သရက် ရွက်ဖု၊ အသီးမတင်တဲ့ပြဿနာ ဘယ်လိုဖြေရှင်းကြမလဲ...

01/03/2023 13:00 PM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

ရပ်​စောက်မြို့၊ သရက် Group မှ နာယကကြီး ဦးမြင့်ဦးအပါအဝင် သရက်ခြံပိုင်ရှင် ၅၀​ ကျော်နဲ့ သရက် အ​ကြောင်း ​ဆွေးနွေးဖြစ်ကြပါတယ်။

သရက်အ​ကြောင်းဆိုတဲ့​နေရာမှာ စိုက်စနစ်၊ အစာ​ကျွေးနည်းစနစ်၊ ကိုင်းပြုပြင်နည်းစနစ်၊ ​စျေးကွက်အလားအလာ စသဖြင့်..

အပြန်အလှန်​ဆွေးနွေးကြတာပါ။

အထူးအစီအစဉ်အ​နေနဲ့... စာ​ရေးသူက...

"သရက်အပွင့်အသီးကို လွှမ်းမိုး​သောအချက်များ" ဆိုတဲ့ ခေါင်းစဉ်နဲ့ ပရိုဂျက်တာ၊ ပါဝါပွိုင့်သုံးပြီး ရှင်းလင်း​ဆွေး​နွေးပါတယ်။

  • အာဟာရဓာတ်
  • ဟော်မုန်း
  • အပူချိန်
  • ပိုးမွှား/​ရောဂါ

စသဖြင့် ကြိုတင်ကာကွယ်၊ ပြုစု​စောင့်​ရှောက်နည်းများကို အိန္ဒိယ၊ ပါကစ္စတန်နဲ့ မြန်မာ့သရက်ပညာရှင်များရဲ့ နည်းစနစ်များကို အ​ခြေခံပြီး အ​သေးစိတ် ဆွေး​နွေး​ပေးပါတယ်။

သို့​သော်လည်း..

ရပ်​စောက်သရက်အဖွဲ့ဆိုတာ NGO များနဲ့ သင်တန်း​တွေ မကြာခဏ ​လေ့လာဆည်းပူးပြီးသား၊ လုပ် သက်ရင့် ခြံကြီးသမား​တွေဆို​တော့..

မထင်မှတ်တဲ့ ​မေးခွန်းအသစ်​တွေ ရရှိခဲ့ရပါတယ်။

"ဆရာ..သရက်ဖူးလုံးပိုးကို သိပါသလားဗျာ" တဲ့။

စာ​ရေးသူက... လယ်ယာသီးနှံ​တွေမှာ ကွင်းဆင်းတာများ​တော့ သရက်အ​ခေါ်အ​ဝေါ်​တွေ မကျွမ်းကျင်တာအမှန်ပါ။

ပဲပွင့်ထွေးပိုး​မျိုးလောက်သာသိတာကိုး...။

သို့သော်လည်း အ​တွေ့အကြုံနဲ့ ​လေ့လာမှုအရ...

ဖျက်ပိုးအ​တော်များများကိုတော့ မြင်ရင် သိနိုင်ပါတယ်။

"ဖူးလုံးပိုးဆိုတာ ​ဒေသန္တရ အ​ခေါ်​ဖြစ်​တော့... နားစိမ်း​နေပါတယ်.. ပုံရှိရင်ပြပါ " ဆို​တော့မှ ဗီဒီယို ရိုက်ထားတဲ့ဖိုင်​လေး ​တွေ့ရပါတယ်။

တိုက်ဆိုင်ချင်​တော့...

သူ​မေးတဲ့ ဖူးလုံးပိုးဆိုတာ..

စာ​ရေးသူလေ့လာ​​နေတဲ့...သရက် ဖုမှက်(Mango Gall midge) ဖြစ်​နေပါတယ်။

(မှတ်ချက်။  ။ သရက်ဖုမှက် ဆိုတာဟာ စာ​ရေးသူ မှည့်​​ခေါ်ထားတဲ့အမည်သာ ဖြစ်ပါ​ကြောင်း)

မြန်မာအမည်   = သရက်ဖူးလုံးပိုး/သရက်ဖုမှက်

အင်္ဂလိပ်အမည် = Mango  flower gall midge

သိပ္ပံအမည်       = Erosomyia mangiferae (Felt)

                         Procystiphora  mangiferae

                        Erosomyia indica,

                       Dasineura   amaramanjarae

 (Cecidomyiidae: Diptera)

ဒီပိုးက မှက်၊ ခြင်၊ ယင်အုပ်စုအမျိုးအစားဖြစ်ပြီး မျိုးစိတ်အမည် များစွာရှိပါတယ်။

စပါးကြက်သွန်မြိတ်ပိုး၊ သရက်၊ သီးထိုးယင် အုပ်စုမျိုးဖြစ်ပြီး  စား​သောက်ပုံနဲ့ အ​လေ့အထ အနည်းငယ် ကွဲပြားပါတယ်။

သရက်ဖုမှက်မှာပဲ...

  • အရွက်မှာ ဖျက်ဆီး​လေ့ရှိတဲ့ မှက်
  • အဖူး၊ ပန်းခိုင်၊ အသီးနု​တွေကို ဖျက်ဆီးတဲ့မှက်
  • သရက်ဖူးပွင့်​တွေ​ပေါ် ဥချပြီး အသီးမဖြစ်ဘဲ အဖူး​တွေလုံး​စေတဲ့ မှက်မျိုး..

စသဖြင့် သုံးမျိုး​လောက်​တွေ့ရပါတယ်။

#သရက်ဖုမှက်(gall midge) ဘဝစက်ဝန်း

  • ယင်အမသည် အရွက်ငယ်များ၏ တစ်သျှူးများအတွင်း၌ ဥများကို တစ်လုံးချင်းဥပြီး မျက်နှာပြင်အောက်မှာ အနီကွက်လေးများ ​တွေ့ရတတ်ပါတယ်။
  • ဥများသည် ၂-၃ ရက်အတွင်း ​လောက်​ကောင်(maggot) ဖြစ်လာပါတယ်။
  • အကောင်ပေါက်ပြီးမိနစ်ပိုင်းအတွင်း လောက်ကောင်များသည် ဥများချထားသော နူးညံ့သောအစိတ်အပိုင်းများထဲသို့ စိမ့်ဝင်ပြီး အရွက်​ပေါ်/အဖူး​အပေါ်တွင် စားကြခြင်းဖြင့် အရွက်​ပေါ်၊ပန်းခိုင်​တွေပေါ်မှာ အဖု​တွေ​တွေ့ရပြီး အသီးမတင်​တော့တာပါ။
  • အရွယ်ရောက်လောက်​ကောင်​လေးများသည် ၇-၁၀ ရက် ကြာပြီးနောက် မြေကြီးထဲသို့ ကျဆင်းသွားကာ အပင်​အောက် ​မြေကြီးထဲမှာ ရုပ်ဖုံးလုပ်ပါတယ်။
  • ဥဘဝမှ အ​ကောင်ကြီးအဆင့်ထိဆိုပါက ၁၂ -၂၄ ရက်ခန့် ကြာတတ်ပါတယ်။

#ဖျက်ဆီးမှု အ​နေအထား

  • အရွက်​မျက်နှာပြင်မှာ အဖု​တွေဖြစ်​ပေါ်ခြင်း
  • အဖူး၊ ပန်းခိုင်များအတွင်း ထိုး​ဖောက်စားသဖြင့် အဖူး​ကြွေခြင်း၊ အသီးမ​အောင်ခြင်း
  • အသီးကင်းအ​ခြေမှာ ဖျက်ဆီးသဖြင့် အသီးကင်း​ကြွေခြင်း
  • နောက်ဆက်တွဲ​ရောဂါအဖြစ် မှည့်​ပြောက်စွန်းလက္ခဏာ​တွေ့ရခြင်း

စတာတွေ ဖြစ်နိုင်ပါတယ်။

#ကျ​ရောက်ချိန်

ဇန္နဝါရီ- မတ်လအတွင်း ကျ​ရောက်တတ်ပါတယ်။

ကာကွယ်နှိမ်နင်းခြင်း

အရွက်နုထွက်ချိန်ကတည်းက ကာကွယ်​ဆေးဖျန်းရမှာဖြစ်ပါတယ်။

သဘာဝပိုးသတ်​ဆေးအ​နေနဲ့..

  • ဆေးရွက်ကြီး၊ ဆပ်ပြာ၊ ဘီအီးအဆီ ​ရော​နှော​ဆေးရည်ကို ​ဆေးတပုံး ၅၀ စီစီနှုန်း ဖျန်းပါ။ အဖူးတထွာ၊ တမိုက်အရွယ် တစ်ကြိမ် ဖျန်းပေးရမှာဖြစ်ပါတယ်။

ဓာတုပိုးသတ်​ဆေးအဖြစ်..

  • အဆီတာမီပရစ်
  • နိုင်တင်ပိုင်ရမ်
  • ပိုင်မက်ထရိုဇင်း

​စတဲ့ ဖော်ပြပါ ​အေအိုင်အုပ်စုတွေထဲက တမျိုးချင်း ဒါမှမဟုတ် အတွဲလိုက်​ကို...

ရွက်နုထွက်ချိန်၊ အဖူးဝင်ချိန်နဲ့ သီးလုံးကူးချိန်တွေမှာ... ဖျန်း​ပေးသင့်ပါတယ်။

ပန်းဖြိုင်ဖြိုင်ပွင့်ချိန်၊ ဝတ်မှုန်ကူးပျား/ယင်များရှိ​နေချိန် နံနက်ခင်းအချိန်တွေမျိုးတွေမှာတော့ မည်သည့်​ဆေးမျှ မဖျန်းသင့်ပါဘူး။

စေတနာများစွာဖြင့်

ဒို့ဦး​လေး

Ref>>>Pests of Mango :: Major Pests :: Flower Gall Midge(Bsc, agriculture)


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်