရောက်ရှိနိုင်ပြီး၊ အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်အထိ တိုက်ခတ်နိုင်ကြောင်း၊ မတ် ၂၂ ရက် နေ့လယ်ပိုင်းတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီး ကျွန်းအနီးသို့ ရောက်ရှိနိုင်ပြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်း ဒေသကြီးတို့တွင် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၅၀)မှ (၅၅) မိုင်အထိ တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းကြောင်းလည်း မိုး/ဇလ က ဆိုပါတယ်။

မတ် ၂၃ ရက်နေ့ မနက်ပိုင်းတွင် ရခိုင်ကမ်းရိုးတန်းသို့ရောက်ရှိနိုင်ပြီး အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၄၀)မှ (၄၅)မိုင်အထိ တိုက်ခတ် နိုင်တယ်လို့ခန့်မှန်းရကြောင်းနဲ့ မုန်တိုင်းဖြတ်ကျော်စဉ် မုန်တိုင်းဒီရေမှာ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊လပွတ္တာခရိုင်၊မြောင်းမြခရိုင်၊ မအူပင်ခရိုင်၊ ဖျာပုံခရိုင်တို့ရှိ မြစ်ဝ၊ မြစ်လက်တက်များအတွင်း(၁၀)ပေမှ (၁၄)ပေခန့်အထိ မြင့်တက်လာနိုင်ကြောင်းခန့်မှန်းကြောင်းလည်း မိုး/ဇလ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်