မိုးခေါင်ရေရှားမှုကို ခံနိုင်ရည်ရှိစေမည့် စပါးစိုက်ပျိုးနည်းလမ်းများ

03/06/2026 16:29 PM တွင် သော်ဇင် သော်ဇင် မှ ရေးသား

ကမ္ဘာတစ်ဝန်းရှိ စပါးစိုက်ပျိုးထုတ်လုပ်မှုတွင် မိုးခေါင်ရေရှားခြင်းသည် အကြီးမားဆုံးသော ပတ်ဝန်းကျင်ဆိုင်ရာ ဖိအားတစ်ခုဖြစ်ပြီး အထူးသဖြင့် မိုးမျှော်လင့်၍ စပါးစိုက်ပျိုးသည့် ဒေသများတွင် ပိုမိုဆိုးရွားပါသည်။

ရာသီဥတုပြောင်းလဲမှု၊ မိုးရွာသွန်းမှု ပုံမှန်မဟုတ်ခြင်း၊ အပူချိန်မြင့်တက်လာခြင်းနှင့် ရေရရှိမှု လျော့နည်းလာခြင်းတို့ကြောင့် စပါးစိုက်ပျိုးသည့် ဒေသများစွာတွင် မိုးခေါင်မှုမှာ ပိုမိုမကြာခဏဖြစ်ပွားလာပြီး ပြင်းထန်လာပါသည်။

အပြည်ပြည်ဆိုင်ရာစပါးသုတေသနဌာန (IRRI) ၏ အဆိုအရ အာရှဒေသရှိ စပါးစိုက်ဧက သန်းပေါင်းများစွာတွင် မိုးခေါင်မှုဒဏ်ကို နှစ်စဉ်ခံစားနေရပြီး စပါးအထွက်နှုန်းကို များစွာလျော့ကျစေပါသည်။

စပါးတွင် မိုးခေါင်ခြင်း၏ သက်ရောက်မှုများကို နားလည်ခြင်း

စပါးပင်သည် အထူးသဖြင့် အပင်ပွားချိန်နှင့် ပန်းပွင့်ချိန်တို့တွင် ရေလိုအပ်ချက်အလွန်များပြီး ရေရှားပါးမှုဖြစ်ပါက အလွန်ထိခိုက်လွယ်ပါသည်။ ဤအရေးကြီးသော အဆင့်များတွင် ရေမလုံလောက်ပါက ပင်ပွားထွက်ခြင်းကို လျော့နည်းစေခြင်း၊ ပန်းပွင့်ချိန်နောက်ကျခြင်း၊ အနှံများတွင် စပါးစေ့မအောင်ခြင်းနှင့် စပါးစေ့အဆံမပြည့်ခြင်းတို့ကို ဖြစ်စေပါသည်။ ပြင်းထန်သော မိုးခေါင်မှုသည် အထွက်နှုန်းကို များစွာလျော့ကျစေပြီး စပါးအရည်အသွေးကို ကျဆင်းစေပါသည်။ သုတေသနပြုချက်များအရ အာရှနိုင်ငံအချို့တွင် မိုးမျှော်လင့်၍စပါးစိုက်ပျိုးသည့် ဒေသများ၌ မိုးခေါင်ခြင်းသည် အထွက်နှုန်းကို ၁၃% မှ ၃၅% အထိ နှစ်စဉ်လျော့ကျစေသည့် အဓိကအကြောင်းရင်းဖြစ်ကြောင်း ဖော်ပြထားပါသည်။

မိုးခေါင်မှုဒဏ်ခံနိုင်ရည်ရှိ စပါးမျိုးများ ရွေးချယ်စိုက်ပျိုးခြင်း

မိုးခေါင်မှုဒဏ်ကိုလျှော့ချရန် အထိရောက်ဆုံးနည်းလမ်းတစ်ခုမှာ မိုးခေါင်ဒဏ်ခံနိုင်ရည်ရှိသည့် စပါးမျိုးများကို ရွေးချယ်စိုက်ပျိုးခြင်း ဖြစ်ပါသည်။ IRRI နှင့် နိုင်ငံအသီးသီးမှ စိုက်ပျိုးရေးသုတေသနဌာနများသည် ရေရှားပါးသည့် အခြေအနေများတွင်လည်း အထွက်နှုန်းတည်ငြိမ်စွာ ထွက်ရှိနိုင်သည့် စပါးမျိုးများကို ဖော်ထုတ်ထားပါသည်။

IRRI ၏ စမ်းသပ်ချက်များအရ မိုးခေါင်မှုဒဏ်ခံနိုင်ရည်ရှိသည့်စပါးမျိုးများသည် မိုးခေါင်ချိန်တွင် မိုးခေါင်ဒဏ်မခံနိုင်သည့် စပါးမျိုးများထက် တစ်ဟက်တာလျှင် ၀.၈ မှ ၁.၂ တန်အထိ ပိုမိုထွက်ရှိကြောင်း တွေ့ရှိရပါသည်။ ခေတ်မီမျိုးစပ်ခြင်း အစီအစဉ်များတွင် မိုးခေါင်ဒဏ်ခံနိုင်ရည်ရှိသည့် မျိုးရိုးဗီဇများနှင့် အရည်အသွေးများကို ဖော်ထုတ်ထားပြီးဖြစ်ရာ ရေရှားချိန်တွင်လည်း အထွက်နှုန်း တည်ငြိမ်စေရန် အထောက်အကူပြုပါသည်။

 မြေပြုပြင်ခြင်းနှင့် မြေဆီလွှာစီမံခန့်ခွဲမှု

မြေကို ကောင်းစွာပြုပြင်ခြင်းသည် ရေထိန်းနိုင်မှုကို ပိုမိုကောင်းမွန်စေပြီး မိုးခေါင်သည့်ကာလတွင် စိုထိုင်းဆဆုံးရှုံးမှုကို လျော့နည်းစေပါသည်။ တောင်သူများအနေဖြင့် မြေပြုပြင်ခြင်းနှင့် မြေဆီလွှာစီမံခန့်ခွဲမှု တို့ကို လုပ်ဆောင်ရာတွင် ရေကို ညီညာစွာရရှိစေရန် လယ်ကွက်ကို ညီညာအောင် ပြုပြင်ပါ။မြေဆီလွှာဖွဲ့စည်းပုံကောင်းမွန်စေရန် မြေဆွေး သို့မဟုတ် နွားချေးကဲ့သို့သော အော်ဂဲနစ်မြေဩဇာများကို ထည့်သွင်းပါ။မြေစိုထိုင်းဆ အငွေ့ပျံမှုကို မြန်ဆန်စေသည့်အတွက် လယ်မြေကို အလွန်အကျွံ ထွန်ယက်ခြင်းမှ ရှောင်ကြဉ်ပါ။

ထိရောက်သော ရေစီမံခန့်ခွဲမှု

မိရိုးဖလာစနစ်အတိုင်း ရေကို အမြဲတမ်းသွင်းထားခြင်းသည် ရေကို များစွာအလေအလွင့်ဖြစ်စေပါသည်။ ခေတ်မီ ရာသီဥတုနှင့် ကိုက်ညီသည့် ရေစီမံခန့်ခွဲမှုစနစ်များသည် အထွက်နှုန်းမလျော့ကျစေဘဲ ရေအသုံးပြုမှုကို များစွာသက်သာစေပါသည်။

ဥပမာ စိုတစ်လှည့်- ခြောက်တစ်လှည့်ရေသွင်း/ရေထုတ်စနစ် Alternate Wetting and Drying(AWD) စနစ်အသုံးပြုခြင်းသည် လယ်ကွက်ထဲရှိရေကို သတ်မှတ်ထားသည့် အဆင့်ရောက်သည်အထိ ပြန်လည်မသွင်းဘဲ ထားရှိသည့် နည်းလမ်းဖြစ်ပါသည်။ ဤနည်းလမ်းသည် ရေအသုံးပြုမှုကို ၂၀% မှ ၄၀% အထိ သက်သာစေပြီး အထွက်နှုန်းကိုလည်း ထိန်းသိမ်းပေးနိုင်ကြောင်း လေ့လာတွေ့ရှိရပါသည်။

မျိုးစေ့ တိုက်ရိုက်ချစိုက်ပျိုးခြင်း (DSR) နည်းပညာဖြင့် စိုက်ပျိုးခြင်း

တိုက်ရိုက်စိုက်ပျိုးခြင်း (Direct-Seeded Rice - DSR) သည် မိုးခေါင်ရေရှားဒေသများအတွက် အရေးကြီးသော လိုက်လျောညီထွေဖြစ်စေသည့် နည်းလမ်းတစ်ခု ဖြစ်လာနေပါသည်။ ပျိုးထောင်စိုက်ပျိုးသည့် စနစ်နှင့်မတူဘဲ တိုက်ရိုက်စိုက်ပျိုးခြင်း သည် ရေလိုအပ်ချက်နှင့် လုပ်အားခကို လျော့နည်းစေပါသည်။ သို့သော် တိုက်ရိုက်စိုက်ပျိုးခြင်း စနစ်တွင် ပေါင်းမြက်များသည် စပါးပင်နှင့် ရေနှင့် အာဟာရကို ယှဉ်ပြိုင်လုယူတတ်သဖြင့် ပေါင်းမြက်နှိမ်နင်းနိုင်ရန် အလွန်အရေးကြီးပါသည်။

 မိုးခေါင်သည့်အချိန်တွင် အာဟာရစီမံခန့်ခွဲမှု

နိုက်ထရိုဂျင်ဓာတ်မြေဩဇာကို အလွန်အကျွံသုံးစွဲခြင်းသည် စပါးပင်၏ ရေလိုအပ်ချက်ကို မြင့်တက်စေပြီး မိုးခေါင်ဒဏ်ကို ပိုမိုခံနိုင်ရည်နည်းစေပါသည်။ ထို့ကြောင့် မြေဆီလွှာအခြေအနေနှင့် စပါးပင်၏ ကြီးထွားမှုအဆင့်အလိုက် မြေဩဇာကို သင့်တင့်မျှတစွာ သုံးစွဲရပါမည်။ ပိုတက်စီယမ် (Potassium) သည် အပင်၏ ရေဓာတ်ထိန်းညှိမှု၊ အမြစ်ဖွံ့ဖြိုးမှုနှင့် ပတ်ဝန်းကျင်ဖိအားဒဏ်ခံနိုင်ရည်ဖို့တို့အတွက် အရေးပါသောအဟာရဖြစ်ပါသည်။

ပေါင်းမြက်ထိန်းချုပ်ခြင်းနှင့် စိုထိုင်းဆ ထိန်းသိမ်းခြင်း

ပေါင်းမြက်များသည် စပါးပင်အတွက် လိုအပ်သော ရေနှင့် အာဟာရကို လုယူကြပါသည်။ မိုးခေါင်သည့်အခါ ပေါင်းမြက်များပေါက်ရောက်ခြင်းသည် မြေဆီလွှာတွင်းရှိ ရေဓာတ်ကို လျင်မြန်စွာ ကုန်ခမ်းသွားစေပါသည်။ ထို့ကြောင့် ပေါင်းရှင်းကိရိယာများအသုံးပြုခြင်းနှင့် ပေါင်းသတ်ဆေးကို အချိန်ကိုက်အသုံးပြုခြင်းဖြင့် ပေါင်းမြက်ပြိုင်ဆိုင်မှုကို လျှော့ချသင့်ပါသည်။

ရာသီဥတုဆိုင်ရာ အချက်အလက်နှင့် ကြိုတင်သတိပေးစနစ်များ

ရာသီဥတုနှင့် မိုးလေဝသခန့်မှန်းချက်များကို သိရှိထားခြင်းက စိုက်ပျိုးရမည့်ရက်၊ ရေသွင်းရမည့်အချိန်နှင့် မိုးခေါင်မှုအတွက် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ရန် တောင်သူများကို ကူညီပေးနိုင်ပါသည်။

အနာဂတ်စပါးထုတ်လုပ်မှုတွင် မိုးခေါင်ဒဏ်ခံနိုင်ရည်ရှိ စပါးမျိုးများ၊ ဆည်မြောင်း ရေသွင်း /ရေထုတ် စနစ်များ၊ ရာသီဥတုခန့်မှန်းချက်များနှင့် ရေရှည်တည်တံ့သော မြေဆီလွှာစီမံခန့်ခွဲမှုစနစ်များကို ပေါင်းစပ်အသုံးပြုရန် လိုအပ်ပါသည်။ သိပ္ပံပညာရှင်များသည် ခေတ်မီမျိုးရိုးဗီဇနည်းပညာများကို အသုံးပြု၍ ပိုမိုကောင်းမွန်သော စပါးမျိုးသစ်များကို ဆက်လက်ဖော်ထုတ်နေပါသည်။ တောင်သူများအနေဖြင့် မိုးခေါင်ဒဏ်ခံစပါးမျိုးများ၊ ထိရောက်သော ရေစီမံခန့်ခွဲမှုနှင့် ခေတ်မီနည်းပညာများကို လက်တွေ့အသုံးချခြင်းအားဖြင့် ပြောင်းလဲလာသော ရာသီဥတုအခြေအနေတွင်လည်း တည်ငြိမ်သော အထွက်နှုန်းကို ရရှိနိုင်မည် ဖြစ်ပါသည်။

ဆောင်းပါးရှင်ဆရာမှ အစိမ်းရောင်လမ်းဆော့ဝဲသို့ ပေးပို့ထားသော အစိမ်းရောင်လမ်း၏ မူပိုင်ဆောင်းပါးဖြစ်သဖြင့် ဆောင်းပါးများ၊ သတင်းများ ကူးယူဖော်ပြလိုပါက “အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်ဟု” ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်