တစ်ရက်ခွဲခန့်အတွင်း ပြည်တွင်းတွင် ငလျင် ၅ ကြိမ်လှုပ်

16/12/2022 15:56 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဒီဇင်ဘာ ၁၅ ရက်မနက် ၃ နာရီကျော်ကနေ ဒီနေ့ ဒီဇင်ဘာ ၁၆ ရက် မွန်းလွဲ ၂ နာရီကျော်ထိ ၁ ရက်ခွဲ ခန့်အတွင်း ပြည်တွင်းမှာ ငလျင် ၅ ကြိမ်လှုပ်ခဲ့ပြီး ၄ ကြိမ်ကတော့ မန္တလေးမြို့အနီးဝန်းကျင်တွေကို ဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ သတင်းထုတ်ပြန်ချက် အရ သိရပါတယ်။

ဒီဇင်ဘာလ (၁၅) ရက်နေ့ မြန်မာစံတော်ချိန် မနက် ၃ နာရီ၊ (၁၆)မိနစ်၊ (၃၅)စက္ကန့် အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ တောင်-အနောက်တောင်ဘက် (၁၅)မိုင် ခန့်အကွာ၊ မြန်မာနိုင်ငံ ပြည်တွင်း (တံတားဦးမြို့၏ အရှေ့ဘက် (၄)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၁.၈၁) ဒီဂရီ၊ အရှေ့ လောင်ဂျီတွဒ် (၉၆.၀၃) ဒီဂရီ၊ အနက် (၆၃)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၂) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု စတင်လှုပ်ခဲ့ပြီး ယခုလှုပ်ခဲ့သမျှ ၅ ကြိမ်ထဲ အမြင့်ဆုံး ဖြစ်ပါတယ်။ 

ဒုတိယတစ်ကြိမ်ကတော့ ဒီဇင်ဘာလ (၁၅)ရက်နေ့မှာပဲ ထပ်လှုပ်ခဲ့တာဖြစ်ပြီး မြန်မာစံတော်ချိန်  ည ၁၁ နာရီ၊ (၄၃)မိနစ်အချိန်တွင် တမူးမြေငလျင်စခန်းမှ အရှေ့ဘက် (၆၅)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (ပင်လည်ဘူးမြို့၏ မြောက်-အနောက်မြောက်ဘက် (၉)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၄.၂၀) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၃၃)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၄.၂)အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားတာဖြစ်တယ်လို့ သိရပါတယ်။

ကျန်တဲ့ ၃ ခုလုံးကတော့ ဒီနေ့မနက်ကစလို့ လှုပ်ရှားသွားတာဖြစ်ပြီး အားလုံးဟာ မန္တလေးအနီးဝန်းကျင်တွေ မှာပဲ လှုပ်သွားခဲ့တာပါ။

ဒီနေ့ မြန်မာစံတော်ချိန်  မနက် ၆ နာရီ၊ (၄၅)မိနစ်၊ (၂၁)စက္ကန့် အချိန်တွင် မန္တလေး မြေငလျင်စခန်းမှ တောင်ဘက် (၉)မိုင်ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (ပြည်ကြီးတံခွန်မြို့၏ အရှေ့ တောင်ဘက် (၂)မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၁.၈၈) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၁၃)ဒီဂရီ၊ အနက် (၁၀)ကီလိုမီတာကို ဗဟိုပြု၍ အင်အား ရစ်(ခ်)တာစကေး (၃.၆)အဆင့်ရှိ အင်အားအနည်းငယ်ရှိ ငလျင်တစ်ခု၊ မြန်မာစံတော်ချိန် မွန်းလွဲ ၁ နာရီ၊ (၂၉)မိနစ်၊ (၁၃) စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ တောင်ဘက် (၁၁)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံ ပြည်တွင်း (မြစ်ငယ်မြို့၏ အရှေ့ဘက် (၃)မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၁.၈၅)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၁၂)ဒီဂရီ၊ အနက် (၃)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး (၃.၃) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုနဲ့ မြန်မာစံတော်ချိန် မွန်းလွဲ ၂ နာရီ၊ (၂၈)မိနစ်၊ (၃၁) စက္ကန့်အချိန်တွင် မန္တလေးမြေငလျင်စခန်းမှ အနောက် တောင်ဘက် (၁၁)မိုင် ခန့်ကွာဝေးသော မြန်မာနိုင်ငံပြည်တွင်း (အမရပူရမြို့၏ အနောက်တောင်ဘက် (၃)မိုင် ခန့်အကွာ) မြောက်လတ္တီတွဒ် (၂၁.၈၈)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၆.၀၃)ဒီဂရီ၊ အနက် (၉)ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၄.၇) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု စသဖြင့် ငလျင် ၃ ခုလှုပ်သွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဒီငလျင်လှုပ်ခတ်မှုတွေအတွင်း သာသနိကအဆောက်အဦတစ်ချို့အပါအဝင် ပျက်စီးမှုအချို့ရှိခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။

မြေငလျင်ငယ်များ များများလှုပ်လေ အင်အားပြင်းထန်တဲ့မြေငလျင်ကြီးတွေလှုပ်ဖို့ အလားအလာ နည်းပါးလေဖြစ်တာကို တွေ့ရတယ်လို့ မိုးလေဝသပညာရှင်ဦးထွန်းလွင်က ပြောကြားထားဖူးပါတယ်။

Photos Crd_မိုးဇလ/U Tun Lwin

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်