လျှပ်စီးလက်-မိုးကြိုးပစ်နေချိန် ဖုန်းသုံးတာအန္တရာယ်ရှိလား..

20/06/2023 15:00 PM တွင် ဦးဝင်းနိုင် ဦးဝင်းနိုင် မှ ရေးသား

တိမ်များအကြောင်းရေးခဲ့စဉ်က "တိမ်ဆိုတာ ရေခိုးရေငွေ့အမှုန်လေးတွေ၊ ရေခဲမှုန်လေးတွေ ပါဝင်တဲ့ ကောင်းကင်က ဝါဂွမ်းစိုင်လို အစုအဝေးကြီးတစ်ခု" ဖြစ်ကြောင်း ပြောပြခဲ့ပြီး ပုံသဏ္ဌာန် အမျိုးမျိုး ရှိတဲ့ တိမ်များက မိုးလေဝသဖြစ်စဉ်အမျိုးမျိုးကို ဖြစ်ပေါ်စေကြောင်းလည်း ရှင်းပြပေးခဲ့ပါတယ်။ 

Thunder Storm Clouds လို့ခေါ်တဲ့ မိုးတိမ်တောင်တွေဖြစ်ပေါ်လာပုံက အခြားတိမ်တွေလိုပဲ ရေခိုး ရေငွေ့ အမှုန်လေးများနဲ့ စုဖွဲ့ထားပြီး မြေပြင်မှ ပူနွေးတဲ့လေစီးကြောင်းတွေ အထက်ဘက်ကို စီးဆင်းနေရာက တိမ်များထဲကရေခိုးရေငွေ့မှုန်လေးများကို အထက်သို့ဆွဲခေါ်သွားရင်း ပိုမိုမြင့်မားတဲ့ မိုးတိမ်တောင်ကြီးတွေဖြစ်လာစေပါတယ်။ တိမ်များကိုတဖြည်းဖြည်းကြီးပြီး မြင့်မားစွာဖြစ်ပေါ်စေတဲ့ တိမ်များအတွင်းက "အထက်ပင့်လေစီးကြောင်း"ကိုတော့ "UPDRAFT"လေစီးကြောင်းလို့ ခေါ်ကြ ပါတယ်။ 

Cloud Droplets and Ice Crystals အထက်ပင့်လေစီးကြောင်းက တိမ်များဖြစ်ပေါ်စေတဲ့အချိန်မှာ တိမ်များအတွင်းက ရေခိုးရေငွေ့များဟာ တိမ်အတွင်းရေစက်ကလေးများ (Cloud droplets) အဖြစ် ပြောင်းလဲသွားကြပါတယ်။ တိမ်အတွင်းရေစက်လေးများအနက် အချို့က အေးခဲသွားပြီး ရေခဲမှုန် လေးများ(Ice Crystals) ဖြစ်သွားပါတယ်။ Graupels အေးခဲသွားတဲ့တိမ်အတွင်း ရေခဲမှုန်လေးတွေ - ice crystals နဲ့ ရေစက်လေးတွေ cloud droplets လေးတွေ တစ်ခုနဲ့တစ်ခုတိုက်မိကာပေါင်းစည်းသွားပြီး "Graupel" လို့ခေါ်တဲ့ အရွယ်ပိုကြီးတဲ့ ရေခဲမှုန်လေးတွေ(Ice Particles) ဖြစ်လာပါတယ်။ 

Hail လို့ခေါ်တဲ့ "မိုးသီး"နဲ့ Graupel လို့ခေါ်တဲ့ "ရေခဲမှုန်"လေးတွေက တိမ်အတွင်းဖြစ်ပေါ်ကြတာချင်း တူပေမဲ့ ရေခဲမှုန်လေးများ(Graupels)က မိုးသီး(Hail)ထက်ပိုပြီး ပျော့ပျောင်းကြပါတယ်။ Static Charging in Ice Crystals and Graupels တိမ်အတွင်းက ရေခဲမှုန်လေးတွေ(Ice Crystals)ဟာ အထက် ပင့်လေစီးကြောင်းကြောင့် အပေါ်ဘက်ကိုလွင့်မျောလာရင်း သူတို့ထက်အရွယ်ပိုကြီးတဲ့ ရေခဲမှုန် (Graupel)တွေနဲ့ တိုက်မိတဲ့အခါ တည်ငြိမ်လျှပ်စစ်ဓာတ်အပေါင်းနဲ့ တည်ငြိမ်လျှပ်စစ်ဓာတ်အနုတ် ပါဝင်တဲ့ ရေခဲမှုန်လေးများ(Static Electricity Negative and Positive Charged Particles)အဖြစ် ပြောင်းလဲသွားကြပါတယ်။ 

တည်ငြိမ်လျှပ်စစ်ဓာတ်အပေါင်း(Positive Charged)ဖြစ်သွားတဲ့ ရေခဲမှုန်လေးတွေက ပိုပြီး ပေါ့ပါး တာကြောင့် တိမ်များရဲ့အထက်ဘက်ကို တက်ပြီး တိမ်ထိပ်ပိုင်းတွေဆီ သွားစုချိန်မှာ ပိုပြီးအရွယ်ကြီး၊ ပိုပြီးလေးတဲ့ Graupel ရေခဲမှုန်တွေကတော့ တည်ငြိမ်လျှပ်စစ်ဓာတ်အနုတ်(Negative Charged)ဖြစ်ကာ တိမ်တိုက်ရဲ့ အောက်ဘက်ကိုကျလာပါတယ်။

လျှပ်စီးလက်ခြင်းနှင့် မိုးကြိုးပစ်ခြင်း(Thunder Strike or Lightening Strike) 

ဒါကြောင့် မိုးတိမ်တောင်ကြီးများရဲ့ အောက်ခြေပိုင်းဟာ တည်ငြိမ်လျှပ်စစ်ဓာတ်အနုတ်(Negative Static Charge)ဖြစ်နေတဲ့ ရေခဲမှုန်လေးများ(Graupels)စုဝေးနေပြီး မြေပြင်ပေါ်က တည်ငြိမ်လျှပ်စစ် ဓာတ် အပေါင်း(Positive Static Charge)ဖြစ်နေတဲ့ တယ်လီဖုန်းတာဝါတိုင်တွေ၊ သစ်ပင်မြင့်တွေနဲ့ နီးလာတဲ့အခါမှာတော့ မိုးတိမ်တောင်ကြီးများအောက်ခြေမှာစုဝေးနေတဲ့ ရေခဲမှုန်လေးများဆီက တည်ငြိမ်လျှပ်စစ်အနုတ်ဓာတ်တွေဟာ မြေပြင်ပေါ်ရှိ အပေါင်းလျှပ်စစ်ဓာတ်ရှိရာဆီ ထုတ်လွှတ်ခြင်း ဖြစ်စဉ် ဖြစ်လာပါတယ်၊ အဲ့ဒီဖြစ်စဉ်ကိုတော့ Discharge လုပ်လိုက်တယ်လို့ နားလည်မှတ်သားနိုင်ပါတယ်။ 

အခုလို discharge လုပ်လိုက်တဲ့အခါမျိုးမှာ မြေပြင်မှာအပေါင်းအနုတ်ဝါယာကြိုး ၂ ခု ထိမိလိုက်တာ ထက် အဆပေါင်းများစွာပိုမိုတဲ့ အလင်းစွမ်းအင်နဲ့ အပူစွမ်းအင်တွေ ဖြစ်ပေါ်ပြီး အလွန်ပြင်းထန် ကျယ်လောင်တဲ့ပေါက်ကွဲသံကြီးကိုပါ ဖြစ်ပေါ်စေတာပါ။ ဒါကို "မိုးကြိုးပစ်တယ် - Thunder Strike or Lightening Strike" လို့ ခေါ်တာဖြစ်ပါတယ်။ 

မိုးကြိုးပစ်ခြင်းစွမ်းအင်မှတ်တမ်းများ 

မိုးကြိုးပစ်တဲ့ ဖြစ်စဉ်တွေမှာ အမြင့်ဆုံးဖြစ်ခဲ့တာက အိန္ဒိယနိုင်ငံမှာ မှတ်တမ်းတင်ခဲ့ရတဲ့ မိုးကြိုးဖြစ်ပြီး ဗို့အား ၁.၃ ဘီလီယံဗို့အထိများခဲ့ကာ လျှပ်စစ်စီးဆင်းမှု (Current)က 5KA မှ 200KA(5,000 amperes to 200,000 Amperes)အထိ ရှိခဲ့ကြောင်း လေ့လာသူများက မှတ်တမ်းတင်ခဲ့ပါတယ်။ 

အမေရိကန်နိုင်ငံ အမျိုးသားမိုးလေဝသဌာန(National Weather Service) ရဲ့မှတ်တမ်းအရဆို ကမ္ဘာမှာ ပျမ်းမျှ တစ်နှစ်ကို မိုးကြိုးပစ်ခြင်းအကြိမ်ရေ ၂၅ သန်းအထိရှိပြီး အဲ့ဒီမိုးကြိုးပစ်ဖြစ်စဉ်များရဲ့ ပျမ်းမျှ ဗို့အားကတော့ သန်း ၃၀ ဗို့(30 million Volts) ထိရှိတယ်လို့ ဆိုထားပါတယ်။ 

မိုးကြိုးပစ်ခြင်းပုံသဏ္ဌာန် ၃ မျိုးရှိပါတယ်..

(၁) မိုးတိမ်တောင်များမှ မြေပြင်ကိုပစ်ခြင်း(Clouds to Ground)၊ 

(၂) မိုးတိမ်တောင်များ တစ်ခုနှင့်တစ်ခုကြားတွင် ပစ်ခြင်း(Intra-cloud Lightening Strike) (လျှပ်စီးလက်ခြင်းနှင့် မိုးကြိုးပစ်ခြင်း နှစ်မျိုးဖြစ်တတ်သည်) နှင့် 

(၃) မိုးတိမ်တောင်များမှ လေထဲသို့ ပစ်ခြင်း(Clouds to Air Strike) တို့ပဲ ဖြစ်ပါတယ်။

မိုးကြိုးပစ်တာခံရတော့မယ်လို့ ဘယ်လိုခံစားသိရှိနိုင်မလဲ? 

ကွင်းပြင်ကျယ်မှာလမ်းလျှောက်နေစဉ် သို့မဟုတ် အိမ်အတွင်းရှိနေစဉ်အချိန်မျိုးဆိုရင် အနီးအနားက တဖျန်းဖျန်းမြည်သံ(Cracking Sound) ကြားရတတ်ပါတယ်၊ 

လူ/တိရစ္ဆာန်တို့ရဲ့ အရေပြားနဲ့ ဆံပင်/အမွေးအမှင်တွေမှာ တည်ငြိမ်လျှပ်စစ်ဓာတ်စီးဆင်သလို တဖျင်း ဖျင်းခံစားရတာမျိုးလည်း ဖြစ်တတ်ပါတယ်။ 

ကျနော်တို့နဲ့ မရင်းနှီးသေးတဲ့ ခံစားမှုတစ်ခုကတော့ ... 

အိုဇုန်းလွှာမီးစွဲတဲ့အခါရတဲ့အနံ့မျိုးရတာ (ဘယ်လိုအနံ့မျိုးမှန်းတော့မသိပါ) သို့မဟုတ် မိမိဘေးနားမှာ အပြာရောင် မြူထုလိုမျိုးဖြစ်လာတတ်တာဖြစ်ပြီး အဲ့ဒါဆိုရင် ကိုယ့်ကိုမိုးကြိုးပစ်ခံရတော့မယ်ဆိုတာ ခံစားသိရှိနိုင်တယ်လို့ ဆိုပါတယ်။ 

အဲ့သလိုတွေခံစားရပေမဲ့ အကာအကွယ်ကောင်းတဲ့နေရာတစ်ခုဆီသွားဖို့ အချိန်မရတော့ရင်တော့ မြေကြီးနဲ့ ကပ်နေအောင် မှောက်ချ/ထိုင်ချလိုက်ပြီး ဖိနပ်ချွတ်ထားတဲ့ ခြေထောက်/လက်အိတ် စွပ် မထားတဲ့ လက်ဗလာနဲ့ မြေကြီးကိုထိထားပြီး ကိုယ့်ခန္ဓာကိုယ်ပေါ်မှာဖြစ်လာတဲ့ တည်ငြိမ်လျှပ်စစ် ဓာတ်အားကို မြေကြီးထဲ ထုတ်လွှတ်ပေး(discharge) နိုင်အောင် ကြိုးစားရပါမယ်။ 

ဒါဆိုရင်တော့ မိုးကြိုးပစ်မဲ့ မိုးတိမ်တောင်ဆီက လျှပ်စစ်ဓာတ်ဟာ ကိုယ်ထက်မြင့်တဲ့ သစ်ပင်၊ ဓာတ်တိုင်တစ်ခုခုကို ပြောင်းပြီးပစ်တာ၊ ဒါမှမဟုတ် Discharge Point မရှိတော့တာကြောင့် လုံးဝ မပစ်တော့တာမျိုးလည်း ဖြစ်သွားနိုင်ပါတယ်။ 

ဆိုတော့ အသက်ကိုဉာဏ်စောင့်ဆိုသလို လမ်းသွားတဲ့အခါ အမှုမဲ့အမှတ်မဲ့မနေဘဲ သတိရှိရင်ရှိသလို ကိုယ့်အသက်အန္တရာယ်မှ ရှောင်ရှားလွတ်မြောက်နိုင်မှာဖြစ်ပါတယ်။ 

လျှပ်စီးလက်-မိုးကြိုးပစ်နေစဉ် မိုဘိုင်းဖုန်းများသုံးရင် အန္တရာယ်ရှိနိုင်မလား?

မိုးတွေထစ်ချုန်းရွာပြီး လျှပ်စီးလက် မိုးကြိုးပစ်နေချိန်မှာ လိုင်းဖုန်းလို့ခေါ်ကြတဲ့ ကြေးကြိုးဖြင့် ချိတ်ဆက်သွယ်တန်းထားသောဖုန်းတွေအသုံးပြုရင်တော့ လိုင်းဖုန်းတွေအတွက်ပေးထားတဲ့ ၂၄ ဗို့ ဝန်းကျင်နဲ့ လိုင်းကြိုးတစ်လျှောက်လျှပ်စစ်ဓာတ်ဖြတ်စီးချိန်မှာ တည်ငြိမ်လျှပ်စစ်ဓာတ်(Static Charge) က လိုင်းကြိုးတစ် လျှောက် ဖုန်းကြိုးသွယ်တန်းထားတဲ့တိုင်နဲ့ ဖုန်းလိုင်းခလုတ်ခုံတည်နေရာတွေမှာ ဖြစ်လာနိုင်လို့ မိုးကြိုးပစ်ခံရနိုင်ပါတယ်။ 

ဖိုင်ဘာလိုင်းနဲ့ သွယ်တန်းတဲ့ဖုန်းလိုင်း/ဝိုင်ဖိုင်လိုင်းတွေဆိုရင်တော့ ဒီလို သက်ရောက်မှုမရှိပါဘူး။ လက်ကိုင်မိုဘိုင်းဖုန်းတွေကတော့ သူ့ကိုအသုံးပြုတဲ့လျှပ်စစ်ဓာတ်အားက လိုင်းဖုန်းတွေထက်စာရင် နည်းပါးတာကြောင့်ရယ်၊ ကြိုးမဲ့စနစ်ဖြစ်တာကြောင့်ရယ်၊ လက်ကိုင်ဖုန်းက ခန္ဓာကိုယ်(လက်)နဲ့ အမြဲ ထိတွေ့နေတာကြောင့်ရယ် မပြောပလောက်တဲ့ Static Charge ဖြစ်ခဲ့ရင်တောင် မိုးကြိုးပစ်ခံရလောက် တဲ့အထိ အန္တရာယ်မရှိပါဘူး။ 

ဒါပေမဲ့ တစ်ဖက်မှာလည်း မိုဘိုင်းဖုန်းအချို့ရဲ့ကိုယ်ထည်တွေကြောင့်တော့ အန္တရာယ်ရှိနိုင်ပြန်ပါတယ်။ အများစုက သတ္တုကိုယ်ထည်တွေနဲ့ပြုလုပ်ထားတတ်လို့  မြင့်တဲ့နေရာမှာသုံးတာ၊ မိုးတိမ်တောင်ကြီး တွေဖြစ်လာချိန် ကွင်းပြင်ကျယ်ထဲမှာ အသုံးပြုတာ၊ ကွန်တိန်နာပုံးတွေလို ကြီးမားတဲ့ သတ္တုပစ္စည်းတွေ၊ အဆောက်အဦတွေအနီးမှာသုံးတာမျိုးတွေဆို မိုးကြိုးပစ်ခံရနိုင်တဲ့ အန္တရာယ်ရှိပါတယ်။

ဆိုတော့ ဘယ်လိုလက်ကိုင်ဟန်းဆက်နဲ့ပဲသုံးသုံး လျှပ်စီးတွေလက်ပြီး၊ မိုးကြိုးတွေပစ်နေချိန်မှာဆိုရင် အိမ်ထဲမှာသုံးတာ ပြဿနာမရှိပေမဲ့ လမ်းပေါ်နဲ့အိမ်အပြင်တွေမှာဆိုရင်တော့ မသုံးသင့်ပါဘူးလို့ အကြံပြုရင်း နိဂုံးချုပ်လိုက်ပါတယ်ဗျာ၊ ပြည်သူအပေါင်း မိုးကြိုးအန္တရာယ်မှ ကင်းဝေးကြပါစေ။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်