လေဖိအားနည်းရပ်ဝန်းဖြတ်မည့်အပြင် နောက်ထပ်မုန်တိုင်းတစ်လုံးအရှိန်ပါ သက်ရောက်နိုင်မှုကြောင့် အလယ်ပိုင်းများပါ မိုးကြီးနိုင်

25/09/2022 16:13 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

 

အခုလကုန်နဲ့ အောက်တိုဘာလဆန်းပိုင်းမှာ မြန်မာနိုင်ငံကို ကုန်းတွင်း လေဖိအားနည်း ရပ်ဝန်းတစ်ခု ဖြတ်မယ့်အပြင် တောင်တရုတ်ပင်လယ်မှာ ဖြစ်လာနိုင်ချေရှိနေတဲ့ နောက်ထပ်မုန်တိုင်းတစ်လုံးအရှိန်ပါ သက်ရောက်နိုင်မှုကြောင့် အလယ်ပိုင်းဒေသများအပါအဝင် တစ်နိုင်ငံလုံးနီးပါး မိုးကြီးနိုင်တယ်လို့ နိုင်ငံ တကာမိုးလေဝသခန့်မှန်းထုတ်ပြန်ချက်များကို ကိုးကားပြီး မိုးလေဝသခန့်မှန်းသူ ဦးဝင်းနိုင်က ကြိုတင် ခန့်မှန်းပါတယ်။

လက်ရှိ (စက်တင်ဘာ ၂၅ ရက် မွန်းလွဲ ၁ နာရီ) မှာ ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကို ဖြတ်ကျော်နေတဲ့ စူပါတိုင်ဖွန်းမုန်တိုင်း "နိုရူး" ဟာ ဆက်လက်ရွေ့လျားပြီး မြန်မာနိုင်ငံကို ကုန်းတွင်းလေဖိအား နည်းရပ်ဝန်းအဆင့်နဲ့ စက်တင်ဘာ ၃၀ ရက်မှာ ဖြတ်သန်းဝင်ရောက်ဖို့ရှိနေတာဖြစ်ပါတယ်။

ယခင်ခန့်မှန်းချက်တွေအရ မြန်မာနိုင်ငံကို စက်တင်ဘာ ၂၉ လောက်မှာ ဖြတ်မယ်လို့ ခန့်မှန်းထားပေမယ့် နိုရူးမုန်တိုင်းဟာ ဖိလစ်ပိုင်ဘက်ရောက်ချိန်မှာ ရုတ်တရက်အားအလွန်ကောင်းလာမှုကြောင့် ရွေ့တဲ့နှုန်းနှေးသွားပြီး လမ်းကြောင်းခန့်မှန်းချက်အကုန်လုံး နောက်ဆုတ်သွားတာဖြစ်တယ်လို့ သိရပါတယ်။ 

အဲ့ဒီလို မြန်မာနိုင်ငံကို ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းဖြတ်ကျော်မယ့်အချိန်မှာ တောင်တရုတ်ပင်လယ်မှာလည်း မုန်တိုင်းတစ်လုံးဖြစ်နိုင်ချေများနေပြီး အဲ့ဒီမုန်တိုင်းရဲ့အရှိန်တွေပါ သက်ရောက်လာမှာဖြစ်တာကြောင့် တစ်နိုင်ငံလုံးနီးပါး မိုးကြီးမှုတွေရှိလာနိုင်တာဖြစ်တယ်လို့ ဦးဝင်းနိုင်က ခန့်မှန်းတာဖြစ်ပါတယ်။

ဒီအခြေအနေတွေနဲ့ပတ်သက်လို့ ဦးဝင်းနိုင်ကို Green Way က ဆက်သွယ်မေးမြန်းထားတာကို ဖော်ပြ ပေးလိုက်ပါတယ်။

#မုန်တိုင်းကအားကောင်းလာတော့ မြန်မာနိုင်ငံဘက်ကို လေဖိအားနည်းရပ်ဝန်းအဖြစ် ဖြတ်တဲ့အချိန်မှာ အရင်ခန့်မှန်းထားတာထက် ပိုအားကောင်းသွားနိုင်သလား..

“ အဲ့လိုတော့မရှိနိုင်ဘူး။ သူက ဆက်ရွေ့လာလို့ ဗီယက်နမ်ကိုကျော်ပြီး ထိုင်းပေါ်ကို ရောက်ရင် သူ့ရဲ့မြေပြင်အနေအထားက တောင်တွေထူတယ်။ ပြီးတော့မှ ထိုင်းနိုင်ငံအလယ်ပိုင်းလောက်ကို ဖြတ်ပြီး မဲဆောက်ဘက်ကို ဖြတ်မှာ။ ဆိုတော့ မဲဆောက်၊ မြဝတီကလည်း တောင်တွေထူတယ်။ အဲ့လိုဆိုတော့ သူက အားတော့လျော့သွားမှာ” 

#ဘယ်ဒေသတွေကို ဖြတ်ပြီးဝင်လာမှာလဲ

“ ဖြတ်ဝင်တဲ့ အနေအထားမှာ မော်လမြိုင်ရဲ့အထက် လှိုင်းဘွဲ့လောက်ကနေ ဖြတ်ဝင်လာလိမ့်မယ်။ ဖြတ်ဝင်လာပြီး ဧရာဝတီတိုင်းပေါ်ကိုရောက်ပြီးမှ မြောက်ဘက်ကို ထိုးတက်မှာ။ ငပလီနားလောက်ထိ တက်တယ်။ ပြီးတော့ ပြည် ကျော်တဲ့အထိ မကွေးတောင်ဘက်နားလောက်ထိ သူကတက်တယ်။ တက်ပြီးသွားတော့မှ အနောက်ဘက်ကို ပြန်ချိုးတယ်။ ချိုးပြီးတော့မှ ကျောက်ဖြူနဲ့ မာန်အောင်ကြားထဲ ကနေ ဘင်္ဂလားပင်လယ်အော်ထဲကိုထွက်မှာ။ အဲ့ဒီလို ထွက်ပြီးရင် အဲ့မှာ မုန်တိုင်းက ပြန်ဖြစ်တာဗျ။ ပြီးရင် ထုံးစံအတိုင်း အနောက်မြောက်ဘက်ကို ဆက်ပြီးတော့ရွေ့ပြီး ဩရိဿကမ်းခြေကိုပဲ ရောက်သွားမှာ။ ဆိုတော့ စက်တင်ဘာ ၃၀ ည ၁၁ နာရီကနေ အောက်တိုဘာ ၃ ရက် ညနေ ၃ နာရီအချိန်ကာလအတွင်း စူပါတိုင်ဖွန်း NORU ရဲ့ ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းက မြန်မာနိုင်ငံကို ဖြတ်ပြီး အိန္ဒိယ ဩရိဿကမ်းခြေအထိ ဝင်သွားမယ်” 

#ဖြတ်ဝင်မယ့်လမ်းကြောင်းက အပြောင်းအလဲ ရှိနိုင်သေးလား

“ လမ်းကြောင်းက တောင်ဘက်ကို ထပ်ကျဖို့တော့မတွေ့ဘူး။ ဘာလို့လဲဆိုတော့ အောက်ဘက်က အနောက်တောင်လေစီးကြောင်းကလည်း အားကောင်းနေတာရှိတယ်။ နောက်တစ်ခုက အခု ဒီ NORU ရဲ့နောက်မှာ တောင်တရုတ်ပင်လယ်မှာ နောက်ထပ်မုန်တိုင်းတစ်လုံး ထပ်ဖြစ်ဖို့ရှိနေတာကလည်း တွန်းနေတယ်။ ဆိုတော့ သူ့ရဲ့ လေစီးကြောင်း စီးပုံစီးနည်း (Steering Ring) က ကုန်းတွင်း လေဖိအားနည်းရပ်ဝန်းက အောက်ဘက်ကို မဆင်းစေဘူး။ အပေါ်ကိုပဲ တက်စေတဲ့ပုံမျိုး ဖြစ်စေတယ်။ အဲ့ဒီနောက်တစ်လုံး (တောင်တရုတ်ပင်လယ်က မုန်တိုင်းအရှိန်) ကျရင် အလယ်ပိုင်းမှာ မိုးကြီးပြီး ရေပါကြီးမယ့်သဘောမျိုးဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ သူက အရှေ့ဖက်ခြမ်း တာချီလိတ်နဲ့ မိုင်းယောင်းကြားထဲလောက်ကနေဝင်ပြီး အနောက်ဘက်ကို တည့်တည့်ကြီးဖြတ်မှာ။ ဆိုတော့ မန္တလေး တိုင်းပေါ်လည်းရောက်မယ်။ မကွေးတိုင်းပေါ်လည်း ရောက်မယ်။ စစ်ကိုင်းတိုင်းပေါ်လည်း ရောက်မယ်။ ဘာဆက်ဖြစ်မလဲဆိုတာတော့ လောလောဆယ် Update မရသေးတော့ မတွေ့သေးဘူး” 

#တောင်တရုတ်ပင်လယ်က မုန်တိုင်းအရှိန်က ဘယ်လိုသက်ရောက်မှာလဲ

“ စက်တင်ဘာ ၃၀ မှာ NORU က ကုန်းတွင်း လေဖိအားနည်းရပ်ဝန်းအဆင့်နဲ့ မြန်မာပြည်ကို ဖြတ်ဝင်ချိန်မှာ တောင်တရုတ်ပင်လယ်က နောက်တစ်လုံးက တောက်လျှောက်ဆက်ပြီး ဖြစ်လာမှာ။ အောက်တိုဘာ ၁ ရက်နေ့ မနက်ပိုင်းလောက်ကနေ စဖြစ်မယ်။ အဲ့ဒီအချိန်မှာ ဒီဘက်က ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းက မြန်မာပြည်နယ်စပ်ကို လှိုင်းဘွဲ့ကနေ ဖြတ်ဝင်နေပြီ။ အဲ့ဒီအချိန် တောင်တရုတ်ပင်လယ်မှာ မုန်တိုင်းနောက်တစ်လုံးထပ်ဖြစ်တဲ့အချိန်မှာ ကပ္ပလီပင်လယ်နဲ့ ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းမှာရှိတဲ့ အနောက်လေစီးကြောင်းကြီးက အရမ်းအားကောင်းလာတယ်။ အဲ့ဒါကြောင့် လေဖိအားနည်းရပ်ဝန်းက အောက်ကိုမဆင်းတော့ဘဲ အပေါ်ပဲ ဆက်သွားမှာ။ ဒါကြောင့် မို့လို့လည်း ပဲခူးတိုင်း၊ ရန်ကုန်တိုင်းကို ဖြတ်ပြီး ဧရာဝတီတိုင်းပေါ်လည်းရောက်ကော အနောက် မြောက်ဘက်ကို ထောင်တက်သွားမှာလို့ ပြောတာ။  လမ်းကြောင်း ပြောင်းနိုင်ချေ နည်းနည်းပါးပါးရှိရင်တောင် မြောက်ဘက်ကို ထပ်ရောက်ဖို့ပဲ ရှိမှာ”

#ဘယ်အချိန်လောက်ကစပြီး မြန်မာနိုင်ငံမှာ မိုးကြီးတာတွေ ဖြစ်မှာလဲ

“ မိုးကြီးနိုင်မှာကတော့ ထိုင်းနိုင်ငံအလယ်ပိုင်းကိုစရောက်တဲ့အချိန်ကတည်းက ဒီဘက်မှာ မိုးတွေ စကြီးမှာ။ ဘယ်အချိန်လောက်လဲဆိုရင်တော့ ၂၉ ရက်နေ့လောက်ကတည်းကစပြီး မိုးက စရွာတော့မှာ" 

" မိုးကြီးမယ့်နေရာတွေဆိုရင်တော့ တနင်္သာရီတိုင်းတစ်ခုလုံးပါမယ်။ ပြီးတော့ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ ကယားပြည်နယ်၊ ရခိုင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းတောင်ပိုင်းတွေလည်း ပါမယ်။ တောင်တရုတ်ပင်လယ်က နောက်တစ်လုံးနဲ့ဆက်သွားရင်တော့ တစ်နိုင်ငံလုံး မိုးကြီးသွားလိမ့်မယ်” 

#တောင်တရုတ်ပင်လယ်က မုန်တိုင်းအရှိန်က ဘယ်တော့လောက်သက်ရောက်မလဲ

“ သူက အောက်တိုဘာ ၂ ရက် ၃ ရက်လောက်မှာ ကုန်းတွင်းကိုဝင်မှာ။ ပြီးရင် သူ့ရဲ့အကြွင်းအကျန် တိမ်တိုက်က လာအိုပေါ်ကနေဖြတ်ပြီး ၃ ရက်နေ့ညပိုင်းကစပြီး မြန်မာနိုင်ငံအရှေ့ပိုင်းကို စဝင်မယ်။ စဝင်တဲ့အချိန်မှာ ဘင်္ဂလားပင်လယ်အော်မှာ ရှေ့ကမုန်တိုင်းကလည်း အားဖြစ်သွားတော့ လက်ဝဲ ရစ်လေစီးကြောင်းကြီးတွေဖြစ်တယ်။ ဆိုတော့ တောင်ဘက်ကတိမ်တွေကို အကုန်လုံးဆွဲသွင်း၊ အလယ်ပိုင်းတွေကောဆိုတော့ လွတ်နိုင်တာက ကချင်ပြည်နယ်တစ်ခုပဲရှိတယ်။ ကျန်တဲ့နေရာ တွေမှာက အကုန်လုံးမိုးများမှာ။ အောက်တိုဘာ ၄ ရက်ဆိုရင် မြင်းခြံတို့၊ မြိုင်တို့၊ ကံမတို့၊ ညောင်ဦးတို့၊ တောင်သာတို့လို အလယ်ပိုင်း မိုးနည်းဒေသကြီးတစ်ခုလုံးတောင် မိုးတအားများနိုင်တယ်။ အဲ့ဒီဒေသမှာ ၅ ရက်အတွင်း မိုးရေချိန်က ၇ လက်မလောက်ထိတောင် ရွာသွားနိုင်တယ်” 

( ဆရာဦးဝင်းနိုင်အနေဖြင့် Windy App ရှိ ကမ္ဘာလုံးဆိုင်ရာမိုးလေဝသ Model များဖြစ်သည့် ECMWF Model နှင့် GFS Model ခန့်မှန်းချက်များကို အသုံးပြု၍ ကြိုတင်ခန့်မှန်းခြင်း ဖြစ်ပါသည်)

Photos Crd_ U Win Naing

 (မိမိဒေသ မြို့နယ်တစ်ခုချင်းအလိုက် အသေးစိတ်မိုးလေဝသအခြေအနေများကို သိလိုပါက Green Way app ရှိ ‘ မေးကြ၊ ဖြေကြ ဒေသအလိုက် မိုးလေဝသ’ အဖွဲ့တွင် အခမဲ့အဖွဲ့ဝင်ပြီး ဆရာနှင့် တိုက်ရိုက်မေးမြန်းနိုင်ပါသည်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်