ကမ္ဘာဆီ အယ်နီညိုလာပြီ...ဘာတွေဖြစ်မလဲ...

14/06/2023 16:59 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ကြိုတင်သတိပေးမှုတွေပြုလုပ်ထားတဲ့အတိုင်း အစွန်းရောက်ရာသီဥတုတစ်မျိုးဖြစ်တဲ့ အယ်နီညို ဟာ ကမ္ဘာဆီ ရောက်လာပြီလို့ အမေရိကန်မိုးလေဝသဌာန NOAA ( National Oceanic and Atmospheric Administration)က ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ 

အာရှတိုက်ကို ခြောက်သွေ့ရာသီ ဖြစ်ပေါ်စေတတ်တဲ့ အယ်နီညိုရာသီဥတုပုံစံ ဒီနှစ်ထဲမှာ ပေါ်ပေါက် နိုင်တာကြောင့် အိန္ဒိယနိုင်ငံရဲ့  ၂၀၂၃ ခုနှစ် မုတ်သုံမိုးရေချိန်ဟာ ပုံမှန်ထက် လျော့နည်းနိုင်ခြေရှိတယ်လို့ အိန္ဒိယပုဂ္ဂလိက မိုးလေဝသခန့်မှန်းရေးအဖွဲ့ Skymet က ဧပြီလကတည်းက သတိပေးထားတာပါ။

ဒါ့အပြင် အာရှတိုက်ထဲက နှံစားနဲ့ ဆီထွက်သီးနှံတွေဟာ ပူပြင်းခြောက်သွေ့တဲ့ရာသီဥတုနဲ့ ရင်ဆိုင်ရဖို့ ရှိနေလို့ အထွက်လျော့ ရောင်းလိုအားလျော့ပြီး စားသောက်ကုန်ဈေးနှုန်း ထပ်မံမြင့်တက်လာမယ့် အပေါ် စိုးရိမ်မှုတွေ ရှိနေခဲ့တာပါ။

အခုတော့ သတိပေးထားတဲ့အတိုင်း အယ်နီညိုက ရောက်ရှိလာခဲ့ပါပြီ။ ဒီ အယ်နီညိုကြောင့် ကမ္ဘာ့ရာသီ ဥတုအပေါ် ဘယ်လိုသက်ရောက်မှုတွေရှိမလဲ၊ မြန်မာနိုင်ငံအပေါ်မှာကော ဘယ်လိုသက်ရောက်မှုတွေ ရှိမလဲဆိုတာကို နိုင်ငံတကာမိုးလေဝသထုတ်ပြန်ချက်တွေကို ကိုးကားပြီး မိုးလေဝသခန့်မှန်းပေးနေသူ ဦးဝင်းနိုင်ထံ Green Way က ဆက်သွယ်မေးမြန်းထားတာကို ဖော်ပြပေးလိုက်ပါတယ်။

အယ်နီညိုစဖြစ်ပြီဆိုပြီး သတိပေးချက်ထုတ်ပြန်လိုက်တဲ့အကြောင်းလေး အရင်ရှင်းပြပေးပါဦးဆရာ..

“ သူတို့ စောင့်ကြည့်နေတာတော့ကြာပြီ။ ၂၀၂၃ နှစ်အစပိုင်းကတည်းက စောင့်ကြည့်နေကြတာ။ ဘာကြောင့်လဲဆိုတော့ လာနီညာက တဖြည်းဖြည်းအားနည်းသွားပြီးတော့ Neutral ပေါ့။ အယ်နီညို မဟုတ်၊ လာနီညာမဟုတ်ကို ရောက်တယ်။ ရောက်ပြီးသွားတော့ အယ်နီညိုဆက်ဖြစ်တော့မယ်ဆိုတာ ကိုလည်း တွေ့ထားတယ်။ ကမ္ဘာ့ရာသီဥတုဌာနကြီးတွေကပေါ့။ အဲ့ဒီထဲမှာမှ တကယ်တမ်းတရားဝင် ထုတ်ပြန်တာက အမေရိကန်ရဲ့ NOAA ( National Oceanic and Atmospheric Administration) ပေါ့။ အဲ့ဒီကနေ ဇွန် ၁၂ ရက်နေ့မှာ အယ်နီညိုစဖြစ်ပြီဆိုပြီး ထုတ်ပြန်လိုက်တာ။ အားပြင်းတဲ့ အယ်နီညိုဖြစ်နိုင်ချေအနေအထားက ၅၆ ရာခိုင်နှုန်းရှိတယ်ဆိုပြီး ထုတ်ပြန်ထားတယ်” 

“ ဆရာကြီးဦးထွန်းလွင်ရဲ့ဆောင်းပါးတွေကို ပြန်လေ့လာတော့ အယ်နီညိုဖြစ်တိုင်းဖြစ်တိုင်း အား အပြင်းဆုံးအချိန်က ဒီဇင်ဘာမှာဖြစ်တယ်။ အားအလွန်ကောင်းတဲ့အယ်နီညိုဖြစ်မလား၊ အားအသင့် အတင့်ရှိတဲ့ အယ်နီညိုဖြစ်မလား၊ ဒါမှမဟုတ် အားပျော့တဲ့အယ်နီညိုဖြစ်မလားဆိုတာ အဲ့ဒီလမှာ သိရမယ်။ ကျွန်တော်မှန်းရတာဆို အောက်တိုဘာ၊ နိုဝင်ဘာလောက်ဆိုရင်ကို အခြေအနေသိရနိုင်တယ်။ 

သို့သော် အားကောင်းတဲ့အယ်နီညိုဖြစ်မယ်ဆိုတာတော့ ခုအချိန်မှာတင် ၅၆ ရာခိုင်နှုန်းသေချာနေပြီ။ ဆိုတော့ အယ်နီညိုဖြစ်မယ်ဆိုရင် ဒီဇင်ဘာမတိုင်ခင် ၉ လ၊ ဒီဇင်ဘာအပြီး ၉ လမှာ ဖြစ်စဉ်ရဲ့သက်ရောက်မှုရှိမယ်။ အခု ဇွန်၊ ဇူလိုင်ကလည်း မတိုင်ခင် ၉ လထဲပါနေတော့ အခု ကျွန်တော်တို့ဘက်မှာ ဆိုင်ကလုန်းမုန်တိုင်းတခုဖြစ်သွားတာက သက်သေတခု ဖြစ်သွားတာပေါ့” 

ဒီဇင်ဘာမှာ အားအကောင်းဆုံးဖြစ်တတ်တယ်ဆိုတာက မြန်မာနိုင်ငံတစ်ခုတည်းအတွက်လား၊ တစ်ကမ္ဘာလုံးအတိုင်းအတာကို ပြောတာလားဆရာ?

“ တစ်ကမ္ဘာလုံးအတိုင်းအတာကိုပြောတာ။ ဆရာကြီးဦးထွန်းလွင်ရဲ့ဆောင်းပါးတွေထဲမှာဆို အယ်နီညိုကြောင့်ထိခိုက်မှုအခြေအနေက တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ဖြစ်တာက ပိုများတယ်။ မြန်မာနိုင်ငံအနေနဲ့ဆို တော်တော်ကိုနည်းတယ်။ ဘယ်လိုတွေဖြစ်လဲဆိုတော့ ဆောင်းရာသီကာလမှာ အအေးပေါ့တယ်။ နွေရာသီမှာဆိုရင် တစ်ပြည်လုံးပိုပူလာတယ်။ အယ်နီညိုအပြင်းအပျော့ပေါ်မူတည် ပြီး အပူလှိုင်းဖြတ်တာတွေလည်း ဖြစ်လာနိုင်တယ်။ ပြီးတော့ ဘာဆက်ဖြစ်လဲဆိုရင် မုတ်သုံအဝင် နောက်ကျတတ်တယ်။ အခု ၂၀၂၃ မှာလည်း မုတ်သုံက နောက်ကျတယ်လေ။ အဲ့တော့ ရှေ့နှစ်မှာလည်း ထပ်ပြီး နောက်ကျနိုင်တယ်။ မိုးရာသီကာလတိုသွားပြီး မိုးရေချိန်လျော့ရတာမျိုးလည်း ဖြစ်သွားနိုင် တယ်။ ဒါတွေကတော့ အယ်နီညိုဖြစ်တိုင်း ဖြစ်နေကျပုံစံတွေလိုကို ဖြစ်နေပြီ” 

ဒါမျိုးတွေက အားအလွန်ကောင်းတဲ့အယ်နီညိုဖြစ်မှ ဖြစ်လာနိုင်တာမျိုးတွေလား?

“ မဟုတ်ဘူးဗျ။ အားအလွန်ကောင်းရင် ခုနပြောတဲ့ဟာတွေက ပိုဆိုးမယ်။ အားပျော့ရင်လည်းဖြစ်မှာပဲ။ ဒါပေမဲ့ မဆိုးဘူးပေါ့” 

လက်ရှိ မြန်မာနိုင်ငံရဲ့မိုးရာသီအပေါ်မှာကျတော့ ဘယ်လိုသက်ရောက်မှုတွေ ရှိသွားနိုင်လဲ?

“ အခုမိုးရာသီမှာဆို စစချင်းမှာတင် ဆိုင်ကလုန်းမုန်တိုင်းတွေက အာရေဗျပင်လယ်မှာတစ်လုံး၊ ဘင်္ဂလားပင်လယ်မှာ နှစ်လုံးဖြစ်ပြီးသွားပြီ။ ဟိုဘက်က တောင်တရုတ်ပင်လယ်ဘက်မှာလည်း ဖြစ်တယ်။ အဲ့တော့ ကျွန်တော်တို့နဲ့ ဆက်စပ်နေတာတွေက အာရေဗျပင်လယ်ရှိတယ်၊ ဘင်္ဂလား ပင်လယ်ရှိတယ်၊ ပြီးတော့ တောင်တရုတ်ပင်လယ်ရှိတယ်၊ ပြီးရင် ပစိဖိတ်အနောက်ပိုင်း ဖိလစ်ပိုင် အရှေ့ပင်လယ်လို့ ခေါ်တာပေါ့၊ ဒီပင်လယ် ၄ ခုက ဆက်စပ်နေတယ်။ ဒီပင်လယ် ၄ ခုမှာ အခုဆို ဆိုင်ကလုန်းမုန်တိုင်း ၅ လုံးဖြစ်ပြီးသွားပြီ။ ဒါက မိုးဦးအစကာလပဲရှိသေးတယ်"

" အခု နောက်ဆုံး Global Tropics and Hazards Outlook(GTHO)ရဲ့ နှစ်ပတ်စာ ကြိုတင်ခန့်မှန်းချက်အရဆိုရင်လည်း ဇွန်လ ၂၁ ရက်ကနေ ၂၇ ရက် တစ်ပတ်အတွင်းမှာ ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ ဆိုင်ကလုန်း မုန်တိုင်း ဖြစ်နိုင်ချေ ၂၀ ရာခိုင်နှုန်းဖြစ်နိုင်တယ်ဆိုပြီး သတိပေးချက်ထုတ်ပြန်ထားတာလည်းတွေ့တယ်။ ပြောချင်တာက ဘာလဲဆိုတော့ ဇွန်လအကုန်ပိုင်းလောက်မှာ မုန်တိုင်းတစ်လုံးဖြစ်လာနိုင်တယ်ဆိုတဲ့ အနေအထားပေါ့လေ။ အဲ့တော့ Windy တို့ Meteoblue တို့ရဲ့ မြေပြင်မိုးလေဝသထုတ်ပြန်ချက်တွေကို ကြည့်တဲ့အခါကျတော့လည်း အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းမှာ မိုးနည်းပြီး အပူချိန်တွေတအား တက်နေတာတွေ့ရတယ်။ အဲ့တော့ ကုန်းတွင်းမှာ အပူချိန်များပြီး လေဖိအားနည်းတဲ့ရပ်ဝန်းကြီးတွေ ဖြစ်နေတယ်။ သူတို့ကို တခါတလေကျရင် မုတ်သုံလေကတွန်းချလိုက်လို့ ဒါတွေက ပင်လယ်ကို ဆင်းလာရင် ကုန်းတစ်ပိုင်း ရေတစ်ပိုင်း မုန်တိုင်းလေးတွေဖြစ်သွားနိုင်တယ်။ ဒါပေမဲ့ ဒီဘက်က အနောက်တောင်လေနဲ့ လေစီးကြောင်းတွေရဲ့ အနေ အထားကြောင့် မြန်မာပြည်ဘက်ကိုတော့ လာစရာမရှိတော့ဘူး။ အခုလက်ရှိအနေအထားတွေအရပေါ့” 

“ အဲ့ဒီတော့ အယ်နီညိုအပြင်းဆုံးမဖြစ်ခင် ၉ လအတွင်းမှာဆို မုန်တိုင်းများလာနိုင်တယ်။ နောက် ၉ လအတွင်းမှာကျတော့ အပူချိန်တွေ တအားမြင့်နိုင်တယ်” 

နောက်ထပ်ဘာများ ဖြည့်စွက်ပြောချင်တာ၊ သတိပေးချင်တာ ရှိပါသေးလဲဆရာ?

“ ပြောချင်တာကတော့ အယ်နီညိုဖြစ်မယ်ဆိုရင် ပုံသေကားချပြောလို့ရတာတော့ ပူပြင်းခြောက်သွေ့ တဲ့လေထုအခြေအနေတွေဖြစ် မယ်။ အဲ့လိုဖြစ်ရင် Humidity ပေါ့။ စိုထိုင်းဆတွေကျသွားမယ်။ အဲ့လိုဆိုရင် နောက်ကနေ ရေမလိုက်နိုင်ရင် ဆည်တွေဘက်က အောင်ရေမပေးနိုင်တာမျိုးတွေဆို သီးနှံဖြစ်ထွန်းအောင်မြင်နိုင်ချေ နည်းသွားနိုင်တယ်။ ပြီးရင် မြေပြင်ပူပြင်းခြောက်သွေ့မှုလွန်ကဲတော့ တောမီးလောင်တာတွေဖြစ်တတ်တယ်” 

ဆရာဦးဝင်းနိုင် ရေးသားထားသည့် ‘အယ်နီညို၊ လာနီညာနှင့် မြောက်ကမ္ဘာခြမ်းက အစွန်းရောက်များ’ ဆောင်းပါးနှင့် တွဲဖတ်လိုပါက အောက်ပါလင့်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://greenwaymyanmar.com/posts/El%20Ni%C3%B1o_La%20Ni%C3%B1a_IOD

Photos Crd_ U Win Naing, မိုး/ဇလ

#(မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်