ချင်း (ဂျင်း) စိုက်ပျိုးခြင်းနည်းလမ်းများ (၁)

02/12/2022 13:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

(က) မြေပြင်ခြင်း

  • စိုက်ပျိုးချိန်တွင် ထည့်သွင်းစဉ်းစားရမည့် အဓိကအချက်များမှာ ရာသီဥတု၊ စိုက်ပျိုးမည့်ရက်၊ ပင်ကြား တန်းကြားနှင့် မျိုးတက်အတိမ်အနက်တို့ ဖြစ်သည်။
  • မိုးရေရရှိချိန်ပေါ်မူတည်၍ မတ်လနှင့် ဧပြီလတို့တွင် မြေပြင်ခြင်းများပြုလုပ်ပြီး မေလနှင့် ဇွန်လတို့တွင် စတင်စိုက်ပျိုးရမည်။
  • စိုက်ကြောင်းများအလွယ်တကူဆွဲနိုင်ရန် ထယ်ထိုးထွန်မွှေခြင်းကို ၂ ကြိမ်စီပြုလုပ်ရမည်။
  • ထို့နောက် ပျိုးပင်များ ကောင်းမွန်စွာကြီးထွားနိုင်စေရန် ၈ လက်မ မှ ၁၀ လက်မအထိ ထယ်နက်နက်ထိုးပေးရမည်။
  • သို့သော် မြေဆီလွှာပျက်စီးခြင်းကိုကာကွယ်ရန် ထယ်အလွန်အကျွံထိုး ခြင်းကို ရှောင်ကြဉ်ရမည်။
  • မြေပြင်ရာတွင် အသုံးပြုမည့်စက်ပစ္စည်းများကို အခြားလယ်ကွက်များမှ အညစ်အကြေးများ၊ ရောဂါပိုးမွှားများ ကင်းစင်စေရန် အထူးသတိပြုရမည်။
  • တောင်တန်းဒေသများတွင် မြေဆီလွှာတိုက်စားခံရခြင်းမှ ကာကွယ်ရန် စိုက်ခင်းများကို ကွန်တိုမျဉ်း တစ်လျှောက် နေရာဖော်စိုက်ပျိုးရန်လိုအပ်သည်။
  • ရေသွင်းရေထုတ်လွယ်ကူပြီး ရေတိုက်စားခံရခြင်းများ မဖြစ်စေရန် လိုအပ်သောနေရာတွင် ရေနုတ်မြောင်းများ ဖောက်လုပ်ရမည်။ စိုက်ပျိုးရေအတွက် မိုးရေသိုလှောင်ရန် ဂျင်းစိုက်ကွက်များအနီးတွင် ရေကန်ငယ်များလည်း တူးဖော်နိုင်သည်။ 

(ခ) ပင်ကြားတန်းကြား၊ အပင်ဦးရေ၊ မျိုးတက်နှုန်းထား

  • မျိုးတက်အတိမ်အနက်သည် အစောပိုင်းအညှောက်ပေါက်ခြင်းနှင့် အညှောက်များ မြေပေါ်ပေါ်ထွက်လာနိုင်ရန်အတွက် အရေးကြီးသည်။ မျိုးတက်ကြီးလျှင် နက်နက်စိုက်ကာ မျိုးတက်သေးလျှင် တိမ်တိမ်စိုက်ပေးရမည်။
  • အညှောက်ပေါက်အားပိုကောင်းစေရန် စိုက်ပျိုးပြီးပါက ရေအနည်းငယ်သွင်းပေးရမည်။ အပင်ကြိုက် နှစ်သက်သော ပတ်ဝန်းကျင်အခြေအနေရပါက အညှောက်ပေါက်ရန် ၁၀ ရက် မှ ၁၅ ရက်သာကြာသည်။ 
  • စိုက်ပျိုးမြေပေါ်မူတည်၍ စိုက်ဘောင်များပြင်ဆင်ရမည်။ ရေဝပ်သောနေရာဖြစ်ပါက စိုက်ဘောင်ကို မြင့်မြင့်ပြင်ရမည်။ ရေအလွယ်တကူ စီးဆင်းသွားနိုင်သော နေရာဖြစ်ပါက ရေနေစေရန်ကျင်းတူး၍လည်း စိုက်ပျိုးနိုင်သည်။
  • ပင်ကြား ၁ ပေ (သို့) ၁ ပေခွဲနှင့် တန်းကြား ၃ ပေ ထား၍ စိုက်ပျိုးရမည်။ တစ်ဧကလျှင် အပင် ၉၀၀၀ မှ ၉၇၀၀ ခန့် (မျိုးတက် ၉၆၈၀/ဧက) သာလိုအပ်သည်။ ထိုအခါ မျိုးတက်နှုန်းထားကို တစ်ဧကတွင် ပိဿာ ၅၀၀ ခန့် လျှော့ချနိုင်ပြီး ၁၅ ကျပ်သားရှိသော ဂျင်းတက်များကို ၈၀ ရာခိုင်နှုန်း ရရှိမည်။

(ဂ) ရေသွင်းပေးခြင်း

  • အပင်သက်တမ်း ၅ လ မှ ၇ လ အတွင်း နှစ်စဉ် မိုးရေချိန် ၁၅၀၀-၃၀၀၀ မီလီမီတာ ကောင်းစွာရရှိရန်လိုအပ်သည်။ 
  • မိုးရွာသွန်းမှုနည်းပါက ၁၅ ရက်ခြားတစ်ခါ ရေသွင်းပေးရပါမည်။ သို့သော် မြေအစိုဓာတ်ပေါ်မူတည်၍လည်း လိုအပ်ပါက တစ်ပတ်လျှင် ၂ ကြိမ် မှ ၄ ကြိမ်အထိ  ရေသွင်း ပေးရမည်။ 
  • အညှောင့်ပေါက်ချိန်နှင့် ဂျင်းတက်များထွက်ရှိသည့်အချိန်တွင် မဖြစ်မနေရေသွင်းပေးရမည်။ 
  • စိုက်ပျိုးပြီးနောက် ပင်ပိုင်းကြီးထွားချိန်၊ ရက်ပေါင်း ၉၀ အကြာ ဂျင်းတက်များစတင်ထွက်ချိန်နှင့် စိုက်ပြီး ၁၃၅ ရက်အကြာ ဂျင်းတက်များဖွံ့ဖြိုးချိန်တို့သည် ရေအလိုအပ်ဆုံး အချိန်ဖြစ်သည်။ 
  • ခြောက်သွေ့သောကာလများတွင် ရေသွင်းစိုက်ပျိုးခြင်းသည် မိုးရေဖြင့်စိုက်ပျိုးခြင်းထက် အထွက်နှုန်းပိုကောင်းသည်။ 

(ဃ) မြေဆီလွှာကောင်းမွန်အောင်ဆောင်ရွက်ခြင်း

  • ချင်း (ဂျင်း)သည် အာဟာရများစွာလိုအပ်သော သီးနှံဖြစ်သောကြောင့် အာဟာရဓာတ်များကို အချိန်မှန်သုံးစွဲပေးရန် လိုအပ်သည်။ 
  • ပင်ပိုင်းကြီးထွားရန်နှင့် ပင်ပွားများများထွက်ရန် စိုက်ပျိုးပြီး ရက်ပေါင်း ၆၀ မှ ၉၀ အတွင်း နိုက်ထရိုဂျင်အခြေခံမြေသြဇာကို  အသုံးပြုရမည်။ 
  • အမြစ်များ ကောင်းစွာကြီးထွားရန်အတွက် စိုက်ပျိုးပြီး ရက်ပေါင်း ၁၃၀-၁၉၀ အတွင်း ပိုတက်စီယမ်အခြေခံမြေသြဇာကို အသုံးပြုရမည်။ 
  • ချင်း (ဂျင်း) တက်များ ကောင်းစွာကြီးထွားဖွံ့ဖြိုးရန်အတွက် ကယ်လ်စီယမ်အခြေခံမြေသြဇာကို အသုံးပြုရမည်။ တစ်ဧကလျှင် နိုက်ထရိုဂျင်၊ ပိုတက်စီယမ်နှင့် ကယ်လ်စီယမ်တို့ကို ၆၀:၂၀:၂၀ ကီလိုဂရမ်နှုန်းဖြင့် အသုံးပြုရမည်။ 
  • ပိုတက်စီယမ်ကို မြေခံအဖြစ် ၂၀ ကီလိုဂရမ် တစ်ကြိမ်တည်းအသုံးပြုနိုင်သည်။ 
  • နိုက်ထရိုဂျင်ကို စိုက်ပျိုးချိန်တွင် ၂၀ ကီလိုဂရမ်နှုန်းဖြင့် ပထမအကြိမ် ၊ စိုက်ပြီး ၄၅ ရက်လျှင် ဒုတိယကြိမ် ၂၀ ကီလိုဂရမ်နှင့် ရက် ၉၀ တွင် တတိယကြိမ် ၂၀ ကီလိုဂရမ် နှုန်းထားဖြင့်  (၃) ကြိမ်ကျွေးရမည်။ 
  • ကယ်လ်စီယမ်ကို စိုက်ပျိုးချိန်တွင် တစ်ကြိမ် (၁၀ ကီလိုဂရမ်) နှင့် စိုက်ပြီး ရက် ၉၀ တွင်တစ်ကြိမ် (၁၀ ကီလိုဂရမ်) (၂) ကြိမ်ကျွေးရမည်။ 
  • စိုက်ပျိုးပြီး ရက်ပေါင်း ၃၀ နှင့် ၆၀ တို့တွင် ရွက်ဖျန်းအားဆေးကို ဖြန်းနိုင်သည်။ အော်ဂဲနစ်မြေဩဇာ၊ မြေဆွေး၊ သစ်စိမ်းမြေဩဇာများကိုလည်း အသုံးပြုနိုင်သည်။ အော်ဂဲနစ်မြေဩဇာ၊ မြေဆွေး၊ သစ်စိမ်းမြေဩဇာများကို အသုံးပြုပါက ဓာတုမြေဩဇာ နှုန်းထားကို လျှော့ချရမည်။ 
  • ဘိုကာရှီမြေသြဇာကို မြေပြင်ချိန်တွင် မြေခံအဖြစ်အသုံးပြုနိုင်သလို ဘောင်တင်ချိန်တွင်လည်း ထည့်သွင်းအသုံးပြုရမည်။ ဂျင်းတစ်ဧက စိုက်ပျိုးရန်အတွက် ဘိုကာရှီ (၂၅၀) ပိဿာ လိုအပ်ပါသည်။ အီးအမ်ဘိုကာရှီသုံးပြီးနောက် တီစူပါနှင့် ကွန်ပေါင်း မြေသြဇာတို့ကို လိုအပ်သလို ထပ်မံကျွေးနိုင်သည်။

ဘိုကာရှီပြုလုပ်ရန် လိုအပ်သောကုန်ကြမ်းများ

  • ၁။ နွားချေး (၅) အိတ် 
  • ၂။ စပါးခွံ (၂) အိတ်
  • ၃။ ဖွဲနု (၁) အိတ်
  • ၄။ ပဲဖတ် (၃) ပိဿာ
  • ၅။ တင်လဲရည် (၄) လီတာ
  • ၆။ အီးအမ် (အပြင်း) ၁ လီတာ
  • ၇။ အပေါ်ယံမြေဆွေး (၃) အိတ်

ပြုလုပ်ပုံ အဆင့်ဆင့်

  • ပဲဖတ်ကို ရေတိုင်ကီတစ်ခုထဲတွင် ရေဖြင့်တစ်ညစိမ်ထားပါ။
  • နွားချေး၊ စပါးခွံ၊ ဖွဲနု၊ စသည့်ကုန်ကြမ်းများအားလုံးကို  ကောင်းမွန်စွာသမအောင် ရောမွှေပါ။
  • ထို့နောက် အီးအမ်အပြင်း (၁) ဆ၊ တင်လဲရည် (၄) ဆနှင့် ရေသန့် (၉၅)ဆကို သမအောင်ရောမွှေပြီး ရေစိမ်ထားသော ပဲဖတ်နှင့် သမအောင်ထပ်မံရောမွှေပါ။
  • ရရှိလာသော ဖျော်ရည်အရောကို ရေပန်းခရားသုံးကာ ပုံထားသောကုန်ကြမ်းများပေါ်သို့ နှံ့စပ်အောင်ဖျန်းပြီး သမအောင်မွှေပါ။
  • ကုန်ကြမ်းများနှင့် ဖျော်ရည်များသမသွားပါက လက်ဖြင့်ဖွဖွဆုပ်ကြည့်လျှင် အလုံးပုံစံဖြစ်သွားပြီး ပြန်ဖွကြည့်လျှင် ကြေမွသွားသော အနေအထားရှိရမည်။
  • ရေနည်းလျှင် မြေသြဇာအဖြစ်နှေးပြီး ရေများလျှင် ပုပ်သွားနိုင်သည်။
  • ရောစပ်ပြီးသောကုန်ကြမ်းအားလုံး၏ စိုထိုင်းဆမှာ ၄၀ - ၅၀ % ရှိရမည်။
  • အဆင့်အတိုင်းလုပ်ဆောင်ပြီးပါက မြေဆွေးပုံကို နေရောင်ခြည်တိုက်ရိုက်မကျနိုင်သောနေရာ (သို့) အမိုးအကာပါသော အဆောက်အဦးအောက်တွင် အမြင့် ၁ ပေခွဲမှ ၃ ပေအထိဖြန့်၍ထားရမည်။ 
  • (၁) ပတ်ပြည့်လျှင် ကောင်းစွာအသုံးပြုနိုင်ပြီ ဖြစ်သည်။

အပိုင်း(၂) တွင် မြေဆွခြင်း/ ဘောင်တင်ခြင်း၊ မြေဖုံးခြင်း၊ ပေါင်းမြက်နှိမ်နင်းခြင်း၊ သီးညှပ်စိုက်ပျိုးခြင်းနှင့် အရိပ်ရပင်များ စိုက်ပျိုးခြင်း စသည့်အကြောင်းများကို ဆက်လက်ဖော်ပြပေးသွားပါမည်။

(Myanseed Agri Business Consultancy မှ ထုတ်ဝေသည့် ' ချင်း (ဂျင်း) စိုက်ပျိုးထုတ်လုပ်မှု ဆိုင်ရာ နည်းလမ်းကောင်းများ' စာအုပ်မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်