ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဥ်(GAqP)၏ အကျိုးကျေးဇူးများ

28/12/2021 10:30 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဥ် (Good Aquaculture Practice – GAqP) ဆိုသည်မှာ ရေသတ္တဝါများ မွေးမြူထုတ်လုပ်ရာတွင် နိုင်ငံအဆင့်နှင့် နိုင်ငံတကာ အစားအစာ ဘေးအန္တရာယ်ကင်းစင်မှု စံချိန်စံညွှန်းများ၊ စည်းမျဥ်းစည်းကမ်းများနှင့်အညီ သဘာဝပတ်ဝန်းကျင်အား ထိခိုက်မှု မရှိသော မွေးမြူထုတ်လုပ်မှု ကျင့်စဥ် ဖြစ်ပါသည်။ 

GAqP ကျင့်စဥ်နှင့်အညီ မွေးမြူထုတ်လုပ်လျှင် ဘာတွေ အကျိုးရှိမှာလဲ 

စျေးကွက်အခွင့်အလမ်းပေါများပြီး အီးယူနိုင်ငံအပါအဝင် နိုင်ငံတကာ စျေးကွက်သို့ တင်ပို့ရောင်းချနိုင်ခြင်း။

စားသုံးသူများအနေဖြင့် အစားအစာ ဘေးအန္တရာယ်ကင်းစွာဖြင့် ယုံကြည်စိတ်ချစွာ စားသုံးနိုင်သည့် အခွင့်အလမ်းများ ရရှိခြင်းတို့ဖြစ်ပါသည်။

ကောင်းမွန်သောရေသတ္တဝါမွေးမြူရေး ကျင့်စဥ်တွင် လိုက်နာရမည့် အခြေခံမူ(၄) ချက်မှာ- 

(၁) အစားအစာ ဘေးကင်းလုံခြုံမှု၊

(၂) မွေးမြူသော ရေသတ္တဝါများ၏ ကျန်းမာရေးနှင့် ကောင်းစွာ ရှင်သန်ရေး၊

(၃) ပတ်ဝန်းကျင်ထိခိုက်မှု မရှိစေရေး၊

(၄) လူမှုစီးပွားကဏ္ဍများ ညီညွှတ်မျှတ တိုးတက်​စေရေးတို့ ဖြစ်ပါသည်။ 

ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးတွင် ကျင့်စဥ်(၈)ခု ရှိ

ရှိပါသည်။ ၄င်းတို့မှာ-

(၁) နေရာရွေးချယ်ခြင်း 

   (က) ရာသီဥတုနှင့် ပတ်ဝန်းကျင် အခြေအနေများသည် မွေးမြူမည့်စနစ်နှင့် လိုက်လျောညီထွေ ရှိသင့်ပါသည်။

   (ခ) သန့်ရှင်းသည့် လေ၊ ရေ၊ မြေ အရင်းအမြစ်ရရှိရန်ဖြစ်ပြီး သဘာဝကြောင့် ဖြစ်စေ၊ လူ့ပယောဂကြောင့် ဖြစ်စေ ဖြစ်ပေါ်သည့် ဓါတုညစ်ညမ်းမှု မရှိသော နေရာဖြစ်ရပါမည်။

   (ဂ) ကန်ရေ မစိမ့်သောမြေ(ရွံ့စေးမြေ)ကို ရွေးချယ်ရပါမည်။ 

(၂) မွေးမြူရေးကန်များအား စီမံခန့်ခွဲခြင်း

   (က) မွေးမြူရေးကန် ပုံကြမ်း(Lay Out Plan) ရေးဆွဲထားရှိရပါမည်။

   (ခ) ကန်တစ်ကန်မှ တစ်ကန်သို့ ရောဂါမကူးစက်နိုင်ရန် ကန်တစ်လုံးချင်းစီသို့ ရေသွင်း/ရေထုတ် ပြုလုပ်ရာတွင် အသုံးပြုသည့် ရေပိုက်၊ ရေမြောင်း၊ ရေတံခါးများကို စနစ်တကျ စီစဥ်ထားရပါမည်။

   (ဂ) ငါးမွေးမြူသည့်ကန်မှ ရေစွန့်ထုတ်ရာတွင် စွန့်ထုတ်ရေများအား ရေဆိုးစွန့်သည့်ကန် (Waste Water Pond) ထားရှိရပါမည်။ ရေဆိုးစွန့်ကန် မရှိပါက စွန့်ထုတ်မည့် ရေဆိုးများအား လုံလောက်သည့် အချိန်ကာလအထိ ထားရှိခြင်း(သို့) ပြင်ပပတ်ဝန်းကျင်သို့ စွန့်ထုတ်နိုင်သည့်အဆင့် ရောက်/မရောက် တိုင်းတာစစ်ဆေးပြီးမှသာ စွန့်ထုတ်ရပါမည်။

   (ဃ) မိုးရေတစ်ခုတည်းသာ အားထားမွေးမြူသည့် ကန်များတွင် ရေလှောင်ကန် (Reservoir) လုံလောက်စွာ ရှိရပါမည်။ 

(၃) အထွေထွေ သန့်ရှင်းမှုကျင့်စဥ်

   (က) ရေသတ္တဝါများ မွေးမြူရာတွင် အခြားတိရစ္ဆာန်များ ရောနှော မွေးမြူခြင်း မပြုရပါ။ ဥပမာ- ကြက်၊ဝက်၊ ဆိတ်၊ နွား။

   (ခ) ငါးကန်သန့်ရှင်းမှု၊ ငါးကန်အတွင်း ရေနေအပင်များသန့်ရှင်းမှု၊ တစ်ကိုယ်ရည် သန့်ရှင်းမှု၊ လက်ဆေးရန် ရေပုံး၊ ဆပ်ပြာထားရှိမှု၊ လုပ်ငန်းသုံးပစ္စည်းများ သန့်ရှင်းမှု၊ အမှိုက်ခြင်း ထားရှိရပါမည်။

   (ဂ) အိမ်သာများ စနစ်တကျ ထားရှိပြီး ငါးကန်နှင့် ပေ ၅၀ အကွာတွင် တည်ဆောက်ရပါမည်။

(၄) အစားအစာ စီမံခန့်ခွဲမှု

   (က) သန့်ရှင်းလတ်ဆတ်သည့် အစာများကို သုံးစွဲရပါမည်။

   (ခ) လေဝင်လေထွက်ကောင်းသော မိုးလုံ၍ အပူချိန် မများသည့် နေရာတွင်ထားရပါမည်။

   (ဂ) ကြွက်နှင့် အခြားပိုးမွှားများ မဝင်ရောက်စေရန် စီစဥ်ထားရှိရပါမည်။ 

(၅) တိရစ္ဆာန်ဆေးဝါးများနှင့် ဓာတုဗေဒဆေးဝါးများ စီမံခန့်ခွဲမှု

   (က) တားမြစ်ထားသည့် ဆေးဝါးများကို မသုံးစွဲရပါ။ ခွင့်ပြုထားသည့် ဆေးဝါးများကိုသာ သုံးစွဲရပါမည်။ ဆေးဝါးနားလည် တတ်ကျွမ်းသူနှင့် ဆွေးနွေးတိုင်ပင်ပြီးမှသာ သုံးစွဲရပါမည်။     

   (ခ) ဆေးဘူးပေါ်တွင် မြန်မာ/အင်္ဂလိပ် နှစ်ဘာသာဖြင့် အညွှန်းရေးထားသည့် ဆေးဘူးကိုသာအသုံးပြုရပါမည်။ အညွှန်းအတိုင်း သုံးရပါမည်။ 

   (ဂ) ဆေးပစ္စည်း၊ ထုံးနှင့် အခြားဓာတုဆေးဝါးများအား သီးခြားစီ ထားသိုရပါမည်။

(၆) ရောဂါဖြစ်နိုင်ချေ စီမံခန့်ခွဲမှု

   (က) ရောဂါမကျရောက်စေရန် ရေအရည်အသွေး၊ ငါး/ပုစွန်များ၏ အခြေအနေ၊ ရာသီဥတု အနေအထားတို့အား ဂရုပြုရပါမည်။

   (ခ) သဘာဝဘေးအန္တရာယ် သတင်းများအား ရေဒီယို၊ တီဗွီတို့တွင် နားထောင်ရပါမည်။ ကြိုတင်ကာကွယ်မှုများအား ပြင်ဆင် ထားရှိရပါမည်။ 

   (ဂ) ငါးများသေဆုံးပါက အမြန်ဖယ်ရှား၍ မီးရှို့ခြင်း၊ မြေမြှုပ်ခြင်းနှင့် သာကေတငါး/ပုစွန် ကျန်းမာမှုနှင့် ရောဂါထိန်းချုပ်ရေး ဌာနစုသို့ ဆက်သွယ်၍ ညွှန်ကြားချက်အတိုင်း ပို့ဆောင် ရပါမည်။ ငါးသေသည့် ကန်ရေအား ၂ပတ်ခန့်ထားပြီး (သို့) ကလိုရင်းပိုးသတ်ပြီးမှ ပြင်ပသို့ စွန့်ထုတ်ရပါမည်။

(၇) ဖမ်းဆီးပြီးနောက် စီမံခန့်ခွဲမှု

   (က) အသုံးပြုသည့် ရေခဲ၊ ရေ၊ ငါးဖမ်းပိုက်၊ ခြင်း၊ သယ်ပို့ယာဥ်များ၊ သိုလှောင်ခန်းများကို သန့်ရှင်းရပါမည်။ လုပ်ငန်းသုံးပစ္စည်းများသည် ချောမွေ့ပြီး သန့်ရှင်းရေးလုပ်ရန် လွယ်ကူရပါမည်။

   (ခ) ရောဂါလက္ခဏာပြသသည့်ငါးများ၊ လတ်တလော ဆေးဝါးသုံးစွဲထားသည့်ကန်မှ ငါးများအား ဖမ်းဆီးကုန်ဖော်ထုတ်ခြင်း မပြုရပါ။ 

   (ဂ) ငါးများအား ဖမ်းဆီးကုန်ဖော်ထုတ်ရာတွင် ရေခဲ(သို့) ရေခဲစိမ်သည့် ရေဖြင့် ညင်သာစွာ သေစေရပါမည်။ 

(၈) မှတ်တမ်းထိန်းသိမ်းခြင်း

   (က) ကန်တူးဖော်ခြင်း မှတ်တမ်း၊ သားပေါက်ဝယ်ယူမှု မှတ်တမ်း၊ ရေတိုင်းတာစစ်ဆေးမှု မှတ်တမ်း၊ အစာဝယ်ယူမှုမှတ်တမ်း၊ နေ့စဥ်အစာကျွေး မှတ်တမ်း၊ ကန်ရေလဲလှယ်မှု မှတ်တမ်း၊ ငါးသေဆုံးမှု (ငါးရောဂါကျရောက်မှု)မှတ်တမ်း၊ ရောင်းချမှု မှတ်တမ်း စသည်တို့အား လုပ်ငန်းစဥ်တိုင်းတွင် မှတ်တမ်းထားရှိရပါမည်။

   (ခ) မှတ်တမ်းများအား (၂၄) လကြာသည်အထိ စနစ်တကျသိမ်းဆည်းထားရပါမည်။

မှီငြမ်း-ငါးလုပ်ငန်းဦးစီးဌာန။

ဆောင်ပါးများ/သတင်းများပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

                  

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်