စင်ကာပူရဲ့ NEWater အကြီးဆုံးစက်ရုံ Changi ကို ဘယ်လိုတည်ဆောက်ထားတယ်..ဘယ်လိုအလုပ်လုပ်တယ်..

23/11/2023 15:00 PM တွင် Khaing Kyi Thit Khaing Kyi Thit မှ ရေးသား

 

စင်ကာပူအတွက် NEWater ဟာ အင်မတန်အရေးကြီးတဲ့ ရေအရင်းအမြစ်တစ်ခုပါ။ NEWater ဆိုတာ အများပြည်သူ အသုံးပြုပြီး စွန့်ထုတ်ပစ်လိုက်တဲ့ ရေဆိုးတွေကို ပြန်လည်သောက်သုံးနိုင်တဲ့အထိ အလွန်အားကောင်းတဲ့ စနစ်တွေနဲ့ ပြန်လည်သန့်စင်ထုတ်လုပ်ထားတဲ့ ရေ ဖြစ်ပါတယ်။ ဘယ်လို စနစ်တွေနဲ့ ပြန်လည် သန့်စင်ထုတ်လုပ်သလဲ ဆိုတာ လေ့လာကြည့်ရအောင်ပါ။ စင်ကာပူရဲ့ NEwater စက်ရုံ ၅ ခုအနက်က အကြီးဆုံးစက်ရုံဖြစ်တဲ့ Changi စက်ရုံကို ဥပမာဆောင် တင်ပြလိုပါတယ်။ 

စက်ရုံChangi 

စင်ကာပူနိုင်ငံဟာ နိုင်ငံလေး သေးငယ်ပြီး မြေအပို ရှားပါးလှပါတယ်။ ဒါကြောင့် NEWater စက်ရုံတွေအတွက် မြေနေရာ ကျယ်ကျယ် မပေးနိုင်ပါဘူး။ ဒါကြောင့် စက်ရုံတွေရဲ့ အစိတ်အပိုင်း တော်တော်များများဟာ မြေအောက်မှာ ဖြစ်ပါတယ်။ Changi စက်ရုံကလည်း ထို့အတူပါပဲ။ အဲဒီစက်ရုံရဲ့ မြေအောက်မှာ အထပ် ၂၅ ထပ် အထိ ရှိတယ်လို့ ဆိုပါတယ်။ 

ရေသုံးစွဲသူ ပြည်သူလူထုရဲ့ အိမ်တွေ၊ ရုံးတွေက ထွက်လာတဲ့ စွန့်ပစ်ရေဆိုးတွေကို မိုင် ၃၀ လောက် ရှည်လျားတဲ့ ပိုက်လိုင်းကွန်ယက်တွေကတဆင့် စက်ရုံဆီကို သယ်ယူလာပေးပါတယ်။ 

စက်ရုံကနေ တစ်ရက်ကို ရေလီတာပေါင်း သန်း ၉၀၀ သန့်စင်ထုတ်လုပ်ပေးပါတယ်။ ဂါလံအားဖြင့် ၂၃၇ သန်း ဖြစ်ပါတယ်။ 

သန့်စင်မှု အဆင့်ဆင့်

  • စက်ရုံကို ရောက်ရှိလာတဲ့ ရေဆိုးတွေကို ပထမအဆင့်အနေနဲ့ သမားရိုးကျနည်းလမ်းတွေအတိုင်း ရေထဲမှာ ပါဝင်တဲ့ အနယ်အမှုံတွေကို စစ်ထုတ်ဖယ်ရှားပြီး သန့်စင်ပေးပါတယ်။ လုပ်ရိုးလုပ်စဉ်နည်းလမ်းအတိုင်းမို့ conventional water treatment လို့ ခေါ်ပါတယ်။ 
  • ဒုတိယအဆင့်ကိုတော့ microfiltration လို့ခေါ်ပါတယ်။ မျက်စိနဲ့မမြင်နိုင်လောက်အောင် သေးငယ်တဲ့ အဏုဇီဝပိုးမွှားတွေ၊ အဏုကြည့်မှန်ပြောင်းအောက်မှာသာ မြင်ရနိုင်တဲ့ အမှုံအမွှားတွေကို သန့်စင်တာပါ။ ဒီအဆင့်က စစ်ထုတ်ပြီး ထွက်လာတဲ့ ရေထဲမှာ ဗက်တီးရီးယားတို့လို အမှုံအမွှား ဆိုတာ ဘာမှ မပါလာတော့ပါဘူး။ လွယ်လွယ်ပြောရရင် ရေထဲ မပျော်ဝင်နိုင်တဲ့ အမှုံအမွှားတွေ အကုန်နီးပါး စစ်ထုတ် ပေးလိုက်တာပါ။ ဒါကြောင့် ရေထဲပျော်ဝင်နေတဲ့ ဓာတ်ဆားနဲ့ ဩဂဲနစ်မော်လီကျူတွေပဲ ကျန်ပါတော့တယ်။ 
  • တတိယအဆင့်မှာတော့ အာရ်အို (RO) လို့သိကြတဲ့ reverse osmosis နည်းနဲ့ ထပ်ဆင့် စစ်ထုတ် သန့်စင်ပေးပါတယ်။ ရေမော်လီကျူတွေသာ ဖြတ်သန်းနိုင်တဲ့ semi-permeable membrane ကို ဖြတ်သန်းစေပြီး စစ်ထုတ်နိုင်တဲ့ အဆင့် ဖြစ်ပါတယ်။ ဗက်တီးရီးယားတွေသာမက ဗိုင်းရပ်စ်တွေ၊ ရေထဲပျော်ဝင်နေတဲ့ heavy metal တွေ၊ ဓာတ်ဆားတွေ၊ ပိုးသတ်ဆေးဓာတ်ကြွင်းတွေ၊ ဟိုက်ဒရိုကာဗွန်ဓာတ်ပေါင်းတွေ ကို ဒီအဆင့်မှာ စစ်ထုတ် ချန်ထားပေးပါတယ်။ ဒါကြောင့် ဒီအဆင့်က စစ်ထုတ်လိုက်တဲ့အထဲမှာ ရေမော်လီကျူ တွေသာ ပါဝင်လာတော့မှာ ဖြစ်ပါတယ်။ 
  • နောက်ဆုံးတစ်ဆင့်မှာတော့ ခရမ်းလွန်ရောင်ခြည် (Ultraviolet - UV) နဲ့ ပိုးသတ်သန့်စင်ပါတယ်။ တကယ်တော့ ဒီအဆင့်ကို ရောက်လာတဲ့ရေ ဟာ ပိုးမွှားတွေ မပါလာတော့ပါဘူး။ ဒါပေမယ့် သေချာအောင်လို့ UV နဲ့ ထပ်ပြီး ပိုးသတ်သန့်စင်ပေးတာ ဖြစ်ပါတယ်။ 

UV နဲ့ ထပ်ပြီး ပိုးသတ်သန့်စင်ပြီးတဲ့အခါ ချဉ်ငံနှုန်း (pH) ထိန်းညှိဖို့ လိုအပ်တဲ့ ဓာတုဆေးဝါးတွေနဲ့ ပြုပြင်ပါတယ်။ ပြီးရင်တော့ အသုံးပြုဖို့ NEWater ရရှိလာပြီ ဖြစ်ပါတယ်။ 

NEWater ကို ဘယ်လို သုံးကြလဲ?

NEWater ကို အဓိကအားဖြင့် ပုံစံ ၂ မျိုးနဲ့ သုံးပါတယ်။ 

ပထမနည်းလမ်းကတော့ အင်မတန်သန့်စင်တဲ့ ရေကို လိုအပ်တဲ့ စက်မှုလုပ်ငန်းတွေမှာ အသုံးချဖို့ပါ။ ဥပမာ တပိုင်းလျှပ်ကူးပစ္စည်းတွေဘထုတ်လုပ်ရာမှာ လိုအပ်တဲ့ wafer fabrication လို လုပ်ငန်းမျိုးအတွက်ပါ။ လျှပ်စစ်ပစ္စည်း၊ အီလက်ထရောနစ်ပစ္စည်းစက်ရုံတွေမှာလည်း သုံးပါတယ်။ ကြီးမားတဲ့အဆောက်အဦးကြီးတွေမှာ အအေးပေးစနစ်အတွက် လိုအပ်တဲ့ ရေ ကိုလည်း NEWater နဲ့ ဖြည့်ဆည်းပါတယ်။ 

ဒုတိယနည်းလမ်းကတော့ planned indirect potable use (planned IPU) အဖြစ် အသုံးပြုခြင်း ဖြစ်ပါတယ်။ planned IPU ဆိုတာကတော့ NEWater ကို အခြားအရင်းအမြစ်တွေက ရရှိတဲ့ ပုံမှန် သောက်သုံးရေ တွေနဲ့ ရောနှောပြီး၊ အဲဒီပုံမှန်ရေတွေမှာ ဆောင်ရွက်တဲ့ ရေသန့်စင်စနစ်တွေကို ထပ်မံဖြတ်သန်းစေပြီးနောက်မှ အများပြည်သူသုံးစွဲတဲ့ ရေလိုင်းတွေထဲ ပို့လွှတ်တာ ဖြစ်ပါတယ်။ 

စင်ကာပူအစိုးရ လူထုကို NEWater သုံးဖို့ စည်းရုံးနည်း

NEWater ထုတ်လုပ်ပုံကို လေ့လာကြည့်ရင် အင်မတန်သန့်ရှင်းပြီး၊ ဘေးကင်းတဲ့ရေ ဖြစ်ကြောင်း သိရှိနိုင်ပါတယ်။ ဒါပေမယ့် လူ့သဘာဝအရ ရေဆိုးကို ပြန်သန့်စင်ထားတဲ့ရေဆိုတဲ့ အသိက အဲဒီရေကို စိတ်ပါလက်ပါ စိတ်ချလက်ချ သောက်သုံးဖို့ တွန့်ဆုတ်နေစေပါတယ်။ NEWater တွေ ဘယ်လောက်ကောင်းကောင်း၊ ဘယ်လောက်ပဲ ထုတ်နိုင်နိုင်၊ ပြည်သူက မသောက်သုံးချင်ရင် အလကားပါပဲ။ ဒီအတွက် စင်ကာပူအစိုးရဟာ ပြည်သူလူထုကို NEWater သုံးစွဲရေး အသိပညာပေး စွဲဆောင်စည်းရုံးရပါတော့တယ်။ အဲဒီလုပ်ငန်းတွေကို ၂၀၀၂ ခုနှစ်ကတည်းက စတင်ပြီး အပြင်းအထန် လုပ်ဆောင်ခဲ့တာပါ။ 

စင်ကာပူ အခြေစိုက် သတင်းထောက်တွေကို အမေရိကန်ပြည်ထောင်စုနဲ့ ယူနိုက်တက်ကင်းဒမ်းတို့ဆီ လေ့လာရေးခရီးစဉ်တွေ သွားရောက်နိုင်ဖို့ စီစဉ်ပေးပါတယ်။ အဲဒီနိုင်ငံကြီးတွေမှာ ရေဆိုးပြန်လည်သန့်စင်ပြီး အသုံးပြုနေတာကို ကိုယ်တွေ့သိမြင်နိုင်ပြီး၊ စင်ကာပူပြန်ရောက်တဲ့အခါ သတင်းမီဒီယာတွေကတဆင့် အများပြည်သူကို ပြန်လည်မျှဝေနိုင်ဖို့ပါ။ 

အောက်ခြေက လူထုခေါင်းဆောင်တွေ၊ အသင်းအဖွဲ့တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကို Bedok မှာရှိတဲ့ NEWater စက်ရုံဆီ ဖိတ်ကြားပြီး ရေဆိုးတွေကို ဘယ်လို သန့်စင်တယ်၊ ရေအ‌ရည်အသွေး ဘယ်လောက် ကောင်းမွန်လာတယ်ဆိုတာတွေ နားလည်သဘောပေါက်လာအောင် ရှင်းပြပေးပါတယ်။ သူတို့ကတဆင့် အများပြည်သူထံ NEWater အကြောင်း သတင်းစကားတွေ ဖြန့်ဝေပေးနိုင်အောင်ပါ။ 

၂၀၀၂ ခုနှစ်မှာ ကျင်းပတဲ့ အမျိုးသားနေ့ ချီတက်လမ်းလျှောက်ပွဲမှာ ဝန်ကြီးချုပ် မစ္စတာ ဂိုချောက်တောင် (Goh Chok Tong) ဟာ ပရိတ်သတ် ၆၀,၀၀၀ နဲ့အတူ NEWater ရေသန့်ကို ကိုယ်တိုင် သောက်သုံးပြခဲ့ပါတယ်။ 

၂၀၀၃ ခုနှစ်မှာတော့ Bedok စက်ရုံမှာ NEWater visitor centre ကို တရားဝင်ဖွင့်လှစ်ခဲ့ပါတယ်။ NEWater အကြောင်း အများပြည်သူ လေ့လာနိုင်ဖို့၊ အသိပညာပေးနိုင်ဖို့ စင်တာပဲ ဖြစ်ပါတယ်။ 

Planned IPU စနစ်ကို ထားရှိတာကလည်း NEWater ကို အများပြည်သူ လက်ခံလာဖို့ လေ့ကျင့်ပေးတဲ့ လုပ်ငန်းတစ်ရပ်ပဲ ဖြစ်ပါတယ်။ 

ဘယ်လိုပဲဖြစ်ဖြစ် ခုချိန်မှာတော့ စင်ကာပူနိုင်ငံသားတွေက NEWater ကို အပြည့်အဝ လက်ခံပြီး ၊ စိတ်ချလက်ချသောက်သုံးနေကြပြီ ဖြစ်ပါတယ်။ 

NEWater ဇာတ်လမ်းကို မေးမြန်းမိခဲ့သမျှ၊ လေ့လာဖတ်ရှုမိသမျှတွေထဲမှာ သတိပြုစရာ အချက်များစွာ ပါဝင်‌နေပါတယ်။ အဲဒီထဲက လူထုရဲ့ အရေးပါပုံနဲ့ ဆက်စပ်တဲ့ အချက်တချို့ကိုလည်း စာရေးသူရဲ့ရှုထောင့်ကနေ တစ်ခါတည်း ကောက်နှုတ်တင်ပြလိုပါတယ်။

စီမံကိန်းတစ်ခု၊ လုပ်ငန်းတစ်ရပ်ဟာ နည်းပညာတွေ ဘယ်လောက်အဆင့်မြင့်မြင့်၊ အရည်အသွေး ဘယ်လောက်ကောင်းကောင်း၊ ပြည်သူလူထုက လက်မခံဘူးဆိုရင် အောင်မြင်ဖို့ မဖြစ်နိုင်ပါဘူး ဆိုတာရယ်နဲ့ NEWater ဟာ ပြည်သူကို စွဲဆောင်စည်းရုံးနိုင်လို့ အောင်မြင်အောင် အကောင်အထည်ဖော်နိုင်တာဆိုတာပါ။ တနည်းအားဖြင့် အစိုးရရဲ့ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှုနဲ့ ပြည်သူလူထုရဲ့ ပူးပေါင်းဆောင်ရွက်မှုကို ပေါင်းစပ်ပေးနိုင်ခဲ့တာပါ။ 

ပြည်သူလူထုက NEWater ကို လက်ခံလာနိုင်စေဖို့ ဆောင်ရွက်ရတဲ့ အသိပညာပးစည်းရုံး‌မှု လုပ်ငန်းတွေကလည်း သတိပြုစရာပါ။ သတင်းမီဒီယာတွေကို ထိထိရောက်ရောက်အသုံးချတာ တွေ့ရသလို၊ နိုင်ငံ့ခေါင်းဆောင်တွေကပါ တက်တက်ကြွကြွ ထဲထဲဝင်ဝင် ပါဝင်ပြီး လူထုကို စည်းရုံးပြခဲ့ပါတယ်။

မြန်မာနိုင်ငံက စိုက်ပျိုးမွေးမြူရေးကဏ္ဍမှာ ခေတ်အဆက်ဆက်မှာ အဲဒီလို လုပ်ငန်းတွေ အားနည်းခဲ့တာ တွေ့ရမှာပါ။ ရောဂါထိန်းချုပ်ရေး၊ မျိုးသစ်အသုံးချရေး၊ အစားအသောက်ဘေးကင်းလုံခြုံမှုာစသည်ဖြင့် စီမံကိန်းတွေ လုပ်ဆောင်ရာမှာ သတင်းသမားတွေကို "အခမ်းအနားသတင်းတွေ ရေးပေးရုံ" မျှသာ သဘောထားကြပြီး၊ လူထုကို ပညာပေးစည်းရုံးပေးတဲ့သူအဆင့်အထိ မြှင့်တင်ပေးတာမျိုး မလုပ်ဆောင်ခဲ့ကြပါဘူး။ 

ဒီဆောင်းပါးဟာ စင်ကာပူရဲ့ ရေအကြောင်း ဆွေးနွေးတင်ပြ မျှဝေခြင်းဖြစ်သလို "ပြည်သူသာ အဓိက" ဆိုတဲ့ သဘောတရားကို မြှင့်တင်အားပေးဖို့လည်း ရည်ရွယ်ပါတယ်။ ဒါ့အပြင် အနာဂတ် စိုက်ပျိုးမွေးမြူရေးကဏ္ဍမှာ လူထုပညာပေးစည်းရုံးမှုတွေ ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ တိုက်တွန်းချက်တစ်ရပ်လည်း ဖြစ်ပါတယ်။ 

မြန်မာပြည်သူပြည်သားအပေါင်းရဲ့ နေ့စဉ်ဘဝတွေလည်း NEWater လို ရန်ဘယာတွေ ကင်းစင်ပြီး ကြည်လင်အေးချမ်းနိုင်ပါစေ။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်