စျေးကွက်ဝင် တန်ဖိုးကြီး ကျောက်ငါးမွေးမြူနည်း အပိုင်း-၂

08/08/2022 10:26 AM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

(ခ) ကျောက်ငါးအား လှောင်အိမ်ဖြင့် မွေးမြူနည်း

ကျောက်ငါးအား လှောင်အိမ်ဖြင့် မွေးမြူရာတွင် -

  • ၁။ လှိုင်းလေ မပြင်းထန်သည့်နေရာ၊
  • ၂။ အငန်နှုန်း (၁၃ - ၃၀) ppt ရှိသည့်နေရာ၊
  • ၃။ ဒီရေအစစ်ဆုံးအချိန်၊
  • ၄။ သင့်တင့်သော ရေစီးနှုန်းရှိသည့်နေရာ၊
  • ၅။ ရေညစ်ညမ်းမှုကင်းသည့်နေရာ၊
  • ၆။ ငါးစာများ ဝယ်ယူရန် လက်လှမ်းမီသည့်နေရာ၊
  • ၇။ လုံခြုံစိတ်ချရသည့်နေရာတို့ ဖြစ်သင့်ပါသည်။ 

လှိုင်းကွယ်၊ လေကွယ်ပြီး ရေစီးရေလာကောင်းသော်လည်း ရေစီးမကြမ်းသောနေရာ ဖြစ်ရပါမည်။

လှောင်အိမ်တည်ဆောက်ပုံ

လှောင်အိမ်များသည် စီမံခန့်ခွဲမှုနှင့် ပြုပြင်ထိန်းသိမ်းမှု လွယ်ကူစေရန် မျက်နှာပြင်ဧရိယာ ၂၀၀ စတုရန်းပေမှ ၁၀၀၀ စတုရန်းပေခန့်အထိ ကျယ်ဝန်းသော စတုဂံပုံ (သို့မဟုတ်) စတုရန်းပုံများ ဖြစ်သင့်ပါသည်။

ငါး၏အရွယ်အစားပေါ်မူတည်ပြီး အပေါက်အရွယ်အစား ၂ စင်တီမီတာမှ ၈ စင်တီမီတာအထိရှိသော ပေါ်လီအက်သလင်းပလတ်စတစ်ဖြင့် ပြုလုပ်ထားသော ဆန်ခါပိုက်များကို အသုံးပြုသင့်ပါသည်။ လှောင်အိမ်တည်ဆောက်ပုံ ၂ မျိုးရှိပါသည်။ 

၁။ ရေပေါ်လှောင်အိမ်အမျိုးအစား(Floating cage)

အထက်တွင်ဖော်ပြထားခဲ့သည့်အတိုင်း ရေပေါ်လှောင်အိမ်အမျိုးအစားတွင် ဆန်ခါပိုက်အား သစ်သား(သို့မဟုတ်) ပလတ်စတစ်ရေပိုက်(GI pipe) သို့မဟုတ် ဝါးလုံးများဖြင့် ပြုလုပ်ထားသော အမာခံ(frame) တွင် တပ်ဆင်ထားပြီး ပလတ်စတစ်စည်ပိုင်း၊ ဖော့တုံး(styrofoam drum)၊ ဝါးပိုးဝါး စသည်တို့ဖြင့် ရေပေါ်ပေါ်နေစေရန် ထောက်ပံ့ပေးထားရပါသည်။

အမာခံထောင့်များတွင် ကွန်ကရစ်တုံး(သို့မဟုတ်) ကျောက်များဖြင့် ကျောက်ချချည်နှောင်ထားရပါမည်။

စီမံခန့်ခွဲ မှုနှင့် ပြုပြင်ထိန်းသိမ်းမှုအကောင်းဆုံးအရွယ်အစားမှာ ရေတန် ၅၀ ဆံ့သည့် အလျား ၁၅ ပေ၊ အနံ ၁၅ ပေနှင့် အနက် ၆ ပေရှိ လှောင်အိမ်များ ဖြစ်ပါသည်။

၎င်းအရွယ်အစားရှိသည့် ဆန်ခါပိုက်အိတ်များသည် မွေးကာလအတွင်း အညစ်အကြေး အနည်အဖတ်များဖြင့် ပိတ်ဆို့နေပါက ဆန်ခါပိုက်အိတ်အား အသစ်ဖြင့် လဲလှယ်တပ်ဆင်ရာတွင် လွယ်ကူမှုရှိပါသည်။

အခြေစိုက်ပုံစံ လှောင်အိမ်အမျိုးအစား

၎င်းအမျိုးအစားတွင် လှောင်အိမ်ထောင့် ၄ ထောင့်အား အောက်ခြေမြေသားအတွင်း စိုက်သွင်းထားသော သစ်သား (သို့မဟုတ်)ဝါးလုံးတိုင်များတွင် အသေ တပ်ဆင်ထားပါသည်။ ၎င်းလှောင်အိမ်အမျိုးအစားအား ရေတိမ်သောနေရာများတွင် အသုံးပြုကြပါသည်။

သားပေါက်ထည့်သွင်းနှုန်းမှာ-

ကျောက်ငါးသားပေါက်ငယ်များကို စျေးကွက်ဝင်အရွယ်သို့ ရောက်ရှိရန်အတွက် လှောင်အိမ်စနစ်ဖြင့် မွေးမြူရာတွင် လှောင်ကန်အမျိုးအစား ၃ မျိုးဖြင့် မွေးမြူရမည်ဖြစ်ပါသည်။

၄င်းအမျိုးအစားများမှာ-

  • (၁) ပြုစုလှောင်ကန်(Nursery net cage)
  • (၂) အလယ်အလတ် မွေးမြူရေးကန်(Transition net cage) နှင့်
  • (၃) ထုတ်လုပ်ရေးကန် (Production net cage)တို့ ဖြစ်ကြပါသည်။

၁။ ပြုစုလှောင်ကန် (Nursery net cage)

ပြုစုလှောင်ကန်တွင် ၁ လက်မမှ ၃ လက်မအရွယ် ကျောက်ငါးသားပေါက်များအား ၃ ပေပတ်လည်တွင် အကောင်ရေ ၁၀၀ မှ ၁၅၀ ကောင်နှုန်းဖြင့် ထည့်သွင်းမွေးမြူ ပြုစုနိုင်ပါသည်။ ကျောက်ငါးသားပေါက်များ ရှင်သန်မှုကောင်းမွန်ရန်အတွက် အရွယ်အစားခွဲခြားမွေးမြူခြင်း(sorting)အား (၇) ရက် (၁)ကြိမ် ဆောင်ရွက်သင့်ပါသည်။

ကြီးထွားနှုန်းအတွက် နမူနာယူ တိုင်းတာခြင်းအား ၁၅ ရက်လျှင် ၁ ကြိမ် ဆောင်ရွက်ပေးရမည်ဖြစ်သည်။ ၆ လက်မ အရွယ်သို့ရောက်ရှိသော ကျောက်ငါးသားပေါက်များအား အလယ်အလတ်အရွယ် မွေးမြူရေးလှောင်အိမ်(Transition net cage) သို့ ရွှေ့ပြောင်းပေးရမည် ဖြစ်ပါသည်။ 

၂။ အလယ်အလတ် မွေးမြူရေးလှောင်ကန်(Transition net cage)

 အလယ်အလတ် မွေးမြူရေးလှောင်ကန်တွင် ငါးထည့်သွင်းနှုန်းမှာ ၃ ပေပတ်လည်တွင် ငါး ၄၄ ကောင်နှုန်းဖြင့် မွေးမြူရမည်ဖြစ်ပါသည်။မွေးကာလ ၂ လမှ ၃ လအကြာတွင် ထုတ်လုပ်ရေးလှောင်ကန်သို့ ပြောင်းရွှေ့မွေးမြူပေးရမည် ဖြစ်ပါသည်။ 

၃။ ထုတ်လုပ်ရေးလှောင်ကန် (Production net cage)

ထုတ်လုပ်ရေးလှောင်ကန်တွင် ကျောက်ငါးများအား စျေးကွက်ဝင်အရွယ်ထိ ဆက်လက်မွေးမြူရမည် ဖြစ်ပါသည်။

အစာကျွေးနှုန်း

ကျောက်ငါးသားပေါက်များအား ၎င်းတို့၏ စုစုပေါင်းအလေးချိန်၏ ၁၀ ရာခိုင်နှုန်းရှိသော အစာပမာဏအား နေ့စဥ် တစ်နေ့လျှင် ၁ ကြိမ်(သို့မဟုတ်) ၂ ကြိမ် ကျွေးမွေးပေးရမည် ဖြစ်ပါသည်။ ကျွေးမွေးရာတွင် ဒီရေအတက်အကျပေါ်မူတည် ပြီး ရေစီးမသန်သော အချိန်များတွင် ကျွေးမွေးပေးခြင်းဖြင့် အစာများ ရေစီးတွင်မျောပါ၍ လေလွင့်ဆုံးရှုံးခြင်း အနည်းဆုံးသို့ လျှော့ချနိုင်ပါသည်။

(၆)ကျပ်သားအရွယ် ကျောက်ငါးများအား ၄င်းတို့၏ စုစုပေါင်းအလေးချိန်၏ ၈ ရာခိုင်နှုန်းအားလည်းကောင်း၊ ၁၈ ကျပ်သားအရွယ်ကျောက်ငါးများအား စုစုပေါင်းအလေးချိန်၏ ၅ ရာခိုင်နှုန်းအားလည်းကောင်း လျှော့ချကျွေးမွေးသွားရမည် ဖြစ်ပါသည် ။ (၃၀)ကျပ်သားအရွယ်အထက် ကျောက်ငါးများအား ၄င်းတို့၏ စုစုပေါင်းကိုယ်အလေးချိန်၏ ၃ ရာခိုင်နှုန်းအား နေ့စဥ်ကျွေးမွေးပေးရမည် ဖြစ်ပါသည်။ 

ကျောက်ငါးအား လှောင်အိမ်စနစ်ဖြင့် မွေးမြူရာတွင် အစာမှ အသားဖြစ်မှုအချိုး (FCR)မှာ ၄.၅း ၁ ဖြစ်ပါသည်။ ဆိုလိုသည်မှာ ကျောက်ငါး ၁ ပိဿာရရှိရန်အတွက် အစာပမာဏ ၄.၅ ပိဿာ ကုန်ကျမည်ဖြစ်ပါသည်။

ကြီးထွားမှုနှုန်းထား

အထက်ပါနည်းစနစ်အတိုင်း ကျောက်ငါးများအား လှောင်အိမ်စနစ်ဖြင့် မွေးမြူပါက မွေးကာလ ၆ လမှ ၈ လ အကြာတွင် စျေးကွက်ဝင်အရွယ်အစားဖြစ်သော ကျောက်ငါးတစ်ကောင်ချင်းအလေးချိန် ၂၅ ကျပ်သား မှ ၃၅ ကျပ်သားအရွယ်သို့ ရောက်ရှိလာမည်ဖြစ်ပါသည်။

Ref: ငါးလုပ်ငန်းသင်တန်းကျောင်းမှပို့ချသော ငါးမွေးမြူရေး နည်းစနစ်များ။

(ကျောက်ငါးမွေးမြူနည်း အပိုင်း-၁ ကို ဒီလင့် https://www.greenwaymyanmar.com/posts/Grouper_Fish_Farming မှာ ဖတ်ရှုနိုင်ပါတယ်)

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်