အပင်တွေကို ကျန်းမာသန်စွမ်းစေတဲ့ ငါးပရိုတိန်းမြေသြဇာရည်ပြုလုပ်နည်း

13/03/2024 17:00 PM တွင် ဒေါက်တာစန်းလှထွေး ဒေါက်တာစန်းလှထွေး မှ ရေးသား

လူသားများ ကောင်းစွာ အသက်ရှင် နေထိုင်နိုင်ရန် အာဟာရစုံ ပါဝင်သော သီးနှံပင်များ စိုက်ပျိုးထုတ်လုပ်ရန် လိုအပ်သည်။ သီးနှံပင်များ စိုက်ပျိုးထုတ်လုပ်ရာတွင် သီးနှံအထွက်နှုန်း မြှင့်မားရေးနှင့် မျှော်မှန်းအထွက် ရရှိရေး၊ စိုက်ပျိုးထုတ်လုပ်ခြင်းမှ  အကျိုးအမြတ်ရရှိရေးသည် အရေးကြီးသော အချက်ဖြစ်သည်။ စိုက်ပျိုးထုတ်လုပ် အောင်မြင်စေရန်အတွက် အပင်မှ စားသုံးနိုင်သော အာဟာရဓာတ်များ ပြည့်စုံသည့်  မြေဆီလွှာကောင်း ဖြစ်စေရန် လိုအပ်သည်။ တောင်သူအများစုသည် သီးနှံအထွက်နှုန်း တိုးစေရန်အတွက် ဓာတ်မြေသြဇာကို မှီခိုပြီး အလေးထား သုံးစွဲလာကြသည်။ ဓာတ်မြေသြဇာများ စနစ်တကျသုံးစွဲခြင်းဖြင့် အထွက်နှုန်းကောင်းမွန်သော်လည်း  ကုန်ကျစရိတ် မြင့်မား၍ အကျိုးအမြတ် ရရှိမှု နည်းပါးခြင်းများ ကြုံတွေ့နေရသည်။ 

လက်ရှိအခြေအနေတွင် ဂေဟစနစ်များ ပျက်စီးခြင်း၊ သီးနှံအရည်အသွေးနှင့် အထွက်နှုန်းများ ကျဆင်းခြင်း၊ ပိုးမွှားရောဂါများ အလွန်အကျွံ ကျရောက်ခြင်း၊ မြေဆီသြဇာကုန်ခမ်းခြင်းများ ဖြစ်ပေါ်နေသည်ကို သီးနှံပင်များ စိုက်ပျိုးထုတ်လုပ်ရာတွင် အဟန့်အတားများအဖြစ် တွေ့ရှိရသည်။ ရေရှည်တည်တံ့သော၊ အမှီအခိုကင်းသော၊ ကုန်ကျစရိတ်သက်သာသော၊ သဘာဝပတ်ဝန်းကျင် ညစ်ညမ်း ပျက်စီးမှု မဖြစ်စေဘဲ လိုက်လျောညီထွေမှုရှိသော  သီးနှံ စိုက်ပျိုးထုတ်လုပ်ခြင်း ဆောင်ရွက်နိုင်ရန်အတွက် မိမိဒေသတွင် သဘာဝအလျောက် ပေါက်ရောက်လျက်ရှိသော ဒေသပေါက်ပင်များ၊ ၎င်းတို့၏ပင်ကြွင်းပင်ကျန်များ၊ ခြံထွက်/စိုက်ခင်းများမှ ထွက်ရှိသော သီးနှံပင်ကြွင်း ပင်ကျန်များ၊ သဘာဝမှ ရရှိနိုင်သော ကုန်းနေ ရေနေသတ္တဝါများ၏ အစိတ်အပိုင်းများကို အသုံးပြု၍ သဘာဝ မြေသြဇာများ ပြုလုပ်သုံးစွဲနိုင်သည်။

သဘာဝမြေသြဇာ ပြုလုပ်အသုံးပြုခြင်းကြောင့် သီးနှံစိုက်ပျိုးထုတ်လုပ်မှုကို များစွာအကျိုးကျေးဇူး ရရှိနိုင်သည်။ မြေသားဖွဲ့စည်းတည်ဆောက်မှုကောင်းစေခြင်း၊ မြေဆီသြဇာထက်သန်စေခြင်း၊ အော်ဂဲနစ်မက်တာပါဝင်မှုကောင်းစေခြင်း၊ ရေရှည် တည်တံ့သော စိုက်ပျိုးထုတ်လုပ်မှု ဖြစ်စေခြင်း၊ အပင်အတွက် လိုအပ်သော အာဟာရဓာတ်မျိုးစုံ ရရှိနိုင်ခြင်း၊ မြေဆီလွှာအတွင်း အကျိုးပြုအဏုဇီဝ သက်ရှိများ လုံးဝမပျက်စီးစေဘဲ  မြေဆီလွှာနှင့် အပင်များအတွက် အထောက်အကူ ဖြစ်စေခြင်း၊ ပတ်ဝန်းကျင် ညစ်ညမ်းမှု မဖြစ်စေခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည် ဖြစ်သည်။

သဘာဝမြေသြဇာ ပြုလုပ်ခြင်းများပြားစွာရှိသည့်အနက် လျှင်မြန်ပြီး အကျိုးဖြစ်ထွန်းမှု မားစေသည့် ထုတ်လုပ်နည်းတစ်မျိုးမှာ ငါးပရိုတိန်းမြေသြဇာရည်  (FPH - Fish Protein Hydrolysate) ဖြစ်သည်။

FPH ပြုလုပ်ရာတွင် အောက်ပါပစ္စည်းများ လိုအပ်သည်။

  • ၁။ ငါး နှင့် စွန့်ပစ်ဘေးထွက်ငါးပစ္စည်းများ
  • ၂။ တင်လဲရည်/ သကာရည်/ကြံသကာ/ သကြား/ထန်းလျက်
  • ၃။  နို့ချဉ် ဘက်တီးရီးယားအချဉ်ရည် (LAB –Lactic Acid Bacteria)

LAB ကို အောက်ပါအတိုင်း ပြုလုပ်ပါ။

LAB ပြုလုပ်ရန်အတွက် ပစ္စည်း (၂) မျိုးသာ လိုအပ်သည်။ လိုအပ်သော ပစ္စည်းများမှာ နွားနို့နှင့် ဆန်ဆေးရည်သာ ဖြစ်သည်။ ဆန်ဆေးရည် ကို ဖန်ပုလင်း/ ပလတ်စတစ်ဘူးတွင် ထည့်၍ အပေါ်မှ ပိတ်ပါးစ ဖုံးပြီး အေး၍ မှောင်သော အခန်းတွင်  (၅ - ၇ ) ရက်ခန့် ထားပါ။ ဖွင့်ကြည့်၍ အချဉ်နံ့ရပါက ဆန်ဆေးရည်ချဉ်ကို ပိတ်ပါးစနှင့် စစ်ပါ။ အချဉ်ဖောက်၍ ရလာသော ဆန်ဆေးရည်ချဉ် (၁) ပုလင်းကို လတ်ဆက်သော နွားနို့(၆)ပုလင်းနှင့် ရောစပ်ပါ။ ပိတ်ပါးစနှင့် ဖုံးအုပ်ကာ အမှောင်ခန်းတွင် ထားပါ။ (၃-၅) ရက်ကြာပါက အရည်နှင့်အဖတ် ကွဲသွားမည်။ ရရှိလာသော အရည်ကြည်စစ်စစ်သည်သာ LAB ဖြစ်သည်။ 

FPH ပြုလုပ်ရာတွင် အကောင်ကြီးသော ငါးများ၏အရိုး၊ အရေခွံ၊ ခေါင်း၊ ဆူးတောင် အစရှိသော စွန့်ပစ်ပစ္စည်းများ နှင့် ငါးသေးငါးမွှားများကို စုဆောင်း၍ ချိန်တွယ်ပြီး ပုံးထဲသို့ထည့်ပါ။ ငါး (၁) ဆကို  ရေ (၃) ဆ ထည့်ပါ။ တင်လဲရည်ကို ငါးပမာဏ၏ (၃) ပုံ(၁) ပုံထည့်ပါ။ LAB ကို ရေ (၁)လီတာလျှင် ထမင်းစားဇွန်း(၁)ဇွန်းနှုန်းထည့်ပါ။ အားလုံးထည့်ပြီးလျှင် နှံ့စပ်စွာမွေပါ။ ထို့နောက် အဖုံးလုံအောင်ဖုံးပါ။ နေ့စဉ် နံနက်(၁)ကြိမ်၊ ညနေ (၁)ကြိမ် ​ နှံ့စပ်စွာမွေပါ။  (၁၅) ရက်မှ (၁)လ အတွင်း အသုံးပြုနိုင်သည်။ 

FPH ကို သီးနှံမျိုးစုံတွင် ရွက်ဖျန်းမြေသြဇာအဖြစ်လည်းကောင်း၊ မြေဆီလွှာ အတွင်း ထည့်သွင်း၍လည်းကောင်း၊ အစက်ချ ရေသွင်းစနစ်တွင် ထည့်၍လည်းကောင်း နည်းမျိုးစုံ ထည့်သွင်း အသုံးပြုနိုင်သည်။ ရေ (၁) ဂါလံကို FPH  အာဟာရဖျော်ရည် ထမင်းစားဇွန်း (၂)ဇွန်း/(၃၀)မီလီလီတာ ရော၍ ဖျော်စပ်သုံးစွဲပါ။

အပူချိန် မပြင်းသောနံနက်ခင်းနှင့် ညနေ နေအေးချိန်တွင် အသုံးပြုပါ။(၁) ပတ်လျင် (၁)ကြိမ်သာ သုံးစွဲပါ။ အပင်ငယ်စဉ်မှ စ၍ အပင်ကြီးထွားမှု သက်တမ်းတလျှောက်လုံး( ကြီးထွားချိန်၊ ပွင့်ဖူးဝင်ချိန်၊ အပွင့်ပွင့်ချိန်၊ သီးကင်းဝင်ချိန်၊ အစေ့အသီး ကြီးထွားနေစဉ်အချိန် ) သုံးစွဲနိုင်သည်။

FPH ကို ပြုလုပ်သုံးစွဲခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများ

FPH တွင် အပင်အတွက် လိုအပ်သည့် အာဟာရဓာတ်များဖြစ်သည့် နိုက်ထရိုဂျင်၊ ဖော့စဖိုရပ်(စ်)၊ ပိုတက်စီယမ်၊ အမိုင်နိုအက်ဆစ် နှင့် အနည်းလိုအာဟာရဓာတ်များ ပါဝင်ပြီး အပင်မှ လျှင်မြန်စွာ အလွယ်တကူ စုပ်ယူစားသုံးနိုင်သည်။  အာဟာရဓာတ်အမျိုးစုံ များပြားစွာ ပါဝင်သည့်အတွက် အပင်ကြီးထွားသန်မာစေပြီး၊ ပန်းဖြိုင်ဖြိုင်ပွင့်စေသည့်အပြင် အထွက်နှုန်း သိသာစွာ တိုးတက်စေသည်။ FPH တွင် ပါဝင်သည့် အမိုင်နိုအက်ဆစ်သည် အပင်အစာချက်လုပ်ခြင်းကို တိုးတက်ကောင်းမွန်စေပြီး အပင်ကို ကျန်းမာသန်စွမ်းစေသည်။ FPH ကို မြေဆီလွှာတွင် ထည့်သွင်းခြင်းဖြင့် မြေဆီလွှာဖွဲ့စည်းတည်ဆောက်မှု ၊ ရေထိန်းသိမ်းသိုလှောင်နိုင်မှု ကောင်းစေခြင်း၊ အဏုဇီဝ သက်ရှိများကောင်းစွာ ရှင်သန်ကြီးထွားစေခြင်း အကျိုးကျေးဇူးများ ရရှိနိုင်သည်။ ၎င်းအပြင် မြေဆီလွှာ ဆားပေါက်မှု မှ ကာကွယ်နိုင်ခြင်း၊ ရေငတ်ဒဏ်နှင် ရောဂါပိုးမွှားဒဏ် ခံနိုင်ရည်ရှိခြင်း နှင့် သဘာဝပတ်ဝန်းကျင် ညစ်ညမ်းပျက်စီးမှု မရှိစေခြင်း စသည့် အကျိုးကျေးဇူးများ ရရှိစေနိုင်သည်။

သီးနှံပင် - မြေဆီလွှာ - သဘာဝ ပတ်ဝန်းကျင် စသည့် အလုံးစုံသော ကဏ္ဍများတွင် အကျိုးထိရောက်မှု အကောင်းတကာ့ အကောင်းဆုံး နည်းစနစ် ( Best of the best method) ဖြစ်၍ ငါးပရိုတိန်းမြေသြဇာရည် ( FPH - Fish Protein Hydrolysate)ကို  ပြုလုပ်သုံးစွဲသင့်သည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်