ဆီးချိုရောဂါနှင့် ယနေ့ကမ္ဘာ့

11/12/2018 09:50 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဆီးချိုသွေးချိုရောဂါသည် အသံတိတ်လူသတ်သမားဖြစ်သည်။ ကမ္ဘာပေါ်တွင် ဆီးချိုသွေးချိုကြောင့် ခြောက်စက္ကန့်တိုင်း၌ လူတစ်ဦးနူန်း သေဆုံးလျက်ရှိသည်။ ၁၀ စက္ကန့်တိုင်းတွင် ကမ္ဘာပေါ်ရှိ လူနှစ်ဦးမှာ ဆီးချိုသွေးချိုရောဂါ စတင်ဖြစ်ပွားနေပြီး စက္ကန့် ၃၀ တိုင်း၌ လူတစ်ဦးမှာ ဆီးချိုသွေးချိုကြောင့် မသန်စွမ်းဖြစ်နေကြရသည်။ ၂၀၁၅ ခုနှစ်စာရင်းအရ ကမ္ဘာပေါ်တွင် ဆီးချိုသွေးချိုရောဂါဖြစ်ပွားသူ ၄၁၅ သန်းရှိပြီး ၂၀၄၀ ပြည့်နှစ်တွင် သန်း ၆၄၀ အထိ ရှိလာမည်ဟုလည်း ခန့်မှန်းထားသည်။ မြန်မာနိုင်ငံတွင် ၂၀၁၃ – ၂၀၁၄ သုတေသနစစ်တမ်းအရ အသက် ၂၅ နှစ်နှင့် ၆၅ နှစ်ကြား လူ ၁၀၀ လျှင် ၁၁ ဦးအထိ ဖြစ်ပွားနေပီး နှစ်စဉ် သေဆုံးသူ ၁၀၀ ၌ သုံးဦးမှာ ဆီးချိုသွေးချိုရောဂါဖြင့် သေဆုံးလျက်ရှိသည်။

ဆီးချိုသွေးချိုရောဂါသည် မျိုးရိုးလိုက်သော ရောဂါတစ်မျိုးဖြစ်ပြီး ဘိုးဘွားမိဘများတွင် ဆီးချိုသွေးချိုရှိပါက သားသမီးများ တွင်လည်း ဖြစ်နိုင်ခြေများသည်။ ဆီးချိုသွေးချိုရောဂါသည်တစ်ဦးသည် အချိန်မတိုင်မီစော၍ သေဆုံးနိုင်ပြီး ၁၀ နှစ်မှ ၁၂ နှစ်အထိ သက်တမ်းပိုတိုနိုင်သည်။ အသက်ရှင်နေစဉ်တွင်လည်း ခန္ဓာကိုယ်မှ အင်္ဂါအားလုံး ထိခိုက်ပျက်စီးပြီး လူစဉ်မမီ ဖြစ်စေနိုင်သည်။ ဆေးကုသမှုစရိတ်အကြီးမားဆုံး ရောဂါတစ်မျိုးဖြစ်ပြီး ရောဂါကုသစရိတ်သာမက ရောဂါရှင်ကို ပြုစုရသည့်အတွက် မိသားစုကိုလည်း ဝန်ထုတ်ဝန်ပိုးဖြစ်စေနိုင်သည်။ ဆီးချိုသွေးချိုရောဂါသည် မိသားစု တစ်ခုချင်းစီ ကိုလည်း စီးပွားရေးပျက်ပြားစေပြီး ဆင်းရဲတွင်းသို့ တွန်းပို့ပေးနိုင်သော ရောဂါဖြစ်သည်။

ဆီးချိုသွေးချိုရောဂါကပ်ဆိုးကြီးကို အချိန်မီ ကာကွယ်ထိန်းသိမ်းနိုင်ရေးအတွက် နိုင်ငံတကာဆီးချိုသွေးချို ဖက်ဒရေးရှင်း (International Diabetes Federation – IDF) နှင့် ကမ္ဘာ့ကျန်းမားရေးအဖွဲ့ (WHO) တို့က ၁၉၉၁ ခုနှစ်၌ သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ၁၉၉၂ ခုနှစ်မှ စတင်ကာ ကမ္ဘာ့တစ်ဝန်းတွင် အခမ်းအနားများကျင်းပခဲ့ကြသည်။ မြန်မာနိုင်ငံတွင် ၁၉၉၈ ခုနှစ်က တစ်ကြိမ်ပြုလုပ်ခဲ့ပြီး ၂၀၀၁ ခုနှစ်မှ စတင်၍ နှစ်စဉ်ကျင်းပခဲ့သည်။

ရောဂါအခမဲ့စစ်ဆေးရှာဖွေကုသ

အသက် ၄၀ ပြည့်ပြီး ဆီးချိုသွေးချိုဖြစ်နိုင်ခြေရှိသူများအား အခြေခံကျန်းမာရေးဝန်ထမ်းများက မြို့နယ် ၁၉၄ မြို့နယ်တွင် အခမဲ့ စစ်ဆေးရှာဖွေခြင်းနှင့် ကုသခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း ကျန်းမာရေးနှင့် အာကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် မြန်မာနိုင်ငံ ဆီးချိုသွေးချိုကာကွယ်ထိန်းသိမ်းရေးစီမံချက်တို့ ပူးပေါင်းပြီး မကူးစက်နိုင်သော ရောဂါများဖြစ်သည့် ဆီးချိုသွေးချိုရောဂါနှင့် သွေးတိုးရောဂါများကို ကျေးလက်ဒေသများမှာ ရှာဖွေကုသပေးသည့် လုပ်ငန်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန မကူးစက်နိုင်သော ရောဂါများ ကာကွယ်နှိမ်နင်းရေးဌာနခွဲမှ ဦးစီးပြီး ၂၀၁၆ မှ ၂၀၁၈ ခုနှစ်အထိ စုစုပေါင်း မြို့နယ် ၁၉၄ ရှိ အခြေခံကျန်းမာရေးဝန်ထမ်းများကို သင်တန်းပေးပြီးဖြစ်ကာ အသက် ၄၀ ပြည့်ပြီး ဆီးချိုသွေးချိုဖြစ်နိုင်ခြေရှိသူများကို အခြေခံကျန်းမာရေးဝန်ထမ်းများမှ အခမဲ့စစ်ဆေးရှာဖွေဖော်ထုတ်ခြင်း၊ ကုသခြင်း လိုအပ်သလို လွှဲပြောင်းပေးခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။

ဆီးချိုရောဂါဖြစ်ပွားပြီး ကုသပါက မိသားစုများ၏ အခန်းကဏ္ဍသည် များစွာအရေးပါပြီး ဆီးချိုသွေးချိုဝေဒနာရှင်များအား ကူညီထောက်ပံ့ပေးရန် မိသားစုဝင်များအနေဖြင့် ဆီးချိုသွေးချိုရောဂါနှင့် ပက်သက်သည့် ဆောင်ရန်၊ ရှောင်ရန် ဗဟုသုတများ သိရှိရန် လိုအပ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောကြားသည်။

“ယနေ့ကာလမှာ ဆီးချိုသွေးချိုရောဂါဖြစ်ပွားနူန်းဟာကြောက်မခန်းလိလိ တိုးတက်များပြားလာနေပါတယ်။ ဒါ့အပြင်  ကပ်ရောဂါကဲ့သို့ တစ်ကမ္ဘာလုံးမှာ ပျံနှံ့ဖြစ်ပွားနေပါတယ်။ မိသားစုဝင်တွေအနေနဲ့ ကလေးငယ်တွေကို ငယ်စဉ်ကတည်းက ကျန်းမာရေးနဲ့ ညီညွတ်စေဖို့ နေထိုင်စားသောက်တတ်အောင် သင်ကြားပေးခြင်း၊ မိသားစုအတွင်း စားသောက်နေတဲ့ ထမင်းဝိုင်းတွေကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ပြင်ဆင်စားသောက်ခြင်း၊ အန္တရာယ်ဖြစ်စေတဲ့ တိရစ္ဆာန်မှ ရသော အဆီနဲ့ မကြာခဏ ပြန်ကြော်ထားတဲ့ ဆီတွေကို လျော့စားဖို့ လိုပါတယ် " ဟု  ပြည်ထောင်စုဝန်ကြီးက ပြောသည်။

မြန်မာနိုင်ငံတွင် ဆီးချိုသွေးချိုရောဂါဖြစ်ပွားနူန်းသည် ၁၀ ဒသမ ၅ ရာခိုင်နူန်း (၁၀ ဦးတွင် တစ်ဦးနူန်း) ဖြစ်ပွားနေကြောင်း၊ သွေးတိုးရောဂါဖြစ်ပွားနူန်းသည် ၂၆ ဒသမ ၄ ရာခိုင်နူန်း(၄ ဦးတွင် တစ်ဦးနူန်း) ဖြစ်ပွားနေကြောင်း၊  ဆီးချိုသွေးချိုရောဂါဖြစ်ပွားရန် တာစူနေသည့် သူများသည် ၁၉ ဒသမ ၅ ရာခိုင်နူန်း (ငါးဦးတွင် တစ်ဦးနူန်း) ဆီးချိုရောဂါဖြစ်နိုင်သည့် အလားအလာရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာန ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကမ္ဘာ့ဆီးချိုသွေးချိုအဖွဲ့ချုပ်တို့မှ  ၂၀၁၄ ခုနှစ်တွင် ပြုလုပ်သည့်  STEP Survey အရ သိရသည်။

သံသယဖြစ်ဖွယ် ရောဂါလက္ခဏာ

သွေးချိုဆီးချိုသံသယဖြစ်ဖွယ် လက္ခဏာများက မကြာခဏ ရေဆာ၊ ရေငတ်ခြင်း၊ မကြာခဏဆာလောင်ခြင်း(အထူးသဖြင့် အစာစားပြီးနောက်)ခံတွင်းခြောက်ခြင်း၊ ဆီးခဏခဏသွားခြင်း (သို့မဟုတ်) ဆီးပိုးဝင်ခြင်း၊ မောပန်းနွမ်းနယ်ခြင်း (အားနည်းပင်ပန်းသလို ခံစားရခြင်း)၊ အမြင်အာရုံဝေဝါးခြင်း၊ ခေါင်းကိုက်ခြင်း၊ ကတုန်ကယင်ဖြစ်၍ ဆာလောင်ခြင်း၊ ခြေထောက်ထုံကျဉ်ခြင်းနှင့် ထိခိုက်ပွန်းပဲ့ရာတွင် အနာကျက်နှေးခြင်းတို့သည် ဆီးချိုသွေးချိုရောဂါ၏ လက္ခဏာများ ဖြစ်သည်ဟု ဆိုပေရာ သံသယဖြစ်ဖွယ်ရှိသည်နှင့် အချိန်မီ စစ်ဆေးကုသရန် လိုမည်ဖြစ်သည်။

အိမ်တိုင်း၏လက်စွဲဖြစ်သည့် အချိုမှုန့်သုံးစွဲမှုနှင့် အချိုအအီအဆိမ့်များသည် အစားအသောက်များ၊ သရေစာများ စားသုံးမှုတို့ကိုလည်း သတိပြုဆင်ခြင်သင့်ပြီး ယင်းရောဂါဖြစ်ပွားပါက ပျောက်ကင်းမှုမရှိဘဲ တစ်သက်တာလုံး သတိပြု နေထိုင်ရမည်ဖြစ်၍ မိမိတို့၏စားသောက်နေထိုင်မှု ပုံစံကိုသာ စီစစ်ပြုပြင်ကြရုံမှတစ်ပါး အခြားမရှိဟု ပြောရမည်ဖြစ်သည်။
ဆီးချိုသွေးချိုရောဂါ၏ နောက်ဆက်တွဲအန္တရာယ်ကြီးမားမူကို အကဲခတ်နိုင်မည်ဖြစ်သည်။ အထူးသဖြင့်မူ အသက်အရွယ်မရွေး ဖြစ်ပွားတတ်သည့် ရောဂါတစ်မျိုးဖြစ်သဖြင့် ကျန်မာရေးနှင့် သင့်လျော်သည့် စားသောက်နေထိုင်မှုမျိုးဖြစ်ရန် သတိပြုဆင်ခြင်ရန် ဖြစ်သည်။ အဓိကအားဖြင့် မျိုးရိုးမိသားစုများထဲ၌ ရောဂါရှိနေခြင်း၊ အဝလွန်ခြင်းနှင့် ကိုယ်ကာလ လှုပ်ရှားမှု နည်းပါးသည့် လူနေမှု ဘဝတွင် နေထိုင်သူတို့မှာ ဖြစ်ပွားရန် ပိုမိုနီးစပ်သည်ဟုလည်း သတိပြုရမည် ဖြစ်သည်။

ကျွမ်းကျင်ပညာရှင်တို့အနေဖြင့် မိမိတို့နှင့် သက်ဆိုင်သည့် နယ်ပယ်ကဏ္ဍတိုင်း၌ သုတေသနပြုခြင်း၊  ကောက်ယူခြင်း စသည့်လုပ်ငန်းများကို တက်အားသရွေ့လုပ်ဆောင်ကြကာ သိသင့်သိထိုက်သည်များ၊ ဆောင်ရန်၊ ရှောင်ရန်အချက်များကို မပြတ်ထုတ်ပြန် သတိပေးနိုင်ပါက အများပြည်သူတို့သည်လည်း မှန်ကန်စွာ လိုက်နာကျင့်သုံးခြင်းဖြင့် ကြိုတင်ကာကွယ်မှု ပြုနိုင်မည်ဖြစ်ပါသည်။

ဆီးချိုသွေးချိုရောဂါသည် ဇီဝကမ္မဖြစ်စဉ်ချို့ယွင်း၍ သွေးအတွင်း အချိုဓာတ်များနေသော ရောဂါတစ်ခုဖြစ်သည်။ ဆီးချိုသွေးချိုရောဂါသည် လူတိုင်းတွင် ဖြစ်နိုင်ပါသည်။

ဆီးချို သွေးချိုရောဂါ ကြိုတင်ကာကွယ်ပါ

(၁) အစားလျှော့စားပါ။ ချိုလွန်း၊ ငန်လွန်း၊ အဆီများလွန်းသော အစားအစာများကို ရှောင်ကြဉ်ပါ။

(၂) ရေများများသောက်ပါ။ ရေဆာလျှင် ရေကိုသာသောက်ပါ။

(၃) အဝမလွန်အောင်ထိန်းသိမ်းပါ။

(၄) လှုပ်ရှားမှုများသော လူနေမှု ပုံစံဖြင့် နေထိုင်ပါ။

(၅) နားနေချိန်မှာ ပုံမှန်လေ့ကျင့်ခန်းလုပ်ပါ။

(၆) အမျှင်ဓာတ်များသော အစားအစာများများစားပါ။ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို များများနှင့် စုံအောင်စားပါ။

(၇) တိရစ္ဆာန်မှရသော အဆီများ (ဥပမာ - ကြက်အရေပြား၊ ဝက်အရေပြား၊ ကလီစာ၊ ဝက်ဆီ၊ ဘဲဆီ) တို့ကို ရှောင်ကြဉ်ပါ။ ငါးမှရသော အဆီများ စားသုံးနိုင်ပါသည်။

(၈) စိတ်ဖိစီးမှုများကို လျှော့ချနိုင်သမျှ လျော့အောင် ကြိုးစားနေထိုင်ပါ။

ဆီးချိုသွေးချိုရောဂါဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာန၊ ဆေးရုံ၊ ဆေးခန်းများတွင် သွားရောက်စစ်ဆေးကာ ကုသမှု ခံယူနိုင်ပါသည်။

တစ်နေ့လျှင် မိနစ် ၃၀ ခန့် ပုံမှန်လေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် ဆီးချိုသွေးချိုရောဂါဖြစ်ပွားမှုနူန်းကို ၄၀ ရာခိုင်နူန်းလျော့နည်းစေနိုင်ပါသည်။

ဆီးချိုသွေးချိုရောဂါတွင် အမျိုးအစားနှစ်မျိုးရှိပြီး အမျိုးအစား(၁)သည် ရက်သတ္တပတ်အတွင်း ရောဂါလက္ခဏာကို လျင်မြန်စွာ သိနိုင်၍ အမျိုးအစား (၂) မှာမူ တဖြည်းဖြည်းမှ ရောဂါလက္ခဏာပေါ်တက်ပြီး နှစ်များစွာကြာမှ သိနိုင်သည်။ ဆီးချိုသွေးချိုရောဂါ အမျိုးအစား(၂)သည် ဖြစ်ပွားမှု အများဆုံးဖြစ်ပြီး ရာခိုင်နူန်း ၉၀ မှ ၉၅ အထိ ရှိသော်လည်း ယင်းတို့အနက်မှ ရာခိုင်နူန်း ၇၀ သည် ကာကွယ်နိုင်သော ရောဂါဖြစ်၍ ကမ္ဘာပေါ်ရှိ လူသားများကို အန္တရာယ်ပေးလျက် ရှိသည့် ဆီးချိုသွေးချိုရောဂါကို လူတစ်ဦးချင်းစီ၏ ကျန်းမာရေးအသိ ကျန်းမာရေးသတိဖြင့် ကြိုတင်ကာကွယ်ရေး ပညာပေး လုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ရောဂါတိုးမလာစေရန် အချိန်မီ ကုသထိန်းသိမ်းခြင်းတို့ ပြုလုပ်ကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဆီးချိုသွေးချိုရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ထုတ်ပြန်ချက်များကို လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းရေးသားလိုက်ရပါသည်။

မြန်မာ့အလင်း


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်