အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ (၅၂) အဆင့်မြင့်စိုက်ပျိုးရေးပညာနှင့် သုတေသန

05/12/2022 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – 52  Higher Agricultural Education and Research 

ကမ္ဘာကြီးတစ်ခုလုံး ကိုဗစ်ကာလတွင် ကျောင်းသား၊ ကျောင်းသူများ အပါအဝင် မိသားစုလိုက် အိမ်တွင်နေကြရပါသည်။ တချို့နိုင်ငံများတွင် ကျောင်းအများစု ပြန်ဖွင့်နေပြီဖြစ်သော်လည်း တချို့ နိုင်ငံများကလည်း Online Learning  (အင်တာနက်မှ/အဝေးမှ သင်ကြားပေးသောစနစ်)ကို အစားထိုးလာကြပါသည်။

တစ်ချို့က နှစ်မျိုးသင်နည်းစနစ် (Blended Learning)၊ လူချင်းတွေ့ဆုံသင်ကြားခြင်း (Face-to-Face learning)၊ တနည်း ပုံမှန်သင်ကြားနည်း (Traditional System) နှင့် အဝေးမှ သင်ကြားပေးသောနည်းစနစ် တနည်း အိမ်မှာနေ၍ သင်ကြားနည်း (Remote Learning/Learning from Home) တို့ကို ပူးတွဲလုပ်ဆောင်လာကြပါသည်။ 

ကျွန်တော်တို့ မြန်မာနိုင်ငံအတွက်လည်း စိုက်ပျိုးရေး၊ မွေးမြူရေး အပါအဝင် အခြေခံ အသက်မွေး ဝမ်းကျောင်း ပညာသင်ကျောင်း (Vocational Education Institutions)  နှင့် အဆင့်မြင့် (တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံ) ပညာရေးကျောင်း (Tertiary/Higher Education Institutions) များ ပြန်လည် ဖွင့်လှစ်လာပြီဖြစ်၍ ပုံမှန် သင်တန်းများအပြင် ဆရာ၊ ဆရာမက အဝေးမှနေ၍ သင်ကြားပေးမည့် အစီအစဉ်များ ပြင်ဆင်ရပါတော့မည်။ ထို့အတွက် ဆရာ၊ ဆရာမများ ကွန်ပျူတာနှင့် ပတ်သက်သော ကျွမ်းကျင်မှု (Digital Literacy) နှင့် ကွန်ပျူတာနှင့် ဆက်စပ်နေသော သတင်းအချက်အလက်နည်းပညာ (Information and Communication Technologies – ICT) ကျွမ်းကျင်မှုများ ရှိနေရပါတော့မည်။

ပြီးလျှင် လိုအပ်သော ကွန်ပျူတာစက်ပိုင်းဆိုင်ရာ ပစ္စည်းကိရိယာများ (Hardware)၊  ရုံးသုံး ကွန်ပျူတာ (Desktop)၊ ဘက်ထရီသုံး လက်ဆွဲကွန်ပျူတာ (Laptop) ၊ ခေတ်မီတယ်လီဖုန်း (Smart Phone) များ ဝယ်ယူ၊ သုံးစွဲနည်းများပါ သင်ကြား၊ သင်ယူရပါတော့မည်။ ကွန်ပျူတာညွှန်ကြားချက်၊ ကွန်ပျူတာသုံးစကားလုံးများ (Software) များကိုလည်း တတ်ကျွမ်းအောင် ပြုလုပ်ရပါတော့မည်။ သတင်းအချက်အလက်နည်းပညာ (Information Technology) နှင့်အတူ ကိန်းဂဏန်းအခြေပြု သင်ကြားနည်း၊ သင်ယူနည်းပညာ (Digital Pedagogy) များပါ တစ်ပြိုင်နက် လေ့လာရပါတော့မည်။

ဖွံ့ဖြိုးပြီး နိုင်ငံများ (Developed Countries) နှင့်မတူသည့်အချက်က ကျွန်တော်တို့နိုင်ငံအပါအဝင်ဖွင့်ဖြိုးဆဲနိုင်ငံများတွင် ‘ကျောင်းသား၊ ကျောင်းသူများအားလုံး လိုအပ်သော ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူနိုင်ကြပါမည်လား’ စသည်ဖြင့် စဉ်းစားတွေးတောစရာ ဖြစ်ပါသည်။

အဆင့်မြင့်ပညာရေးတွင် လက်ရှိရှိနေသော အဝေးသင်တက္ကသိုလ် ပညာရေး (Distance Higher Education) ကို လက်တွေ့ ကျသော၊ အကျိုးရှိသော၊ အသုံးချဘာသာရပ်များဖြင့် ဖြည်းဖြည်းချင်း အစားထိုး ပြုပြင်ပေးရပါမည်။ စိုက်ပျိုးမွေးမြူရေးနှင့်ပတ်သက်၍ အဝေးသင်ပညာရေး (Distance Education in Agriculture) မှ လက်မှတ်ရ (Certificates)၊ ဒီပလိုမာ (Diploma)၊ ဘွဲ့ဒီဂရီ (Degree) အထိပေးနေသည့် အမေရိကန်နိုင်ငံ (USA)၊ ယူကေ (UK)၊ အိန္ဒိယနိုင်ငံများ၏ သင်ရိုးညွှန်းတမ်း (Curriculum) များကို လေ့လာရပါတော့မည်။

အိန္ဒိယနိုင်ငံတွင် အဝေးရောက်စိုက်ပျိုးရေး ဒီပလိုမာလက်မှတ် (Diploma in Agriculture Distance Education) ပေးနေသော အစိုးရနှင့် ပုဂ္ဂလိက ကောလိပ်များမှာ အလာဟာဘတ်စိုက်ပျိုးရေးသိပ္ပံ (Alahabad Agriculture Institute)၊ ကာနာတာကပြည်နယ် အဝေးသင်တက္ကသိုလ် (Kanataka State Open University)၊ နိုင်ငံတော်အဆင့် အမျိုးသား စိုက်ပျိုးရေးသိပ္ပံ  (National Institute of Agriculture) စသည်တို့ဖြစ်ပါသည်။ ကျောင်းလခမှာ လက်မှတ်ရ (အမေရိကန်ဒေါ်လာ ၆၀) ခန့်မှ ဒီပလိုမာ (အမေရိကန်ဒေါ်လာ ၃၀၀-ခန့်) အထိရှိပါသည်။

လက်မှတ်ရသင်တန်းများမှာ မှိုစိုက်ပျိုးနည်း (Mushroom Cultivation)၊ ဩဂဲနစ် စိုက်ပျိုးရေးစနစ်များ (Organic farming)၊ ပျိုးထောင်နည်း အမျိုးမျိုး (Nursery Techniques)၊ မြေယာရှုခင်းနှင့်ဥယျာဉ်ခြံအလှပြုပြင်ခြင်း (Landscaping and Ornamental gardening)၊ လက်ဖက်စိုက်ပျိုးခြင်း (Tea Cultivation) စသည့် သင်တန်းများဖြစ်ပါသည်။

 

ပုံ ၁ -  ကာနာတာကားပြည်နယ်အဝေးသင်တက္ကသိုလ်

ဗြိတိန်နိုင်ငံမှ မြန်မာနိုင်ငံသို့ အကူအညီပေးနေသော အဝေးသင်ပညာရေးကို ဆန်းသစ်မှုများစွာဖြင့် ပြောင်းလဲပေးခြင်းစီမံကိန်း (Transformation by Innovation in Distance Education-TIDE project) အရလည်း ဗြိတိန်နိုင်ငံတွင် အခြေပြု၍ ကမ္ဘာတစ်ဝန်းအောင်မြင်ကျော်ကြားလျက်ရှိသော Open University မှ ပါမောက္ခများ၊ ပညာရှင်များကိုယ်တိုင်ဦးစီး၍ အလုပ်လုပ်ရင်း၊ အိမ်မှာနေရင်း စာသင်ပေးသော နည်းစနစ်ကို ကိုဗစ်ကာလနှင့်အတူ ဖြတ်ကျော်လေ့ကျင့်၊ သုတေသနပြု ဆောင် ရွက်လျက်ရှိနေပါသည်။ (Online) အဝေးမှ သင်ကြားပေးနေရင်း ကျွန်တော်တို့နိုင်ငံတွင် အရိုးစွဲနေသော အလွတ်ကျက်စနစ် (Memorizing/Learning by heart/Rote Learning) မှ အတွေးအခေါ် အခြေပြုပညာရေး (Innovative Education)၊ တီထွင်ဆန်းသစ်သော ပညာရေးစနစ်သို့ ပြောင်းလဲ ပြုပြင်ရပါမည်။

 

ပုံ (၂) - အဝေးသင်တက္ကသိုလ်၊ ယူကေ

ကမ္ဘာ့ဘဏ်နှင့် (UNESCO) ကမ္ဘာ့ကုလသမဂ္ဂပညာရေးနှင့် ယဉ်ကျေးမှုအဖွဲ့တို့ ပူးပေါင်းမှတ်တမ်း ပြုထားသော ၂၀၂၀ ပြည့်နှစ် မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှနိုင်ငံများနှင့် နိုင်ငံအချို့၏ ဘာသာရပ်အလိုက် ဘွဲ့ရဦးရေရာခိုင်နှုန်းကို အောက်ပါဇယားတွင် တွေ့မြင်နိုင်ပါသည်။

မြန်မာနိုင်ငံ၏ ၂၀၁၈ ခုနှစ် စာရင်းဇယားများအရ ဝိဇ္ဇာပညာနှင့် လူမှုရေးဘွဲ့ရ ရာခိုင်နှုန်း ၄၅.၇% နှင့် သဘာဝသိပ္ပံဘွဲ့ရ ရာခိုင်နှုန်း ၂၃.၆%၊ ဘာသာရပ်နှစ်ခုပေါင်း ၆၉.၃% (ဘွဲ့ရ ကျောင်းသား စုစုပေါင်း ၁၀၀ လျှင် ၇၀-ဉီးခန့်)  ဖြစ်ပြီး နိုင်ငံအားလုံးတွင် ဘွဲ့ရဦးရေအများဆုံး ဖြစ်နေသည်ကို ထူးခြားစွာ တွေ့မြင်နေရပါသည်။ သင်ခဲ့သောဘာသာရပ် (Graduate Subjects or Disciplines) နှင့် ဘာသာရပ်ဆိုင်ရာ အလုပ်အကိုင် လိုအပ်မှု (Employability) လွဲချော်နေမှု (Mismatching) ဖြစ်နေသည်ကို တွေ့ရှိနိုင်ပါသည်။ 

ယခုကိုဗစ်ကာလအတွင်း လိုအပ်သော ဆရာဝန်များ (ဆေး၊ သွားဘက်ဆိုင်ရာ)၊  ဆေးဝါးကျွမ်း ကျင်သူ၊ သူနာပြု၊ လူထုကျန်းမာရေးပညာရှင်များပါရှိသည့် ဆေးတက္ကသိုလ်များနှင့် ဆေးပညာ နှီးနွှယ်တက္ကသိုလ်များမှ မွေးထုတ်ပေးလိုက်သော ကျန်းမာရေးဘွဲ့ရ ရာခိုင်နှုန်းမှာ ကျွန်တော်တို့မြန်မာနိုင်ငံတွင် ၂.၃ (တစ်နည်းအားဖြင့် ဘွဲ့ရဦးရေ ၁၀၀ တွင်မှ ကျန်းမာရေးပညာရှင်နှစ်ဦးသာ မွေးထုတ်ပေးနိုင်ပြီး လာအိုနှင့် ထိုင်းနိုင်ငံတွင် (၅) ဦး၊ ဗီယက်နမ်တွင် (၆) ဦး၊ မလေးရှားနှင့် ဖိလစ်ပိုင်တို့တွင် (၇) ဦး၊ စင်္ကာပူတွင် (၉) ဦး၊ ပြင်သစ်တွင် (၁၅) ဦး၊ နော်ဝေတွင် (၁၉) ဦး၊ ဖင်လန်တွင် (၂၁) ဦးအထိ မွေးထုတ်ပေးနေသည်ကို တွေ့ရှိနိုင်ပါသည်။

ကျွန်တော်တို့နိုင်ငံတွင် လိုအပ်နေသော ဘာသာရပ်ဆိုင်ရာပညာများကို နှစ်အလိုက်ဘွဲ့ရများ စနစ် တကျ တိုးတက်သင်ကြားမွေးထုတ်ပေးနိုင်ရန် အရေးတကြီးလိုအပ်ပါပြီ။ ဖိလစ်ပိုင်နိုင်ငံအနေဖြင့် ကျွမ်းကျင်သော သူနာပြုများ များစွာမွေးထုတ်ပေးကာ တကမ္ဘာလုံးအနှံ့ အလုပ်လုပ်၍ တိုင်းပြည်ဝင်ငွေ ရှာနေကြသည်မှာ အလွန်အားကျ အတုယူစရာ ကောင်းလှပါသည်။ 

ထို့အတူ ကိုဗစ်နှင့် ကိုဗစ်အလွန်ကာလအတွက် အဆင့်မြင့်ပညာသင်ကြားပေးနေသော တက္ကသိုလ်၊ ကောလိပ်၊ သိပ္ပံများမှ သုတေသနများမှာလည်း ဤဗိုင်းရပ်စ်ကာကွယ်ဆေး (Vaccine)၊ ကုသဆေး (Medicine)၊ ကျန်းမာရေးအရ စနစ်တကျ နေထိုင်ပုံနည်းစနစ်များ (e.g. Social Distancing) စသည်တို့ကို ဆေးနှင့်နှီးနွှယ် တက္ကသိုလ်များတွင်သာမက ဥပမာ - ဓာတုဗေဒ၊ ဆေးဝါးဗေဒ၊ စိတ်ပညာ၊ လူမှုရေးသိပ္ပံ၊ စီးပွားရေး၊ ဥပဒေ ဘာသာရပ်များကပါ ပူးပေါင်းသုတေသနပြုသင့်သည်ဟု အကြံပြုလိုပါသည်။ အင်ဂျင်နီယာနှင့် ကွန်ပျူတာတက္ကသိုလ်များက တီထွင်ထုတ်လုပ်သည့် ဆေးဖြန်း ရိုဘော့စက်ရုပ်များကို ဆေးရုံများသို့ ပေးပို့လှူဒါန်းနေသည်ကိုလည်း ကြည်နူးအားရဖွယ် တွေ့မြင်နေရပါသည်။ ထိုစက်ရုပ်များ၊ ပိုးသတ်အခန်းများ လက်တွေ့ကျမကျ ဆက်လက် သုတေသနပြုရန် လိုအပ်မည် ထင်ပါသည်။ 

ဆေးရုံ၊ ဆေးခန်းမလာနိုင်သော ပုံမှန်ချောင်းဆိုး၊ ကိုယ်ပူဖျားနာ၊ အသက်ရှူခက်ခဲလူနာများအတွက် ကုသပေးလျက်ရှိသော တိုင်းရင်းဆေးဝါးများ (Traditional Medicines) နှင့် တိုင်းရင်းဆေးဝါးအပင် (Medicinal Plants) သုတေသနများကိုလည်း တိုင်းရင်းဆေးဝါးတက္ကသိုလ်၊ စိုက်ပျိုး ရေးတက္ကသိုလ်၊ သစ်တောတက္ကသိုလ်၊ ဝိဇ္ဇာသိပ္ပံတက္ကသိုလ်ရှိ ရုက္ခဗေဒ၊ ဓာတုဗေဒဌာနများမှ စုပေါင်းစီမံချက်ဆွဲပြီး သုတေသနပြုလုပ်နိုင်ပါက အလွန်ကောင်းမွန်မည် ဖြစ်ပါသည်။ ဥပမာ လက်ဖက်ရည်ကြမ်း သောက်ပေးခြင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း(ဂျင်း) စားသုံးခြင်း၊ နေပူစာ လှုံခြင်း စသည်တို့ကိုလည်း စနစ်တကျ သိပ္ပံနည်းကျ သုတေသနပြုထားမည်ဆိုပါက ကျွန်တော်တို့နိုင်ငံ တစ်မျိုးသားလုံးညီညွတ်မှုဖြင့် COVID-19 ရောဂါကို ကာကွယ် တိုက်ထုတ်နိုင်ပါသည်။ 

မြန်မာနိုင်ငံတွင် ၂၀၁၇ ခုနှစ်၌ ရရှိသော အချက်အလက်များအရ နိုင်ငံတော်ဘတ်ဂျက် သုတေသနအသုံးပြုငွေ (Research Expense) စုစုပေါင်းမှ  - ၃၂.၈ % သည် သိပ္ပံ၊ နည်းပညာများ STEM (ပညာရေး)၊ ၃၂.၆% သည် စိုက်ပျိုးမွေးမြူရေး၊ ၃၀.၀ %   သည် ကျန်းမာရေး၊ ၄.၂% သည် သဘာဝသိပ္ပံ (Natural Science)၊ ၀.၃၈% သည် လူမှုရေးသိပ္ပံ (Social Science) သုံးစွဲသည်ဟူ၍ တွေ့ရှိရပါသည်။

ဇယား ၁ - သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး အသုံးစရိတ်အများဆုံးနိုင်ငံအချို့ (၂၀၁၉-၂၀၂၁)

 

ကျွန်တော်တို့နိုင်ငံလည်း အခြားနိုင်ငံများနည်းတူ စိုက်ပျိုး၊ မွေးမြူရေးသုတေသနအပါအဝင် ပညာ ရေးနှင့် သုတေသနအသုံးစရိတ်ကို စုစုပေါင်းအမျိုးသားထုတ်ကုန် (Gross Domestic Product - GDP) အလိုက် ရာခိုင်နှုန်းအချိုးကျတိုးမြှင့်သုံးစွဲလာပါက အမြန်ဆုံးတိုးတက် ဖွံ့ဖြိုးလာမည်မှာ မလွဲ ဧကန်ဖြစ်ပါသည်။

ဒေါက်တာမျိုးကြွယ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်