စစ်တပ်နဲ့ စစ်ဘေးသင့်တွေဆီ ရိက္ခာပေးပို့နေတဲ့ ယူကရိန်းက လယ်ယာကုန်စည်လုပ်ငန်းကြီး

15/03/2022 15:44 PM တွင် ဝေယံဟိန်း (B.Ag) ဝေယံဟိန်း (B.Ag) မှ ရေးသား

ယူကရိန်းနိုင်ငံရဲ့ အကြီးဆုံးလယ်ယာကုန်စည်လုပ်ငန်းကြီး MHP SE ဟာ ပုံမှန်အားဖြင့်တော့ ဥရောပတိုက်၊ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိကဒေသတို့ဆီ ကောက်ပဲသီးနှံနဲ့ ကြက်သားတွေ တင်ပို့ရောင်းချနေကျပါ။ စစ်ပွဲကြီးနဲ့အတူ တစ်ဆစ်ချိုးအလှည့်အပြောင်း ကြုံလာရချိန်မှာတော့ ဒီလုပ်ငန်းကြီးက ယူကရိန်းစစ်တပ်အတွက် ရိက္ခာတွေ ထောက်ပံ့တာ၊ ဗုံးဒဏ်ကြောင့် မြို့ပြင်ထွက်ပြေးကြရတဲ့ အရပ်သားတွေဆီ အသင့်စားကြက်သားတွေ ပေးပို့တာတွေ လုပ်ဆောင်လာပါတယ်။

ကမ္ဘာ့အင်အားကြီးဖြစ်တဲ့ ယူကရိန်းလယ်ယာကဏ္ဍဟာ ကမ္ဘာကို ရိက္ခာဖြည့်ပေးနေရာကနေ နိုင်ငံအတွက် ရိက္ခာဖြည့်ပေးနေရတဲ့အဖြစ်ကို မြန်မြန်ဆန်ဆန် ကူးပြောင်းသွားကြောင်း ဒီဖြစ်ရပ်က ပြသနေတာပါ။ ရုရှားရဲ့ ကျူးကျော်စစ်ဟာ လူဦးရေ သန်းနဲ့ချီ အိုးအိမ်စွန့်ခွာရစေပြီး လူများစွာကို လျှပ်စစ်မီး၊ ရေနဲ့ အခြားအခြေခံ လိုအပ်ချက်တွေ မရရှိတဲ့အခြေအနေကို ဆိုက်ရောက်စေပါတယ်။

နိုင်ငံရဲ့ အခြေခံအဆောက်အအုံတွေ ထိခိုက်ပျက်စီးပြီး လောင်စာဆီနဲ့ ကြက်စာ ရရှိရေးအခက်ကြုံနေရပေမယ့် ယူကရိန်းလယ်ယာကဏ္ဍကတော့ ပြည်တွင်းစားနပ်ရိက္ခာ ဖူလုံအောင် ကြိုးပမ်းအားထုတ်နေပါတယ်။ MHP လုပ်ငန်းဟာ ဗင်နစ်ရှား၊ ချာကာစီနဲ့ ဒီနင်ပရိုဒေသတွေထဲက ကြက်သားစက်ရုံတွေကနေ အသား တိုးမြှင့်ထုတ်လုပ်နေပြီး ပြိုင်ဘက်ကုမ္ပဏီတွေ အလုပ်မလုပ်နိုင်ချိန်နဲ့ စစ်ဒဏ်အခံရဆုံး အရှေ့ပိုင်းဒေသထဲက ဝက်သားကုမ္ပဏီတွေ ပိတ်သိမ်းရချိန်မှာ အသားလိုအပ်ချက်ကို ဖြည့်တင်းပေးဖို့ ကြိုးစားနေတယ်လို့ MHP ရဲ့ အမှုဆောင်ဥက္ကဋ္ဌ ဂျွန်ရစ်ချ်က စလိုဗေးနီးယားနိုင်ငံကနေ ပြုလုပ်တဲ့ အင်တာဗျူးတစ်ခုမှာ ပြောပါတယ်။

"ကျွန်တော်တို့အနေနဲ့ မြို့ပြင်တွေဆီကို လူသားချင်းစာနာမှုအကူအညီတွေ ပေးပို့နေပါတယ်။ ဒါမှသာ လူတွေ အစားအစာ ရရှိနိုင်မှာပါ" လို့ ရစ်ချ်က ပြောပါတယ်။ "အသင့်စားထုတ်ကုန်တွေကို မချက်မပြုတ်နိုင်တဲ့ ဒေသတွေဆီ ဖြန့်ပေးနေပါတယ်။ ကလေးငယ်တွေကို ကျွေးမွေးရဦးမယ်မဟုတ်လား" လို့ သူ ဆက်ပြောပါတယ်။

ဒီစစ်ပွဲက ကုန်စည်ဈေးကွက်တွေအပေါ် အပြင်းအထန် ရိုက်ခတ်ခဲ့ပြီး ပင်လယ်နက်ဒေသထွက် ပို့ကုန်တွေ အလျင်ပြတ်သွားတာကြောင့် စားသောက်ကုန်ဈေးတွေ မြင့်တက်ကုန်ပါတယ်။ ယူကရိန်းဟာ ကမ္ဘာမှာ ကောက်ပဲသီးနှံ ဒုတိယတင်ပို့မှုအများဆုံးနဲ့ ကြက်သားတင်ပို့မှု အဓိကနိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ MHP အနေနဲ့ တစ်နှစ်ကို ကြက်သားတန်ချိန် ကိုးသိန်းအထိ ထုတ်လုပ်နေပြီး အဲဒီထဲက တန်ချိန် ခုနစ်သိန်းခွဲဟာ ယူကရိန်းပြည်တွင်းက စက်ရုံတွေဆီကနေ ထွက်လာတာပါ။ ယူကရိန်းဆိပ်ကမ်းတွေကို ရုရှားရေတပ်က ပိတ်ဆို့ထားတာကြောင့် ဘရာဇီးနိုင်ငံက ကြက်သားဈေးတွေအထိပါ မြင့်တက်လာရပါတယ်။

ယူကရိန်း စိုက်ပျိုးရေးကုမ္ပဏီအချို့လည်း လုပ်ငန်းဆက်လက်လည်ပတ်နိုင်ရေး ရုန်းကန်နေရပါတယ်။ ကောက်ပဲ သီးနှံနဲ့ စားသုံးဆီလုပ်ငန်းကြီး Kernel Holding SA က မလွန်ဆန်နိုင်သောဖြစ်ရပ် (Force Majeure) ကြုံတွေ့ရတာကို ဥပဒေကြောင်းအရ ကျင့်သုံးထားပြီး ဘေးကင်းလုံခြုံရေးစိုးရိမ်စရာတွေကြောင့် ထုတ်ကုန်တွေကို ပြည်ပတင်ပို့နိုင်ခြင်းမရှိကြောင်း အသိပေးထုတ်ပြန်ထားပါတယ်။

Ukrlandfarming လုပ်ငန်းကလည်း နိုင်ငံတောင်ပိုင်း ကာဆွန်မြို့မှာ ရှိတဲ့ သူတို့စက်ရုံက ကြက်ကောင်ရေ သုံးသန်းဟာ အစာငတ်ပြီး သေဆုံးကြရတော့မယ်လို့ ပြီးခဲ့အပတ်က ထုတ်ပြန်ထားပါတယ်။ ရုရှားစစ်တပ်ရဲ့ လက်နက်ကြီးပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် ကြက်စာကျွေးတဲ့စနစ်တွေ ပျက်စီးကုန်တာကြောင့်လို့ ဆိုပါတယ်။ အခြားစက်ရုံတွေမှာ ကြုံတွေ့နေရတဲ့ အလားတူပြဿနာတွေ ပေါင်းလိုက်ရင် နိုင်ငံရဲ့ ကြက်ဥထုတ်လုပ်မှုဟာ ခြောက်ပုံတစ်ပုံလောက် ကျဆင်းမဲ့အန္တရာယ် ရှိနေတယ်လို့ ကုမ္ပဏီက ပြောပါတယ်။

နိုင်ငံရဲ့ အကြီးဆုံးလယ်ယာလုပ်ငန်းငါးခုထဲမှာ ပါဝင်တဲ့ ကောက်ပဲသီးနှံ၊ သကြားနဲ့ နွားနို့ထုတ်လုပ်ရေးလုပ်ငန်း Astarta Holding NV ကလည်း စစ်သားနဲ့ အရပ်သားတွေဆီ စားသောက်ကုန် တန် ၅၀၀ ကျော် ပေးပို့ထားကြောင်း၊ နွေဦးသီးနှံစိုက်ပျိုးရေးအတွက်လည်း အားတက်သရော ပြင်ဆင်နေကြောင်း ပြောပါတယ်။ ကုမ္ပဏီဟာ စစ်ရှောင်ထောင်ပေါင်းများစွာအတွက် သူတို့ စက်ရုံအလုပ်ရုံတွေမှာ နေစရာ ပေးအပ်ထားတယ်လို့လည်း ဆိုပါတယ်။

MHP လုပ်ငန်းဟာ အစားအသောက်တွေကို စစ်တပ်ဆီ ငွေကြေးနဲ့ရောင်းပြီး မြို့တွေဆီကိုတော့ အသားတွေ အခမဲ့ ပေးပို့နေပါတယ်။ အဲဒီအတွက် ကုန်ကျစရိတ်တွေကို စူပါမားကတ်ရောင်းအားနဲ့ ပြန်လည်ဖာထေးဖို့ ကြိုးစားနေပါတယ်။ ဆေးရုံတွေဆီ အစားအသောက် အခမဲ့ ပေးပို့ဖို့ကိုလည်း ပြီးခဲ့တဲ့လကတည်းက အာမခံထားပါတယ်။ ယူကရိန်းနိုင်ငံထဲမှာ ဝန်ထမ်းပေါင်း ၂၆၀၀၀ ကျော်ကို အလုပ်ပေးထားတဲ့ လုပ်ငန်းကြီးဟာ လက်ရှိမှာ ငွေကြေးဆုံးရှုံးမှု ကြုံနေရတယ်လို့ ရစ်ချ်က ပြောပါတယ်။

MHP လုပ်ငန်းဟာ ယူကရိန်းပြည်တွင်းမှာတင် ဂျုံ၊ ပြောင်း၊ ဆီမုန်းညင်း စတဲ့ သီးနှံ ဟက်တာ တစ်သန်းလောက်အထိ စိုက်ပျိုးနေပြီး နေကြာဆီလည်း အများအပြား ထုတ်လုပ်ပါတယ်။ သူတို့မှာ လောင်စာဆီ၊ ဓာတ်မြေသြဇာနဲ့ ပိုးသတ်ဆေး လုံလုံလောက်လောက် ရှိနေသေးပြီး လက်ရှိအခြေအနေ မပြောင်းလဲဘူးဆိုရင် နောက်နှစ်ပတ်အတွင်း စိုက်ပျိုးရေး စတင်နိုင်လိမ့်မယ်လို့ ရစ်ချ်က ပြောပါတယ်။

"ကျွန်တော်တို့ ပြောဖူးသလိုပဲ အနီရောင်နယ်မြေတွေထဲမှာ စိုက်ပျိုးမြေ ဟက်တာ ၅၀၀၀၀ လောက် ရှိနေပါတယ်။ ဆိုတော့ အဲဒီမြေတွေပေါ်မှာ ရုရှားအမြောက်တပ်တွေ၊ တင့်ကားတွေ တပ်စွဲထားတာပါ။ ဒါကြောင့် လက်ရှိမှာ အဲဒီနေရာတွေပေါ် လုပ်ငန်းလုပ်လို့မရပါဘူး" ရစ်ချ်က ပြောပါတယ်။ "အခွင့်အရေးပေးရင်တော့ အဲဒီနေရာတွေမှာလည်း စိုက်ပျိုးသွားမှာပါ။ စစ်ပွဲက ခုထက်ပို ဆိုးလာမယ်ဆိုရင်တော့ မပြောတတ်သေးဘူး" လို့ သူက ပြောပါတယ်။

ဝေယံဟိန်း (B.Ag)

Ref: Major Ukrainian Food Exporter Flips to Feed a Nation at War - Bloomberg

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်