ပါရဂူဘွဲ့ယူခဲ့ရာ ကက်ဆယ်တက္ကသိုလ်

19/12/2022 13:00 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

Basic Agricultural Science – 54  International Agricultural Universities or Universities, which offer Agriculture 

(Part 2 - The University of Kassel, Germany) 

အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ (၅၄) နိုင်ငံတကာ စိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာတက္ကသိုလ်မျာ (အပိုင်း-၂) 

(ခ) ကက်ဆယ်တက္ကသိုလ်၊ ဂျာမနီနိုင်ငံ (The University of Kassel, Germany)

ကက်ဆယ်တက္ကသိုလ်သည် ကျွန်တော် ၂၀၀၂ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ဂျာမနီနိုင်ငံတွင် ပါရဂူဘွဲ့ သင်တန်းအတွက် တက်ခဲ့ရသောတက္ကသိုလ် ဖြစ်ပါသည်။ ၁၉၇၁ ခုနှစ်တွင်မှ ကက်ဆယ်မြို့တွင် စတင်တည်ထောင်ခဲ့သောတက္ကသိုလ်တွင် မဟာဌာနပေါင်း (၈) ခု (Eight Faculties) နှင့် အဆင့်မြင့်ကျောင်းတစ်ကျောင်း(One School) ရှိပါသည်။

  • (၁) ဩဂဲနစ်စိုက်ပျိုးရေးသိပ္ပံများမဟာဌာန (Faculty of Organic Agricultural Science)
  • (၂) လူမှုရေးသိပ္ပံမဟာဌာန (Faculty of Social Sciences)
  • (၃) ဗိသုကာ၊ မြို့ပြစီမံကိန်းနှင့်ရှုခင်းစီမံကိန်းများမဟာဌာန (Faculty of Architecture, Urban Planning and Landscape Planning)
  • (၄) စီးပွားရေးနှင့်စီမံခန့်ခွဲမှုမဟာဌာန (Faculty of Economics and Management)
  • (၅) သင်္ချာနှင့်သဘာဝသိပ္ပံများမဟာဌာန (Faculty of Mathematics and Natural Sciences)
  • (၆) မြို့ပြနှင့်ပတ်ဝန်းကျင်အင်ဂျင်နီယာ မဟာဌာန (Faculty of Civil and Environmental Engineering)
  • (၇) စက်မှုအင်ဂျင်နီယာမဟာဌာန (Faculty of Mechanical Engineering)
  • (၈) လျှပ်စစ်အင်ဂျင်နီယာနှင့်ကွန်ပျူတာသိပ္ပံပညာ မဟာဌာန (Faculty of Electrical Engineering and Computer Science) နှင့် ဝိဇ္ဇာ၊ အနုပညာနှင့်ဒီဇိုင်းဆိုင်ရာ အဆင့်မြင့်ကျောင်း (School of Arts and Designs) တို့ဆိုပြီး ရှိပါသည်။ 

စိုက်ပျိုးမွေးမြူရေးပညာ မဟာဌာနက ကတ်ဆယ်မြို့နှင့် ၃၃ ကီလိုမီတာ (မိုင် ၂၀ ခန့်) ဝေးကွာသော ဝတ်ဆင်ဟောင်ဆင်မြို့ (Witzenhausen) ကလေးတွင်ရှိပါသည်။ 

ဌာနများမှာ...

  • (က) မြေဆီလွှာနှင့်သီးနှံသိပ္ပံများအုပ်စု (Soil and Crop Sciences Group)
  • (က-၁) စိုက်ပျိုးရေးဆိုင်ရာဂေဟဗေဒစနစ်နှင့်ပုံစံထုတ်ခြင်းဌာန (Agroecosystems Analysis and Modelling Dept.)
  • (က-၂) စိုက်ပျိုးရေးနည်းပညာဌာန (Agricultural Technology Dept.)
  • (က-၃) မြေဆီလွှာဇီဝဗေဒနှင့် အဟာရဗေဒဌာန (Soil Biology and Plant Nutrition Dept.)
  • (က-၄) မြေဆီလွှာသိပ္ပံဌာန (Soil Science Dept.)
  • (က-၅) မြက်ခင်းပြင်သိပ္ပံနှင့်ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဌာန (Grasslands Science and Renewable Resources Dept.)
  • (က-၆) ဩဂဲနစ်စိုက်နည်းစနစ်နှင့်သီးနှံစိုက်ပျိုးထုတ်လုပ်ရေးဌာန (Organic Farming and Crop Production Dept.)
  • (က-၇) အပူပိုင်းနှင့်အပူလျှော့ပိုင်းဒေသ  ဩဂဲနစ်သီးနှံစိုက်ပျိုးထုတ်လုပ်ခြင်းနှင့်စိုက်ပျိုးရေးဂေဟစနစ် သုတေသနဌာန (Organic Crop Production and Agroecosystem Research in the Tropics and Sub-Tropics Dept.) (ဤဌာန ပါမောက္ခဆရာတစ်ဦးထဲထံမှ ဒေါက်တာစိုးစိုးသိန်း၊ ကျွန်တော်၊ ဒေါက်တာသင်းနွယ်ထွေး တို့ ပါရဂူဘွဲ့ရခဲ့ကြပြီး ယခု ဒေါ်ဖြူသော်ထွန်းတက်ရောက်သင်ကြားလျှက်ရှိပါသည်။ မြန်မာများအပေါ် အလွန်သံယောဇဉ်ကြီးလွန်းသော ကျွန်တော့်ဆရာ ပါမောက္ခ ဒေါက်တာ အင်ဒရီယာဘူးကပ် (Professor Dr. Andreas Buerkert) ပါ)
  • (က-၈) ဩဂဲနစ်ဆိုင်ရာသီးနှံကာကွယ်ရေးဌာန (Ecological Crop Protection Dept.) (ဤဌာနမှ ဒေါက်တာတင်အေးအေးနိုင် ပါရဂူဘွဲ့ရခဲ့ပါသည်)
  • (က-၉) ဩဂဲနစ်ဆိုင်ရာအပင်မျိုးမွေးမြူရေးနှင့်ဇီဝမျိုးစုံထိန်းသိမ်းရေးဌာန (Organic Plant Breeding and Agrobiodiversity Dept.)
  • (က-၁၀) ပတ်ဝန်းကျင်ဆိုင်ရာဓာတုဗေဒဌာန (Environmental Chemistry Dept.) တို့ ဖြစ်ပါသည်။ 

(ခ) မွေးမြူရေးသိပ္ပံ (Livestock Science Group) အုပ်စု

မြန်မာကျောင်းသား၊ ကျောင်းသူများ မရောက်ရှိ မသင်ကြားရသေးပါ။

  • (ခ-၁) တိရစ္ဆာန်များ၏အပြုအမူနှင့်တိရစ္ဆာန်မွေးမြူရေးဌာန(Animal Ethology and Animal Husbandry Dept.)
  • (ခ-၂) ပတ်ဝန်းကျင်ကောင်းမွန်စေသောမွေးမြူရေးဆိုင်ရာအာဟာရဗေဒဌာန (Environmentally Friendly Animal Nutrition Dept.)
  • (ခ-၃) အပူပိုင်းနှင့်အပူလျော့ပိုင်းဒေသရှိတိရစ္ဆာန်များမွေးမြူရေးဌာန (Animal Husbandry in the Tropics and Sub-Tropics Dept.)
  • (ခ-၄) သမပိုင်းအတွက်မွေးမြူရေးပညာဌာန (Temperate Animal Husbandry Dept.) စသည်တို့ဖြစ်ပါသည်။

(ဂ) စီးပွားရေး၊ လူမှုရေးနှင့်အစားအသောက်သိပ္ပံများအုပ်စု (Economics, Social and Food Sciences Group)

  • (ဂ-၁) စိုက်ပျိုးမွေးမြူရေးနှင့်အစားအသောက်ဈေးကွက်ပညာဌာန (Agricultural and Food marketing Dept.)
  • (ဂ-၂) စီမံအုပ်ချုပ်မှုပညာဌာန (Business Administration Dept.)
  • (ဂ-၃) အပြည်ပြည်ဆိုင်ရာစိုက်ပျိုးရေးမူဝါဒနှင့်ပတ်ဝန်းကျင်ဆိုင်ရာအုပ်ချုပ်မှုဌာန (International Agricultural Policy and Environmental Governance Dept.) (ဤဌာနမှ ဒေါက်တာချိုချိုစံ ဘွဲ့ရခဲ့ပါသည်)
  • (ဂ-၄) အပြည်ပြည်ဆိုင်ရာအစားအသောက်လုပ်ငန်းစီမံခန့်ခွဲမှုဌာန (Management in the International Food Industry Dept.)
  • (ဂ-၅) ဩဂဲနစ်အစားအသောက်ဆိုင်ရာအရည်အသွေးနှင့်အာဟာရဆိုင်ရာယဉ်ကျေးမှုဌာန (Organic Food Quality and Nutritional Culture Dept.)
  • (ဂ-၆) လူမှုပတ်ဝန်းကျင်ဆက်စပ်မှုဆိုင်ရာစိုက်ပျိုးရေးစနစ်ဌာန (Socio-ecological Interactions in Agricultural Systems Dept.)
  • (ဂ-၇) ကျေးလက်ဒေသလူမှုရေးပညာဌာန (Sociology of Rural Areas Dept.) တို့ဖြစ်ပါသည်။ 

တက္ကသိုလ်မှာ ၂၁ ဌာန ရှိပြီး ဆရာ ဆရာမ ဝန်ထမ်း ၂၅၀ ဦးနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးကျောင်းသား ၁၂၀၀ ဦးခန့် ရှိပါသည်။ 

ဘွဲ့ကြိုသင်တန်းများမှာ -

  • (က) စိုက်ပျိုးမွေးမြူရေးပညာဘွဲ့ ( ဩဂဲနစ်စိုက်ပျိုးရေး) – B.Sc. (Organic Farming)
  • (ခ) စိုက်ပျိုးရေးဘွဲ့ (အထူးပြုဘာသာရပ်နှစ်မျိုးတက်ရန်အခွင့်အရေးရှိ) – B.Sc. (Dual Degree in Agriculture)   

စသည်တို့ဖြစ်ပါသည်။ 

ဘွဲ့လွန် မဟာသိပ္ပံ သင်တန်းများမှာ -

  • (က) မဟာသိပ္ပံ -  ဩဂဲနစ်စိုက်ပျိုးရေး (M.Sc. Organic Agriculture) မြန်မာနိုင်ငံ စိုက်ပျိုးရေးဦးစီးဌာနမှ ဒေါ် မြတ်သူမိုး တက်ရောက်ဘွဲ့ရရှိခဲ့ပါသည်။
  • (ခ) မဟာသိပ္ပံ - အပြည်ပြည်ဆိုင်ရာ ရေရှည်တည်တံ့ခိုင်မြဲစေသော စိုက်ပျိုးရေး (M.Sc. International Sustainable Agriculture) ကတ်ဆယ်တက္ကသိုလ် (The University of Kassel) နှင့် ဂူတင်ဂန်တက္ကသိုလ် (The University of Gottingen) ပူးတွဲဖွင့်လှစ်ခြင်းဖြစ်ပါသည်။ ကျောင်းသား၊ကျောင်းသူများမှာ တက္ကသိုလ် နှစ်ကျောင်းလုံးသို့ သွားရောက်သင်ကြားရန် အခွင့်အရေးရရှိပါသည်။

တက္ကသိုလ်များမှာ နာရီဝက်လောက်ပဲ ကား၊ ရထားနှင့် သွားလို့ရ၍ ကျောင်းသား၊ ကျောင်းသူများ တနေရာတည်းနေပြီး တက္ကသိုလ်နှစ်ခုစလုံးရှိ ဓာတ်ခွဲခန်းများ (Laboratories)၊  စာကြည့်တိုက်များ (Libraries)၊ သုတေသနစိုက်ကွင်းများ (Experimental Farms)၊ ဆရာ၊ ဆရာမနှင့် သုတေသနပညာရှင်များ (Teaching and Research Staff, Academia) နှင့် အခြားအရင်းအမြစ်များစွာ (Other Resources from both Universities) တို့ကို အသုံးချနိုင်သော အခွင့်အရေးများစွာ ရရှိသွားပါတော့သည်။

အလွန်မတန်မှ တီထွင်ဖန်တီးထားသော ကောင်းမွန်သည့် စနစ်များဖြစ်ပါသည်။ အတုယူဖွယ် ကောင်းလှပါသည်။  နေပြည်တော် ရေဆင်းရှိ တက္ကသိုလ် ၃ ခု ဤကဲ့သို့ စနစ်ကို ဖန်တီးပေးပါက အလွန်အကျိုးရှိပါလိမ့်မည်ဟု စိတ်ကူးယဉ်မိပါသည်။

  • (ဂ) မဟာသိပ္ပံ - စိုက်ပျိုးမွေးမြူရေး၊ ပတ်ဝန်းကျင်နှင့်အဖွဲ့အစည်းများ (M.Sc. Agriculture, Ecology and Societies)
  • (ဃ) မဟာသိပ္ပံ -အပြည်ပြည်ဆိုင်ရာအစားအစာကူးသန်းရောင်းဝယ်ရေးနှင့်စားသုံးသူများအားလေ့လာခြင်းပညာ (M.Sc. International Food Business and Consumer Studies) တို့ဖြစ်ပါသည်။

ကတ်ဆယ်တက္ကသိုလ် (The University of Kassel) နှင့် ဖူလ်ဒါအသုံးချသိပ္ပံတက္ကသိုလ် (The University of Applied Science - Fulda) တို့ပူးတွဲဖွင့်လှစ်ခြင်း ဖြစ်ပါသည်။ ကျောင်းသား၊ကျောင်းသူများမှာ တက္ကသိုလ်နှစ်ကျောင်းလုံးသို့ သွားရောက်သင်ကြားရန် အခွင့်အရေးရရှိပါသည်။

ကျွန်တော်တို့ တက္ကသိုလ်မှာ ရေဆင်းရှိ တက္ကသိုလ်နှင့်သုတေသနဌာနများကဲ့သို့  ‘အပူပိုင်းနှင့်အပူလျော့ပိုင်းဒေသ ဂျာမန် စိုက်ပျိုးရေးသုတေသနဌာန’ (German Institute for Tropical and Sub-tropical Agriculture) နှင့် ကပ်လျက်တည်ရှိပါသည်။ ထို့အတူ ‘အပူပိုင်းဒေသ သီးနှံသုတေသန မှန်ခြံ (Greenhouse for Tropical Crops -  ဂျာမနီတစ်နိုင်ငံလုံးမှာ တစ်ခုတည်းရှိပါသည်) လည်းရှိနေတော့ ကျွန်တော်တို့သုတေသန ပြုလုပ်ရာတွင်လည်း အလွန်အဆင်ပြေလှပါသည်။ ထိုမှန်ခြံတွင် အပူပိုင်းဒေသ အပင်ပေါင်း ၄၀၀ ကျော်ရှိပါသည်။ စပါး ဆီအုန်း၊ အုန်းပင် အပူပိုင်းဒေသ အပင်များကို စုံလင်အောင်ထားပေးထားရာ ဂျာမနီတနိုင်ငံလုံးမှ မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကျောင်းသား၊ ကျောင်းသူများ သူတို့ရဲ့ စိုက်ပျိုး၊ မွေးမြူရေး သင်ရိုးညွှန်းတမ်းအရ စနေ၊ တနင်္ဂနွေနေ့တိုင်း လေ့လာရေးခရီး လာရောက်ကြရာ အလွန်ကျေးဇူးများလှသော အစီအစဉ်ပင် ဖြစ်ပါတော့သည်။

 

 ပုံ(၁) – ဂျာမနီနိုင်ငံတွင် တစ်ခုတည်းသာရှိသော မှန်ခြံ

တက္ကသိုလ်ပိုင် ဟက်တာ ၃၄၀ ( ဧက ၈၀၀-ကျော်) ရှိသော ဩဂဲနစ် စိုက်ပျိုးရေး၊ မွေးမြူရေး သုတေသနစိုက်ကွင်း  (Organic Teaching and Research Farm for Agriculture) သည်လည်း ဖရမ်ကင်ဟောက်စင် (Franken Hausen) မြို့ ကလေးအနီးတွင် ရှိပါသည်။  

 

ပုံ (၂) - ဖရမ်ကင်ဟောက်စင်သုတေသနစိုက်ကွင်း

မှန်ခြံတွင် အလင်းရောင် (Light, Solar Radiation)၊ အပူချိန် (Temperature)၊ ရေနှင့်အစိုဓာတ် (Water and Moisture)၊ နေ့တာတိုရှည်မှု (Day length)  ကိုထိန်းချုပ်ပေးနိုင်သော ကိရိယာ၊ အထူးအခန်း (Special Growth Chamber) တို့ရှိရာ ကျွန်တော် ပထမဆုံးသော သုတေသန ပဲတီစိမ်း ဒေသမျိုး (၄) မျိုး၏ ကြီးထွားမှုနှင့် အမိုင်နိုအက်စစ်ပါဝင်မှုသုတေသနကို ထိုချိန်ဘာအခန်းတွင် ပြုလုပ်ခဲ့ရပါသည်။ ပဲတီစိမ်းပရိုတိန်းတွင် ပါဝင်သော အမိုင်နိုအက်ဆစ်များ (Amino Acids) ကိုတော့ ဒေါက်တာတင်အေးအေးနိုင်တို့ဌာနရှိရာ ဘူတာရုံမြောက်ပိုင်းနယ်မြေ (Nord Bahnhof Campus) ရှိ ဓာတ်ခွဲခန်း (Laboratory) တွင် သွားရောက်လုပ်ဆောင်ခဲ့ရပါသည်။ ကျွန်တော်တို့ဌာနရှိရာနယ်မြေကတော့ မြို့ထဲရှိ အမှတ်-၁၉၊ စတိန်းလမ်း နယ်မြေ (19 SteinStrasse (Stein Street) Campus) ပါ။

ကျွန်တော်တို့ပါရဂူဘွဲ့သင်တန်းမှာ သုတေသနကျမ်းပြု (Ph.D Dissertation) ဖို့ ဓာတ်ခွဲခန်းနှင့် စိုက်ကွင်းများ (Laboratory Analysis and Field Experiments) တွင် အချိန်များစွာပေးရန် အဓိက ဖြစ်ပါသည်။ သို့သော် ကျွန်တော့်မှာ တက္ကသိုလ်မှ လာရောက်သူ ကျောင်းဆရာတယောက် ဖြစ်သဖြင့် မဟာသိပ္ပံ၊ ဘွဲ့ကြိုသင်တန်းများတွင် အင်္ဂလိပ်လိုသင်ကြားပေးသည့်  ကျွန်တော့်ဘာသာရပ်  လယ်ယာသီးနှံနှင့်သက်ဆိုင်သော ဟောပြောပို့ချချက်များ (Lecture)၊ ဆွေးနွေးပွဲများ (Seminar) ကို ကျွန်တော် ဓာတ်ခွဲခန်းအလုပ် အချိန်အားရင်အားသလို တက်ရောက်နားထောင်ဖြစ်ပါသည်။

မြေဆီလွှာဓာတုဗေဒမှ ပါမောက္ခ ဒေါက်တာ ရစ်ချ်တာ (Professor Dr. Richter) သင်ကြားချိန်တွင် ဘာကြောင့်မှန်းမသိ ဂျာမန်ကျောင်းသားများ နောက်ကျနေရာ အချိန်စေ့သည်နှင့် သူက ‘ငါတို့ သင်ခန်းစာစမယ်၊ မင်းတယောက်ရှိရင်ရပြီ’ ဆိုပြီး သင်ကြားပါတော့သည်။ နောက်မှ ကျောင်းသား၊ ကျောင်းသူများ တဖွဲဖွဲ ရောက်ရှိလာပါတော့သည်။ အချိန် အလွန်တိကျပါသည်။ ဆရာမ ဒေါ်နီနီထွန်း ဤဆရာနှင့်တွဲကာ ၃ လ သုတေသန လာလုပ်သွားပါသည်။ ကျွန်တော် ပါရဂူဘွဲ့သုတေသနက စိုက်ပျိုးထားသောပြောင်းဖူးနှင့် ပဲတီစိမ်း အရွက်နှင့် မျိုးစေ့များတွင် ကျွန်တော်တို့ဌာနအောက် ဓာတ်ခွဲခန်းတွင် နိုက်တြိုဂျင်ပါဝင်မှုရာခိုင်နှုန်း (Nitrogen Content % in Seeds and Leaves) တိုက်ရိုက်ရှာဖွေရပါသည်။ ဖော့စဖော့ရပ် (Phosphorus) ပါဝင်မှုကို ပါမောက္ခ ဒေါက်တာ ရစ်ချ်တာ ၏ဓာတ်ခွဲခန်းတွင်သွားရောက်ပြုလုပ်ရာ ဓာတ်ခွဲခန်းမှူး မစ္စတာ ဘိုကတ်ဟိုင်းလစ်တက်ရှ် (Mr. Borkart Heilitag) တစ်ဦးတည်းပဲရှိပြီး သူ့လက်သူ့ခြေပဲ အကူအညီပေးခဲ့ရာ အလွန် ကျေးဇူးတင်ရပါသည်။ နောက်တစ်ဦးမှာ ကျွန်တော့်ပါမောက္ခ၏ အတွင်းရေးမှူးကြီး ဒေါ်ဟာဘာ (Frau Sigrid Haber) ပဲ ဖြစ်ပါတော့သည်။ သူတစ်ဦးတည်းပင် ပါမောက္ခကိုယ်စား ဖုန်းပြော၊ စတိုမှ စာရွက်စာတမ်း ထုတ်ပေး၊ ဌာနမှစာပေးစာယူလုပ်၊ သင်ကြားရေး သုတေသနလုပ်ငန်းများ၊ စာသင်ချိန် (Time-table) များ စီစဉ်၊ နောက်ဆုံးကုန်ကုန်ပြောရလျှင် မနက်ပိုင်း ကော်ဖီသောက်ချိန် (Coffee Break) အထိ အကွက်စေ့အောင်စီစဉ်ပေးခဲ့ရာ ဘယ်လိုမှမမေ့နိုင်အောင် ဖြစ်ခဲ့ရပါသည်။ သူတို့နှစ်ဦးလည်း အငြိမ်းစားယူသွားပါပြီ၊ အလွန်လွမ်းလှပါသည် (I miss them a lot)။

ကျွန်တော့်ဆရာ အချိန်တိကျပုံမှ ပိုပြီး အမှတ်တရဖြစ်ပါသည်။ ကျွန်တော် ဘွဲ့ရပြီး မြန်မာပြည်အပြီးပြန်တော့ ဘူတာရုံကို သူလိုက်ပို့မည် ပြောပါသည်။ ရထားကလည်း အချိန်အတိအကျ၊ ဆယ်မိနစ်အလိုတောင် သူက ကျွန်တော့်အဆောင်မလာသေး၊ ကျွန်တော်က စိတ်ပူတတ်၊ ဒုက္ခတော့ရောက်ပြီပေါ့။ မကြာမီဆရာသမားက ရောက်လာပြီး ဘူတာသို့ သွားပါတော့သည်။ ကျွန်တော်တို့လည်း ဘူတာအရောက်၊ ရထားလည်းဝင်အလာနဲ့ ကွက်တိပါပဲ၊ မြို့ကလေးဘူတာမို့ အပြေးအလွား လက်ဆွဲအိတ် (Luggage) ကြီးဆွဲ၊ ရထားပေါ်တက်ခဲ့ရသည်ကတော့ အမှတ်တရပါပဲ။ အဲဒါသာ လွဲခဲ့လို့ကတော့ ကျွန်တော့်လေယာဉ်လည်းမီမည်မဟုတ်ပါ။ ဂျာမဏီနိုင်ငံ ရထားပို့ဆောင်ရေးစနစ်က ကျွန်တော့်မြို့၊ ကက်ဆယ်နဲ့ ဖရမ့်ဖို့ အပြည်ပြည်ဆိုင်ရာ လေဆိပ် (Frankfurt International Airport) က ကီလိုမီတာ ၂၀၀ ကျော် (မိုင် ၁၂၀ လောက်) ဝေးကွာရာ၊ ရထားစီး ကြာမြင့်ချိန် နှစ်နာရီခန့်နှင့် လေဆိပ်သို့တိုက်ရိုက်ရောက်ရှိသွားပါသည်။ တကယ် ကားကြပ်လျှင် (Traffic Jam) ရန်ကုန်မြို့တွင်းပင် ထိုအချိန်လောက် ကြာနိုင်ပါသည်။

ပုံ (၃) - ဂျာမန်အမြန်ရထား

ဂျာမနီတနိုင်ငံလုံး စိုက်ပျိုး၊ မွေးမြူရေးပညာ သင်ကြားပေးသော တက္ကသိုလ်ပေါင်း (၁၁) ကျောင်းရှိပါသည်။ ထိုအထဲမှာမှ နာမည်ကြီးတက္ကသိုလ်များမှာ ဟိုဟင်ဟိုင်း တက္ကသိုလ် (University of Hohenheim) က စတင်ပါမည်။ ဒေါက်တာသန္တာကြည်၊ ဒေါက်တာရည်မွန်အောင်တို့ စိုက်ပျိုးစီးပွားရေးပညာ ပါရဂူဘွဲ့ရလာပါသည်။ ယခု ဒေါ်နန္ဒာအေးချမ်း တက်ရောက်သင်ကြားလျက် ရှိပါသည်။

နောက် မြူးနစ်နည်းပညာတက္ကသိုလ် (Technical University of Munich) ဖြစ်ပါသည်။ မြန်မာကျောင်းသားတက်ရောက်မှု မသိရပါ။ နောက်တက္ကသိုလ်မှာ ဂူတင်ဂန်တက္ကသိုလ် (George August University of Goettingen)  ဖြစ်ပါသည်။ ယင်းတက္ကသိုလ် မှ စိုက်ပျိုးရေးပါရဂူဘွဲ့ရရှိသူများမှာ ဒေါက်တာနန်းဆိုင်ဟွမ် (လက်ရှိ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ပါမောက္ခချုပ်)၊ ဒေါက်တာမီမီအောင် (ပါမောက္ခ၊ အပင်မျိုးမွေးမြူရေး၊ အပင်ဇီဝကမ္မဗေဒနှင့် ဂေဟဗေဒဌာန - ကွယ်လွန်)၊ ဒေါက်တာကြည်မြင့် (ကွယ်လွန်)၊ ဒေါက်တာခင်သိန်းညွန့် (စိုက်ပျိုးရေးသုတေသနဦးစီးဌာန)၊ ဒေါက်တာလဲ့လဲ့ဝင်း၊ မဟာစိုက်ပျိုးရေးသိပ္ပံဘွဲ့ ဒေါက်တာမောင်မောင်တာ၊ ဒေါ်မို့မို့၊ ဒေါ်ခန့်စန္နာထက် စသည်တို့နှင့် (ကျန်သွားသူများ မမှတ်မိ၍ ခွင့်လွှတ်ပါ) သစ်တောပါရဂူဘွဲ့များ ဒေါက်တာညီညီကျော်၊ ဒေါက်တာ မင်းသန့်စင် (ကွယ်လွန်)၊ ဒေါက်တာဆန်းဦး၊ ဒေါက်တာစံသွင်၊ မဟာသိပ္ပံ (သစ်တောပညာ) ဘွဲ့ရ ပေါင်းများစွာနှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်မှ ဒေါက်တာအောင်အောင်တို့ ပါရဂူဘွဲ့ရရှိခဲ့ကြပါသည်။  နောက်တက္ကသိုလ်များမှာ ဘွန်းတက္ကသိုလ် (University of Bonn) ဒေါက်တာကျော်ကျော်ဝင်း ပါရဂူဘွဲ့ ရခဲ့ပါသည်၊ ဂီးဆင့် တက္ကသိုလ် (Justus Liebig University of Giessen) ဒေါက်တာခင်မာချို၊ ဒေါက်တာသိင်္ဂီမြင့်၊ ဒေါက်တာအေးမိုးစံတို့ ပါရဂူဘွဲ့ ရခဲ့ပါသည်။ ဟန်နိုဘာတက္ကသိုလ် (Leibniz University of Hannover) ဒေါက်တာအေးအေးသွဲ့၊ ဒေါက်တာ စံရွှေမြင့်၊ မဟာစိုက်ပျိုးရေးသိပ္ပံ - ဒေါ်နီနီထိန်၊ ဒေါက်တာ သန္တာညီ၊ ဒေါက်တာမင်းဇာနည်အောင် စသည်တို့အပြင် မွေးမြူကုသရေးမှ ဒေါက်တာကျော်ဆန်း၊ ဒေါက်တာရဲထွဋ်အောင် တို့ ပါရဂူဘွဲ့ ရရှိခဲ့ပါသည်။ ကိုလုံးအသုံးချသိပ္ပံတက္ကသိုလ် (Colonge University of Applied Science) မှ ဒေါက်တာ ခင်ဇာကျော်၊ ကားရှူးနည်းပညာအဆင့်မြင့်သိပ္ပံ (Karlsruhe Institute of Technology – KIT) မှ ဦးနေမျိုး၊ အခြားတက္ကသိုလ်များစွာမှ ဦးကြည်စိုး၊ ဦးကိုကိုလွင်၊ ဦးဘုန်းနေထွန်း စသည်ဖြင့်  မဟာသိပ္ပံ၊ ပါရဂူဘွဲ့များစွာ ရရှိခဲ့ပါသည်။ (ကျန်သွားသူများ အမည်မမှတ်မိတာ ကို ခွင့်လွတ်ပေးပါရန်)

ကျွန်တော်တို့နိုင်ငံကို ဂျာမန်အပြည်ပြည်ဆိုင်နည်းပညာ အကူအညီပေးရေးအဖွဲ့ (German Academic Exchange Service - DAAD) က စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောနှင့် ဆက်စပ်ဘာသာရပ်များကို ယနေ့အထိ ပညာသင်ဆုများစွာပေးပြီး သင်ကြားပေးခဲ့ရာ အလွန်ကျေးဇူးတင်စရာ ကောင်းလှပါသည်။ ယခု ထိုနိုင်ငံ၏ ငွေကြေးထောက်ပံ့မှုဖြင့် ဗီယက်နမ်နိုင်ငံ၊ ထိုင်း ငုယင်စိုက်ပျိုးရေးနှင့်သစ်တောတက္ကသိုလ် (Thai Nguyen University of Agriculture and Forestry, Vietnam) တွင် မဟာသိပ္ပံပညာ ကမ်းလှမ်းရာ ဗီယက်နမ်သို့ မြန်မာကျောင်းသား၊ ကျောင်းသူများ သွားရောက်သင်ကြားနေရပါပြီ။

ကျွန်တော်တို့ ခြေလှမ်းပေါင်းများစွာ အပြေးလိုက်ရပါဦးမည်။ စိတ်ဓာတ် ကျစရာမလိုပါ။ နောင်တစ်ချိန် ဟိုအရင် ၁၉၆၂ ခုနှစ်မတိုင်မီ ထိုင်း၊ မလေးရှားမှ ကျောင်းသားများ ရန်ကုန်တက္ကသိုလ်သို့ လာရောက်သင်ကြားခဲ့ရသလို ပြန်ဖြစ်အောင် ကျွန်တော်တို့ ကြိုးစားရပါမည်။ တစ်ဦးတယောက်အားနှင့် ယူသော်မရ၊ စုပေါင်းအားနှင့် ယူပါက မလွဲမသွေရောက်ရှိလာပါမည်။ ကျန်နိုင်ငံများမှ စိုက်ပျိုးရေး၊ မွေးမြူရေး တက္ကသိုလ်များအကြောင်း ဆက်လက်ရေးသားပါမည်။

ဒေါက်တာမျိုးကြွယ်

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်