နိုင်ငံတကာစိုက်ပျိုးမွေးမြူရေးဆိုင်ရာတက္ကသိုလ်များ (အပိုင်း-၁)

12/12/2022 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ (၅၃) 

Basic Agricultural Science – 53  International Agricultural Universities or Universities, which offer Agriculture (Part 1) 

နိုင်ငံတကာတက္ကသိုလ်များတွင် အဆင့်မြင့်စိုက်ပျိုးမွေးမြူရေးပညာ သင်ကြား သုတေသနပြုနေပုံများကို ဗဟုသုတအဖြစ် ရေးသားဆွေးနွေးသွားပါမည်။

(က) ကွင်းစလန်တက္ကသိုလ်၊ ဩစတေလျှနိုင်ငံ (The University of Queensland, Australia)

ကွင်းစလန်တက္ကသိုလ်သည် ၁၉၁၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ကျွန်တော် ၁၉၈၇ မှ ၁၉၈၉ ခုနှစ်အထိ မဟာစိုက်ပျိုးရေးသိပ္ပံပညာ၊ အပူပိုင်းဒေသသီးနှံသိပ္ပံ - အထူးပြု (M.Agr.Sc. – Tropical Crop Science) ပညာဆည်းပူးခဲ့ရသောတက္ကသိုလ် ဖြစ်ပါသည်။

ကွင်းစလန်ပြည်နယ်၊ ဘရစ်စဘိန်းမြို့ (Brisbane, Queensland State) တွင်ရှိ၍ နယ်မြေ (Campus) များစွာရှိပြီး မူလတက္ကသိုလ်ကြီးကတော့ စိန့်လူးရှားနယ်မြေ (St. Lucia Campus) တွင် ရှိပါသည်။ တက္ကသိုလ်ကြီးမှာ ကျွန်တော်တို့နိုင်ငံ ၁၉၆၂ ခုနှစ်မတိုင်ခင်က ရန်ကုန်တက္ကသိုလ်ကြီး (The University of Yangon) ကဲ့သို့ ဘာသာရပ်ပေါင်းစုံ သင်ကြားပေးနေသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နိုင်ငံတကာအသိအမှတ်ပြု တက္ကသိုလ်ကြီး (Autonomous, Comprehensive University with Good Reputation) ဖြစ်ပါသည်။ 

အဓိကနယ်မြေ ၃ ခု (စိန့်လူးရှားနယ်မြေ၊ ဂတ်တန်နယ်မြေ၊ ဟားစတန်နယ်မြေ) ယခင် - အစ်စဝတ်ရှ်နယ်မြေ (၂၀၁၄ ခုနှစ်တွင် ကွင်းစလန်တောင်ပိုင်းတက္ကသိုလ်သို့ ရောင်းချလိုက်)  St. Lucia Campus, Gatton Campus, Herston Campus, Former Ipswich Campus, which was sold to USQ in 2014) ရှိပြီး စုစုပေါင်းဧရိယာ ၁၆၇၀ ဟက်တာ (ဧက ၄၀၀၀ ကျော်) ရှိပါသည်။ စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၂.၃၈ ဘီလီယံ(US$ 2.38 Billion) နှင့် သုတေသန အသုံး စရိတ် ဒေါ်လာ ၄၇၅ မီလီယံ (475 Million$) ရှိပါသည်။ 

ရန်ကုန်တက္ကသိုလ်ကတော့ ၁၉၆၄ ခုနှစ်နောက်ပိုင်း မဟာဌာနများစွာ (Faculties) သီးခြားခွဲထွက်လျက် ရန်ကုန်ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် (Rangoon Arts and Science University - RASU)(နောက်တော့ ရန်ကုန်တက္ကသိုလ် ပြန်ဖြစ်) ဖြစ်လာပါသည်။ သို့သော် ၁၉၆၂ ခုနှစ်မတိုင်မီ တက္ကသိုလ်ကိုတော့ မမီတော့ပါ။ 

ပုံ (၁) - ကွင်းစလန်တက္ကသိုလ်၊ ဩစတေလျှနိုင်ငံ

ကျွန်တော်တို့ကျောင်းတက်စဉ် ၁၉၈၇ ခုနှစ်လောက်တုန်းကတော့ စိုက်ပျိုးမွေးမြူရေးပညာ မဟာဌာန (Faculty of Agricultural Science) ရှိပါသည်။ အဲဒီအောက်မှာပဲ စိုက်ပျိုးရေးတက္ကသိုလ်၊ ကိမိလဗေဒဌာနက ဆရာကြီး ဒေါက်တာမြင့်သောင်း၊ ဦးရန်လင်း၊ ဒေါက်တာအောင်ကြည်၊ ဒေါ်ဝင်း ဝင်းမြင့်တို့ တက်ရောက်ခဲ့သည့် ကိမိလဗေဒဌာန (Department of Entomology)  အကြီးကြီးရှိပါသည်။

ယခုတော့ အဲဒီဌာနလည်း သတ္တဗေဒဌာနနှင့်ပေါင်းသွားပြီး ကျွန်တော်တို့ စိုက်ပျိုးရေးမဟာဌာနကတော့ သိပ္ပံမဟာဌာန (Faculty of Science) အောက်မှာ စိုက်ပျိုးရေးနှင့် အစားအသောက်ဆိုင်ရာ အဆင့်မြင့်ကျောင်း (School of Agriculture and Food) ဖြစ်သွားပါပြီ။ ဗဟိုဦးစီးစနစ် (Centralized-Control System) မဟုတ်ဘဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ စီမံခန့်ခွဲခွင့်ရတက္ကသိုလ် (Autonomous University) ဖြစ်၍ ခေတ်၊ စနစ်လိုအပ်ချက်အရ နှစ်စဉ်နှစ်တိုင်း မလိုသည့်ဘာသာများဖြုတ်၊ ပေါင်းသင့်တာပေါင်း၊ လိုအပ်သည့်ဘာသာများ အသစ်ထည့် လိုတိုး၊ ပိုလျှော့ လုပ်ဆောင်ခြင်း ဖြစ်ပါသည်။ ယခင်က  ဂက်တန်စိုက်ပျိုးရေးကောလိပ် (Gatton Agriculture College - ကျွန်တော်တို့ဆီက ပျဉ်းမနား စိုက်ပျိုးရေးသိပ္ပံကဲ့သို့ပါ) က သီးခြားဖြစ်ပြီး ယခုတော့ ကွင်းစလန်တက္ကသိုလ်၏ ဂက်တန်နယ်မြေ (Gatton Campus) ဖြစ်သွားပြီး စိုက်ပျိုးမွေးမြူရေးပညာ (Agriculture)၊ တိရစ္ဆာန်ကုသရေးပညာ (Veterinary Science) များ ဘွဲ့လွန်၊ ဘွဲ့ကြို သင်ကြားပေးရာ နယ်မြေဖြစ်သွားပါပြီ။

 

ပုံ (၂) - မူလအဆောက်အဦ၊ ဂက်တန်နယ်မြေ

ကျွန်တော်တို့ခေတ်တုန်းက ကျွန်တော် မဟာသိပ္ပံသုတေသနအတွက် မြေပဲစိုက်ပျိုးခဲ့ရာ မြေနီပင်လယ်အော်သုတေသနစိုက်ကွင်း (Red Land Bay Research Station)၊ စားကျက်သီးနှံပင်များ သုတေသနလုပ်ရာ ဝါပင်များတောင် သုတေသနစိုက်ကွင်း (Mt. Cotton Research Station) တို့မှာ မလိုအပ်တော့သဖြင့် တက္ကသိုလ်ရန်ပုံငွေအတွက် ရောင်းပစ်လိုက်ပြီဟု ကျွန်တော် ၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ် ဩစတေလျှအပြည်ပြည်ဆိုင်ရာ သုတေသနစီမံကိန်း (Australian Centre for International Agricultural Research – ACIAR Project) နှင့် ကွင်းစလန်တက္ကသိုလ်၊ နှစ်ပတ်လည် နေ့ (The University of Queensland Anniversary) များသို့ ဖိတ်ကြားခံရသဖြင့် သွားရောက်ခဲ့ရာတွင် သိရှိခဲ့ရပါသည်။ 

၁၉၈၅-၁၉၈၈ ခုနှစ်များက နိုင်ငံတကာကျောင်းသားများအတွက် စိုက်ပျိုးမွေးမြူရေးဆိုင်ရာ ဘွဲ့လွန် ပညာ သင်တန်းများ ခေါ်ယူခဲ့ရာတွင်..

  • (က) အပူပိုင်းဆိုင်ရာ လယ်ယာသီးနှံသိပ္ပံ (Tropical Crop Science) ကျွန်တော်တက်ရောက်ခွင့် ရခဲ့ပါသည်၊
  • (ခ) အပူပိုင်းဆိုင်ရာ စားကျက်သီးနှံသိပ္ပံ (Tropical Pasture Science) ယခင်စိုက်ပျိုးမွေးမြူရေး ကော်ပိုရေးရှင်းက ဦးစိုးနိုင်၊ ဦးကိုကိုတို့ တက်ရောက်ခဲ့သည်ဟု သိရပါသည်၊
  • (ဂ) အပူပိုင်းဆိုင်ရာ ဥယျာဉ်ခြံသီးနှံသိပ္ပံ (Tropical Horticultural Science) မြန်မာနိုင်ငံမှ ဘယ်သူမျှမတက်ရောက်ခဲ့ရပါ (ကျွန်တော်မသိတာလည်းဖြစ်နိုင်ပါသည်)၊
  • (ဃ) အပူပိုင်းဆိုင်ရာ တိရစ္ဆာန်မွေးမြူထုတ်လုပ်ရေးပညာ (Tropical Animal Production) ဘယ်သူမျှ မတက်ရောက်ခဲ့ရပါ၊ ဖိလစ်ပိုင်နိုင်ငံမှသူငယ်ချင်းများစွာ တက်ရောက်ခဲ့ပါသည်၊
  • (င) စိုက်ပျိုးစီးပွားရေးပညာ (Agricultural Economics) ကျွန်တော်တို့တက္ကသိုလ်တွင် တက်ရောက်ခဲ့သူ မရှိပါ၊ အာမီဒေးလ်မြို့ နယူးအင်္ဂလန်တက္ကသိုလ် (The University of New England, Armidale) တွင်တော့ ဦးဘွန်သိန်း၊ ဒေါ်ချိုချိုဝင်း၊ ဒေါက်တာဒေါ်လီကျော်တို့ တက်ရောက်ခဲ့ပါသည်၊ အားလုံးအငြိမ်းစား ယူကုန်ကြပါပြီ၊ ဆစ်ဒနီတက္ကသိုလ် (Sydney University) တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ်မှ ဒေါက်တာတင်စိုး စိုက်ပျိုးစီးပွားရေးပညာ ပါရဂူဘွဲ့ ရခဲ့ပါသည်၊ ယခုတော့ဆရာကွယ်လွန်သွားပြီဟု ကြားသိရပါသည်၊ 
  • (စ) မြေဆီလွှာသိပ္ပံ (Soil Science)၊ ဆရာကြီးဦးညွန့်ရွှေ တက်ရောက်ဘွဲ့ရခဲ့ပါသည်။
  • (ဆ) စိုက်ပျိုးရေးဆိုင်ရာကိမိလဗေဒ (Agricultural Entomology) ဆရာကြီး ဒေါက်တာမြင့်သောင်း၊ ဦးခင်မောင်သန်း၊ ဦးရန်လင်း ဒေါက်တာအောင်ကြည်၊ ဒေါ်ဝင်းဝင်းမြင့်တို့ တက်ရောက်ဘွဲ့ရခဲ့ပါသည်။
  • (ဈ) စိုက်ပျိုးပညာပေးရေး (Agricultural Extension) ဒေါက်တာဒေါ်ခင်ဦး တက်ရောက်ဘွဲ့ရခဲ့ပါသည်။
  • (ည) သဘာဝအရင်းအမြစ်များ စီမံထိန်းသိမ်းရေး (Natural Resources management) ဘယ်သူမျှ မတက်ရောက်ခဲ့ရပါ၊
  • (ဋ) အပင်မျိုးစပ်မွေးမြူရေး (Plant Breeding) ဘယ်သူမျှ မတက်ရောက်ခဲ့ရပါ၊
  • (ဌ) ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံကွပ်ကဲရေး  (Rural Development, Administration and Management) ဘယ်သူမျှ မတက်ရောက်ခဲ့ရပါ၊

ကျွန်တော်တို့နိုင်ငံမှာ ထိုစဉ်က ကိုလံဘိုစီမံကိန်း (Colombo Plan) အရ ဩစတေလျှနိုင်ငံ အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (Australian International Development Assistance Bureau - AIDAB) က ကူညီမှုဖြင့် စိုက်ပျိုး၊ မွေးမြူရေးနှင့် သစ်တောအပါအဝင် အင်ဂျင်နီယာ စီးပွားရေး၊ ဝိဇ္ဇာ၊ သိပ္ပံ ဘာသာရပ်များ အပါအဝင်မှ တနှစ်လျှင် ၁၀ ဦး မှ ၂၀ ဦးခန့်သာ ပညာတော်သင် ရရှိပါသည်။ အများစုကတော့ မြန်မာနိုင်ငံတက္ကသိုလ်အသီးသီးရှိ ဆရာ၊ ဆရာမများပေါ့။ 

ထိုအချိန်တွင် ကျွန်တော်တို့ အိမ်နီးချင်းနိုင်ငံများဖြစ်သော ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ဗီယက် နမ် စသည့်နိုင်ငံများက ကိုလံဘို စီမံကိန်းအပါအဝင် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ် စသည့် စီမံကိန်းများစွာဖြင့် တနှစ်လျှင် ဦးရေ ၁၀၀-၂၀၀ ခန့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်မှု (Human Resource Development - HRD) အတွက် ဩစတေလျှ (Australia)၊ အမေရိက (US)၊ ယူကေ (UK)၊ ဥရောပ (Europe)၊   ဂျပန် (Japan)၊ ကိုရီးယား (Korea) စသည့်နိုင်ငံများသို့ အပြိုင်အဆိုင် စေလွှတ်နေကြရာ နှစ်တိုင်း ၁၀ ဆမှ အဆ ၂၀ စသည်ဖြင့် ကွာချင်တိုင်း ကွာသွားပါတော့သည်။ ကျွန်တော်တို့နိုင်ငံမှာလည်း’ ရှင်နည်းရာ အဂ္ဂလူထွက်’ ဆိုသလို ၁၉၈၈ အရေးအခင်းဖြစ်လိုက်ရာ ထိုစဉ်က အပြည်ပြည်ဆိုင်ရာ အကူအညီပေးမှုတွေ ရပ်သွားပါတော့သည်။ 

ထိုစဉ်က တရုတ်နိုင်ငံ (China) မှ သူငယ်ချင်းများနှင့်တွေ့ရာ သူတို့နိုင်ငံ နိုင်ငံခြားပညာသင် မူဝါဒ (Foreign Study Policy) အရ ကျောင်းသားပေါင်းများစွာ (ရာ၊ ထောင်ချီ၍) ကို နိုင်ငံတော် ဘဏ္ဍာငွေ ပညာတော်သင်ဆု (State Scholarships) ဖြင့် ၃ လစာ ပေးလွှတ်လိုက်ပြီး ပညာဆုံးခန်းတိုင်အောင်တော့ ကို့ယ်အားကိုယ်ကိုးစနစ်ဖြင့် လုပ်ဆောင်ဟု ညွှန်ကြားလိုက်ကြောင်း နားထောင်မိပါသည်။ ဘွဲ့ရပြီး မိမိနိုင်ငံ မပြန်တဲ့သူကလည်း အနည်းဆုံး မိမိဆွေမျိုးသားချင်း၊ အိမ်ထောင်သို့ ငွေပြန်ပို့ကြရာ တနည်းအားဖြင့် နိုင်ငံခြားဝင်ငွေ (Foreign Exchange – FE) များစွာ ရရှိသွားပါတော့သည်။

ထိုစဉ်က ကျွန်တော်တို့နှင့် အတူတူ ကျောင်းတက်ခဲ့ရသည့် ထိုင်းနိုင်ငံဆိုလျှင်လည်း ယခု ထိုင်းအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (Thailand International Development Agency - TICA) ဖွဲ့စည်းပြီး မြန်မာ၊ လာအို၊ ကမ္ဘောဒီးယားမှ ကျောင်းသားများကို ထောက်ပံ့အကူအညီပေးရာ မြန်မာ ကျောင်းသား၊ ကျောင်းသူများသည်ပင် ထိုင်းနိုင်ငံတက္ကသိုလ်များသို့ သွားရောက် ပညာဆည်းပူးနေရသည့်အဆင့်သို့ ရောက်သွားပါပြီ၊ ကျွန်တော်တို့ စိတ်ဓာတ်ကျစရာတော့မလိုပါ၊ ကြိုးစားရပါမည်။

၂၀၁၇-၁၈ ကျွန်တော် ကွင်းစလန်တက္ကသိုလ်ပြန်ရောက်တော့ စုစုပေါင်းကျောင်းသား ငါးသောင်းကျော် (၅၀၀၀၀ ကျော်) ရှိနေပြီး (ဘွဲ့လွန်ကျောင်းသား နှစ်သောင်းကျော်) မဟာဌာနပေါင်း (Faculties) ၆ ခု ရှိပြီး ပေါင်းတန်ပေါင်း၊ ဖြုတ်တန်ဖြုတ်၊ အသစ်ထပ်ထည့်တန်ထည့် စသည်ဖြင့် ပြောင်းလဲနေသည့် ခေတ်၊ စနစ်နှင့်အညီ ပြုလုပ်နေပါသည်။

ကွင်းစလန်တက္ကသိုလ်ရှိ မဟာဌာနများကတော့...

(က) ကူးသန်းရောင်းဝယ်ရေး၊ စီးပွားရေးနှင့်ဥပဒေမဟာဌာန (Faculty of Business, Economics and Law)

စိုက်ပျိုးစီးပွားရေးပညာကို အသေးစိတ်လေ့လာလိုပါက မိမိစိုက်ပျိုးရေးဘာသာများသာမက ဤမဟာဌာနမှ သက်ဆိုင်သောဘာသာရပ်များ ပူးတွဲတက်ရောက်ခွင့် အခွင့်အလမ်းလည်း ရသွား ပါသည်၊ မြန်မာနိုင်ငံတွင်မူ စိုက်ပျိုးရေးတက္ကသိုလ်ကသတ်သတ်၊ စီးပွားရေးတက္ကသိုလ်က တစ်နေရာစီ သတ်သတ်စီ ဖြစ်နေတော့ ကျောင်းသားတွေ ဘာသာရပ်အစုံ သင်ယူခွင့် (Credit Transfer with Cross-enrolment) ပြုနိုင်ပါက အလွန်ကောင်းမွန်ပါလိမ့်မည်။

(ခ) သိပ္ပံမဟာဌာန (Faculty of Science)

ဤမဟာဌာနအောက်တွင်...

(ခ-၁) စိုက်ပျိုးရေးနှင့်အစားအသောက်သိပ္ပံအဆင့်မြင့်ကျောင်း (School of Agriculture and Food Sciences)

ကျွန်တော်တို့တုန်းက အစားအသောက်သိပ္ပံ (Food Science) ဘာသာရပ် မရှိသေးပါ၊ ယခုခေတ်တွင်တော့ သူကအရေးပါလာပါပြီ။ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင်လည်း အထူးပြုဘာသာ အဖြစ် စတင်သင်ကြားနေပါပြီ။

ကွင်းစလန်တက္ကသိုလ်၌ ယခုအချိန် ဘွဲ့ကြိုကျောင်းသား အထူးပြုဘာသာရပ်များအနေနှင့်..

  • စိုက်ပျိုးရေးဆိုင်ရာကူးသန်းရောင်းဝယ်ရေးပညာ (Agribusiness)
  • စိုက်ပျိုးမွေးမြူရေးပညာ (Agriculture)
  • အပင်သိပ္ပံ (Plant Science)
  • မြေဆီလွှာသိပ္ပံ (Soil Science)
  • မွေးမြူရေးသိပ္ပံ (Animal Science)
  • အစားအသောက်သိပ္ပံ (Food Science)
  • တောရိုင်းတိရစ္ဆာန်များဘဝဆိုင်ရာသိပ္ပံ (Wildlife Science)
  • မြင်းမွေးမြူရေး၊ အသုံးပြုမှုနှင့်ဆိုင်သောသိပ္ပံ (Equine Science)

စသည်တို့ သင်ကြားလျက် ရှိနေပါသည်။ 

တောရိုင်းတိရစ္ဆာန်များဘဝဆိုင်ရာသိပ္ပံနှင့် မြင်းမွေးမြူရေး၊ အသုံးပြုမှုနှင့်ဆိုင်သောသိပ္ပံမှာ သူတို့နိုင်ငံအတွက်အသုံးဝင်၍ အထူးပြုအနေဖြင့်ထည့်ထားခြင်းဖြစ်ပါသည်။ ကျွန်တော်တို့နိုင်ငံ အပါအဝင် စိုက်ပျိုးရေးနိုင်ငံများ ယနေ့ခေတ်လိုအပ်လျက်ရှိသော စိုက်ပျိုးရေးအင်ဂျင်နီယာဘာသာရပ် (Agricultural Engineering) ကိုတော့ ကွင်းစလန်တက္ကသိုလ်က မပေးပါ၊ ကွင်းစလန် တောင်ပိုင်းတက္ကသိုလ် (University of Southern Queensland) က ဤဘာသာရပ်နှင့် ပတ်သက်၍ နာမည်ကြီး ဖြစ်ပါသည်။ နိုင်ငံတကာ ကျောင်းသား၊ ကျောင်းသူများစွာ တက်ရောက်သင်ကြားလျက် ရှိပါသည်။

(ခ-၂) ဇီဝသိပ္ပံအဆင့်မြင့်ကျောင်း (School of Biological Sciences)

  • ကျွန်တော် တက္ကသိုလ်တွင်ရှိစဉ်က ဂျပန်ပညာရှင်က မင်းတို့နိုင်ငံမှာ ဇီဝဗေဒ (Biology) ဘာသာရပ်မရှိဘူးလား ဟူ၍ မေးပါသည်။ ကျွန်တော်က ယခင်ကရှိပါတယ်၊ ယခုတော့ ရုက္ခဗေဒ (Botany) နှင့် သတ္တဗေဒ (Zoology) ပေါင်းပြီးတော့ ဇီဝဗေဒအနေနှင့်ရှိတယ်မဟုတ်ဘူးလားဟူ၍ ပြန်ဆွေးနွေးရာ တခြားစီပဲ ဒီဘာသာအထူးပြု (Biology Specialization) တက္ကသိုလ်များမှာ ပေးသင့်ပါသည်ဟူ၍ ပြောပါသည်။ ဒီဘာသာမှနေ၍ ဆေးပညာ၊ မွေးမြူရေးပညာ၊ စိုက်ပျိုးရေး၊ သစ်တော၊ ဇီဝဓာတုဗေဒ (Biochemistry)၊ မော်လီကျူးဆိုင်ရာ ဇီဝဗေဒ (Molecular Biology) စသည်ဖြင့် အသုံးချသိပ္ပံ (Applied Sciences) ဘက်ကို ပြောင်းလဲသွားရမည် ဖြစ်ပါ၍ အလွန်အရေးပါသောဘာသာရပ်ကြီး ဖြစ်ပါသည်။

(ခ-၃) ဓာတုနှင့်မော်လီကျူးဆိုင်ရာဇီဝအဆင့်မြင့်ကျောင်း (School of Chemistry and Molecular Bio-Sciences)

(ခ-၄) မြေဆီလွှာနှင့် ပတ်ဝန်းကျင်သိပ္ပံဆိုင်ရာ အဆင့်မြင့်ကျောင်း (School of Earth and Environmental Science)

(ခ-၅) သင်္ချာနှင့်ရူပဆိုင်ရာ အဆင့်မြင့်ကျောင်း (School of mathematics and Physics)

(ခ-၆) တိရစ္ဆာန်ကုသရေးဆိုင်ရာ အဆင့်မြင့်ကျောင်း (School of Veterinary Science) တို့ ဆိုပြီး ရှိပါသည်။ 

ကွင်းစလန်တက္ကသိုလ်ရှိ နောက်ထပ် မဟာဌာနများအနေဖြင့်တော့...

(ဂ) အင်ဂျင်နီယာ၊ ဗိသုကာနှင့်ဆက်သွယ်ရေးနည်းပညာ မဟာဌာန (Faculty of Engineering, Architecture and Information Technology)

(ဃ) ကျန်းမာရေးနှင့်လူမှုကျင့်ဝတ်သိပ္ပံ မဟာဌာန (Faculty of Health and Behavioral Sciences)

(င) လူသားတို့လောကနှင့်လူမှုရေးသိပ္ပံ မဟာဌာန (Faculty of Humanity and Social Sciences) နှင့်

(စ) ဆေးဝါးပညာ မဟာဌာန (Faculty of Medicine) တို့ ဖြစ်ပါသည်။

အဆင့်မြင့်သုတေသနဌာန  (Advanced Research Institute ) ပေါင်း (၉) ခုရှိပါသည်။ ၎င်းတို့မှာ ကွင်းစလန် စိုက်ပျိုးရေးနှင့် အစားအစာ တီထွင်ဖန်တီးမှု မဟာမိတ်အုပ်စု (Queensland Alliance for Agriculture and Food Innovation)၊ လူမှုရေးသိပ္ပံဆိုင်ရာ သုတေသနဌာန (Institute for Social Science Research)၊ ဩစတေလျှ ဇီဝအင်ဂျင်နီယာနှင့်နာနိုနည်းပညာသုတေသနဌာန (Australian Institute for Bioengineering and Nano Technology)၊ မော်လီကျူးဆိုင်ရာဇီဝသိပ္ပံသုတေသနဌာန (Institute for Molecular Bio-Sciences)  တို့သည် စိုက်ပျိုးမွေးမြူရေး သင်ကြား၊ သုတေသနပြုနေသော ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ပတ်သက်နေပါသည်။ 

နိုင်ငံတစ်ဝန်းနှင့်ဆက်စပ်၍ ပညာရပ်ဆိုင်ရာအစုအဖွဲ့ (ARC Centre of Excellence) ပေါင်း ၈ ခုတွင်လည်း သဘာဝနှင့်စိုက်ပျိုးရေး အတော်ဆုံးအစုအဖွဲ့ (ARC Centre of Excellence for Plant Success in Nature and Agriculture) သည်လည်း ဤတက္ကသိုလ်တွင် ရှိပါသည်။  ကွင်းစလန်တက္ကသိုလ်မှာ ၂၀၂၂ ခုနှစ် တစ်ကမ္ဘာလုံး စိုက်ပျိုးမွေးမြူရေးပညာ သင်ကြား၊ သုတေသနပြုမှု အကောင်းဆုံးတက္ကသိုလ် အမှတ်စဉ် (၁၆) တွင် ရှိပါသည်။

စိုက်ပျိုး၊ မွေးမြူရေးပညာကို ကွင်းစလန်တက္ကသိုလ် အပါအဝင်  ဩစတေလျှတက္ကသိုလ်ပေါင်း  (၃၄)  ကျောင်းမှာ ဘွဲ့ကြို၊ ဘွဲ့လွန် ပညာများ သင်ကြားလေ့လာနိုင်ပါသည်။  ၂၀၂၁ ခုနှစ်က လူဦးရေ (၂၅.၇၄ ) သန်းသာရှိသောနိုင်ငံမှာ တက္ကသိုလ်များစွာက ခေတ်မီ စိုက်ပျိုး၊ မွေးမြူရေးပညာများကို သင်ကြား၊ သင်ယူ သုတေသနပြုနေကြသည်များကို အားကျအတုယူဖွယ် ကောင်းလှပါကြောင်း တင်ပြရင်း အခြားနိုင်ငံမှ စိုက်ပျိုး၊ မွေးမြူရေး တက္ကသိုလ်များအကြောင်းကိုလည်း ဆက်လက်ဆွေးနွေးတင်ပြသွားပါဦးမည်။ 

ဒေါက်တာမျိုးကြွယ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟု ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်