မျိုးဆက်နှစ်ဆက်ကြားမှ စိုက်ပျိုးရေးနည်းစနစ်များပြဿနာ

05/04/2023 13:00 PM တွင် U Thet Lwin U Thet Lwin မှ ရေးသား

ကြုံတွေ့နေရ မြင်တွေ့နေရသည့် ကိစ္စများဖြစ်ပြီး ဖြေရှင်းရန် ခက်ခဲသည့်ကိစ္စလို့ ပြောရမှာပါ။

ရှေးရိုးစွဲ မိဘများနှင့် ခေတ်လူငယ်သားသမီးများအကြားတွင် စိုက်ပျိုးရေးနှင့် ပတ်သက်၍ အမြင်ကွဲလွဲမှုများလို့ဆိုရမှာပါ။

ရှေးရိုးစွဲမိဘများဘက်က ပြောနေကြတာက ~

ငါတို့ စပါးစိုက်လာတာ၊ မတ်ပဲစိုက်လာတာ မင်းတို့အသက်မကတော့ဘူး။ မင်းတို့လက်ထက်ကျမှ အထွက်တွေလျော့လာတာ။ ငါတို့စပါးဆိုရင် ပုလဲအိတ်ဝက်လောက် ပက်လိုက်ရင် ပြီးတာကို... မင်းတို့လက်ထက်ကျမှ ထုံးထည့်ရတာနဲ့၊ ကွန်ပေါင်းမြေဩဇာ ထည့်ရတာနဲ့ ကုန်လိုက်တဲ့စရိတ်။

မတ်ပဲဆိုရင်လည်း ဘာဆေးမှ မယ်မယ်ရရ မပက်ခဲ့ရပါဘူး။ ဆေးပက်တာတောင်မှ သစ်ခက်၊ ဝါးရေပြွတ်၊ လက်လှုပ်ပုံးစိမ်းနဲ့ တစ်ဧကမှ တစ်ပုံး၊ နှစ်ပုံး အနံ့ပေးလိုက်ရင် ပြီးခဲ့တာပါ။ တစ်ဧက (၁၀) တင်းလောက်ထွက်လို့ ရှိရင် အဆင်ကို ပြေနေတာတဲ့။

မင်းတို့လက်ထက်ကျမှ...

ဝယ်လိုက်ရတဲ့ဆေး..

ပက်လိုက်ရတဲ့ဆေး..

မင်းတို့ဆေးဖျန်းလေ ပိုးက ပေါလာလေပါကွာတဲ့။

ဒါပေမဲ့ လက်တွေ့ ဖြစ်ပေါ်နေတဲ့...

  • စိုက်ပျိုးမြေတွေ ပျက်စီးနေတာ...
  • အောက်ပြည်မှာ မြေချဉ်ပြီး အညာမှာ မြေငန်နေတာ...
  • စိုက်ပျိုးမြေများတွင် အာဟာရချို့တဲ့မှုများလာတာ..
  • စိုက်ပျိုးမြေတွေမှာ မြေဆောင်ရောဂါတွေ ရှိနေခြင်းကြောင့် သီးနှံပင်များ သေဆုံးလာတာ..
  • သီးနှံစိုက်ချိန် မျိုးစေ့လူးနယ်ဆေး မသုံးစွဲရင်.. အပင်ငယ်စဉ် ဆေးမဖျန်းနိုင်ရင်..
  • ပင်စည်ထိုးယင် ကျရောက်လို့ ပဲသီးချိန်ကျမှ သေဆုံးကုန်တာ..
  • ♥ရာသီဥတု ဖောက်ပြန်မှု များခြင်းကြောင့် မိဘများလက်ထက်က မရှိဘူးလို့ ပြောရမဲ့ ပွင့်ထွေးသီးတောင့်ထိုးပိုးနှင့် လှေးကဲ့သို့ပိုးတွေ ကျရောက်မှုဆိုးဝါးလာတာ..
  • ယင်ဖြူအပါအဝင် စုပ်စားပိုးများကြောင့် Virus ရောဂါမခံနိုင်သည့်မျိုးများကို စိုက်တယ်ဆို အဝါရောင်မိုစိတ်ရောဂါလို ဗိုင်းရပ်စ်ရောဂါများကျရောက်မှု ဆိုးဝါးလာတာ..

စတာတွေက ယခုခေတ် စိုက်ပျိုးရေးလုပ်ငန်းအတွက် စိန်ခေါ်မှု တစ်ခုဖြစ်လို့နေတယ်ဆိုတာကိုတော့ ရှေးရိုးစွဲမိဘများ မသိကြဘူးလေ။

ခေတ်သားသမီးများဘက်က ပြန်ကြည့်တော့ ~

နည်းပညာတိုးတက်လာပြီး လေ့လာဖို့လွယ်ကူလာတော့... မိဘများနှင့် သဘောထားကွဲလာပါပြီ။

မိဘများရဲ့အတွေးအခေါ်တွေ လုပ်ရပ်တွေကို ခေတ်မမီတော့ဘူးလို့ မြင်လာကြပါတယ်။

  • မြေယာပြုပြင်တာကအစ အချိန်ဆွဲလုပ်နေတယ်။
  • မြန်မြန်မျိုးစေ့ချရင် ရာသီပိုမီတာကို ထွန်ယက်နေတာနဲ့ အချိန်ကုန်နေတာပဲ။
  • ပေါင်းသတ်ဖို့အတွက်များ ထွန်ယက်နေဖို့မလိုပါဘူး.. ပေါင်းသတ်ဆေး ရှိနေတာပဲ။
  • မြေညှိတာများ ထွန်စက်မှာ ဂေါ်ပါနေတာ ထိုးညှိလိုက်ရင် တစ်နေ့တည်းနဲ့ ပြီးနေတာကို..တစ်နှစ်လာလည်း မြေညှိ တစ်နှစ်လာလည်း မြေညှိနေတာပဲ။

ဒါမျိုးတွေ သူတို့မြင်ကုန်ကြပါကော။

ဒါပေမဲ့...

  • ♥ထွန်ယက်မှုစနစ်ဖြင့် မြေအစိုဓာတ်ထိန်းတာ၊ 
  • ♥အပေါ်ယံမြေ(Top Soil) မဆုံးရှုံးရအောင် စနစ်တကျ မြေညှိရတယ်ဆိုတာ 

ခေတ်လူငယ်များဖြစ်ကြတဲ့ သူတို့မသိကြပြန်ပါဘူး။

♥ဒါတွေက အနည်းငယ်မျှသာရှိသေးပြီး ရေးရလျှင်တော့ ကုန်နိုင်မည်မထင်ပါဘူး။

မျိုးဆက် နှစ်ဆက်ကြားမှာ (၂၀-၂၅) နှစ်လောက်သာရှိသေးပြီး ဒီထက်မက ကွာခြားလျှင်တော့ ပို၍သာ အမြင်ကွဲကြဖို့ ရှိပါလိမ့်မည်။

ဆိုတော့...

ခေတ်သစ်စိုက်ပျိုးရေးလုပ်ဆောင်သူများ သိထားရမှာက ရှေးလူကြီးများ၏ စိုက်ပျိုးရေးလုပ်ဆောင်ရာတွင် မြေဩဇာ၊ ပိုးသတ်ဆေးဝါး သုံးစွဲမှု နည်းစနစ်များဟာ ခေတ်နှင့် အံဝင်ခွင်ကျ မရှိတော့သော်လည်း မြေပြုပြင်မှုနည်းစနစ်၊ ပေါင်းမြက်နှိမ်နင်းမှု၊ မျိုးစေ့ချခြင်း၊ စိုက်ပျိုးခြင်း၊ ရာသီဥတု တွက်ချက်မှု၊ စိုက်ပျိုးမှု နည်းစနစ်များကတော့ စနစ်ကျပြီး ကောင်းမွန်မှု ရှိနေတယ်ဆိုတာ ငြင်းပယ်လို့ မရနိုင်ပါဘူး။

ယခုလို နည်းပညာများ လေ့လာဆည်းပူးရန် လွယ်ကူသောခေတ်တွင် စိုက်ပျိုးရေးအခြေခံ၊ ပညာအခြေခံရှိလျှင် လေ့လာဆည်းပူးရာမှာ လွယ်ကူလျင်မြန်ပြီး စိုက်ပျိုးရေးခေတ်ရေစီးကြောင်းနှင့် အံဝင်ခွင်ကျဖြစ်ကာ စိုက်ပျိုးရေးလုပ်ငန်းနှင့် တောင်သူလယ်သမားများဘဝ တိုးတက်မြင့်မားလာနိုင်သော်လည်း ~

  • စိုက်ပျိုးရေး အခြေခံမရှိသူ။
  • ♥စိုက်ပျိုးရေး အခြေခံမရှိဘဲ ပညာသာတတ်သူ။
  • ♥ပညာအခြေခံက မရှိဘဲ တတ်ယောင်ကားလုပ်သူ။
  • ♥ပညာအခြေခံရှိသော်လည်း တကယ်မတတ်ဘဲ တတ်ယောင်ကားလုပ်သူ။

များ စိုက်ပျိုးရေးလောကထဲမှာ များပြားစွာမြင်တွေ့နေရတာကိုတော့ စိုက်ပျိုးရေးလောကအတွက် ရင်လေးမိပါတယ်။

စိုက်ပျိုးလောကတွင် အမြင်မတူမှု၊ အမြင်ကွဲပြားမှုများမှာ မျိုးဆက်တစ်ဆက်နှင့် တစ်ဆက်ကြား၊ အသိပညာ၊ အတန်းပညာ၊ ဗဟုသုတ ကွာခြားချက်အပေါ် မူတည်၍ အမြင်ကွဲပြားမှုများ ရှိနေနိုင်ရာ..

မည်သူကိုမှ မှားတယ်၊ မှန်တယ်လို့ မဆိုချင်တော့ပါဘူး၊ ကိုယ့်အတွေးနဲ့ ကိုယ်တော့ မှန်နေကြမှာပါ။

ဒါပေမဲ့... အမှားကိုအမှန်လို့ ဇွတ်မှိတ်ပြီး ယုံကြည်လက်ခံနေလျှင်တော့ဖြင့် ဆိုးကျိုးကို ခံစားရမှာက မိမိသာလို့ပဲ ဆိုချင်ပါတယ်။

ချမ်းမြေ့ပါစေ 

ဦးသက်လွင်(ထန်းညီနောင်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်