အခြေခံစိုက်ပျိုးရေးသိပ္ပံပညာ အပိုင်း (၃၇) အခန်း ၂၄ - အပင်‌ရောဂါဗေဒ 

15/08/2022 12:36 PM တွင် ဒေါက်တာမျိုးကြွယ် ဒေါက်တာမျိုးကြွယ် မှ ရေးသား

 

အပင်ရောဂါဗေဒဆိုသည်မှာ အပင်ရောဂါဖြစ်စေသောသက်ရှိများ၊ အပင်ရောဂါ ဖြစ်ပွားမှုကို အားပေးသည့် ပတ်ဝန်းကျင်အခြေအနေများ၊ ရောဂါလက္ခဏာများ၊ ကာကွယ် နှိမ်နင်းနည်းများနှင့် ရောဂါကြောင့် အထွက်နှုန်းဆုံးရှုံးမှုကို လျှော့ချသည့်နည်းလမ်းများ စသည်တို့ကို လေ့လာသည့် ပညာရပ် ဖြစ်ပါသည်။ 

အပင်များသည် လုံလောက်သည့် မြေတွင်းအာဟာရ၊ အစိုဓာတ်၊ အလင်းရောင်နှင့် အပူချိန်များ ရရှိနေသရွေ့ ကောင်းစွာကြီးထွားဖွံ့ဖြိုးနိုင်ပြီး အထွက်နှုန်းများလည်း ကောင်းမွန်ပါသည်။ သို့ရာတွင် လူများကဲ့သို့ အပင်များလည်း ကြီးထွားမှုမကောင်း (ရောဂါ) ဖြစ်တတ်ကြသည်။ ရောဂါဖြစ်နေသော အပင်များသည် ကြီးထွားဖွံ့ဖြိုးမှုနှင့်အထွက်နှုန်း ညံ့ဖျင်းပြီး ရောဂါလက္ခဏာအမျိုးမျိုး ပြသကာ အချို့သောအစိတ်အပိုင်းများ သို့မဟုတ် အပင်တစ်ပင်လုံး သေဆုံးသွားနိုင်ပါသည်။

အပင်ရောဂါဖြစ်စေသော အကြောင်းရင်းများသည် လူနှင့်တိရစ္ဆာန်များတွင် ရောဂါ ဖြစ်စေသော အကြောင်းရင်းများနှင့် များစွာအလားတူပါသည်။ အပင်ရောဂါတစ်ခု ဖြစ်ပွားရန် ရောဂါဖြစ်စေသက်ရှိ၏အရေအတွက်နှင့် ရောဂါဖြစ်နိုင်စွမ်းအား၊ လက်ခံပင်၏ခံနိုင်ရည်မဲ့မှုနှင့် ပတ်ဝန်းကျင်အခြေအနေ၏အားပေးမှုဟူ၍ အကြောင်းအရင်း (၃) ရပ် ပြည့်စုံရန် လိုအပ်သည်။ အဆိုပါ အချက် (၃) ချက်ကို စုပေါင်း၍ ရောဂါတြိဂံ (Disease Triangle) ဟု ခေါ်ဆိုပြီး ၎င်းတို့အနက် တစ်ခုခု မပြည့်စုံပါက အပင်ရောဂါများ မဖြစ်ပွားနိုင်ပေ။

 အပင်ရောဂါဖြစ်စေသက်ရှိများတွင် သာမန်မျက်စိဖြင့်မမြင်နိုင်သော အဏုဇီဝသက်ရှိ များဖြစ်ကြသည့် မှို၊ ဘက်တီးရီးယား၊ ဗိုင်းရပ်စ်နှင့် နီမတုတ်တို့ အဓိကပါဝင်သည်။ ၎င်းအဏုဇီဝသက်ရှိများသည် အပင်များ၏ ဇီဝဖြစ်စဉ်များကို ဝင်ရောက်နှောင့်ယှက်ပြီး အပင်တွင် ရောဂါလက္ခဏာအမျိုးမျိုးကို ဖြစ်ပေါ်စေသည်။ မျက်စိဖြင့် မြင်တွေ့နိုင်သည့် ရောဂါပင်ပြလက္ခဏာများသည် ရောဂါဖြစ်စေသည့်သက်ရှိအမျိုးအစားနှင့် သဘောသဘာဝကို ခန့်မှန်းရာတွင် အထောက်အကူ ဖြစ်စေသည်။ 

အပင်ရောဂါလက္ခဏာများကို အဓိကအားဖြင့် ဆဲလ်သေဆုံးခြင်း (Necrosis)၊ ဆဲလ်ကွဲပွားမှု အဆမတန်များပြားခြင်းကြောင့် အပင်ကြီးထွားမှု လွန်ကဲခြင်း (Hyperplasia)၊ ဆဲလ်ကြီးထွားမှု ပုံမှန်မဟုတ်ခြင်းကြောင့် အပင်ကြီးထွားမှု လွန်ကဲခြင်း (Hypoplasia)၊ အစေးများနှင့် အရည်များ ထွက်ရှိခြင်း (Gummosis and exudations) ဟူ၍ အုပ်စု (၄) စု ခွဲခြားနိုင်ပါသည်။ 

၎င်းအုပ်စုကြီး (၄) စု၏ အောက်တွင် ထပ်မံ၍ အရွက်ဝါခြင်း၊ အပင်ညှိုးခြင်း၊ အပင်သေခြင်း၊ အပင်ခါးရိခြင်း၊ အနာကွက်များ ဖြစ်ပေါ်ခြင်း၊ အရွက်တွန့်ခြင်း၊ မြစ်ဖုများ ဖြစ်ပေါ်ခြင်း၊ အမြစ်ပုပ်ခြင်း အပါအဝင် အခြားသော ပင်ပြလက္ခဏာများကို ရောဂါဖြစ်စေသက်ရှိနှင့် လက်ခံပင်ပေါ်မူတည်၍ အမျိုးမျိုးတွေ့ရှိနိုင်ပါသည်။ 

အပင်ရောဂါများကို လေ့လာရာတွင် သီးနှံပင်အလိုက် -

  • (၁) မှိုကြောင့်ဖြစ်ပွားသောရောဂါများ (Fungal Diseases)
  • (၂) ဘက်တီးရီးယားကြောင့်ဖြစ်ပွားသောရောဂါများ (Bacterial Diseases)
  • (၃) နီမတုတ်ကြောင့်ဖြစ်ပွားသောရောဂါများ (Nematode Diseases)
  • (၄) ဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားသောရောဂါများ (Viral Diseases) ဟူ၍ 

ရောဂါဖြစ်စေ သက်ရှိအလိုက် အုပ်စုများ ခွဲခြားလေ့လာနိုင်ပါသည်။ 

မြန်မာနိုင်ငံ၏ စီးပွားရေးအရအရေးပါသည့်သီးနှံများတွင် ကျရောက်လေ့ရှိပြီး အထွက်နှုန်းကို ပျက်စီးဆုံးရှုံးစေနိုင်သည့် ရောဂါများ များစွာရှိပါသည်။ ဥပမာအားဖြင့် ..

  • မှိုကြောင့်ဖြစ်သောရောဂါများ - စပါးကုတ်ကျိုးရောဂါ၊ စပါးရွက်ဖုံးပုပ်ရောဂါ၊ စပါး ရွက်ဖုံးခြောက်ရောဂါ၊ စပါးမှိုသီးရောဂါ၊ ပဲသံချေးရောဂါ၊ ကြက်သွန်တောက်တဲ့မြီး ရောဂါ၊ နှမ်းရိုးမဲရောဂါ၊ ပြောင်းရွက်ဖုံးခြောက်ရောဂါ၊ ခရမ်းချဉ်/ကုလားပဲ ဖျူစေရီယမ်ပင်ညှိုးရောဂါ၊ ငရုတ်မှဲ့ပြောက်စွန်းရောဂါ၊ ဂန္ဓမာသံချေးဖြူရောဂါ၊ ကြံအူနီရောဂါ၊ အာလူးလောင်မဲရောဂါ၊ အာလူး/ခရမ်းချဉ်စောပင်နာကျရောဂါ၊ မုန်ညင်းမုန်လာအော်လ်တာနေးရီးယားရွက်ပြောက်ရောဂါ၊ စပျစ်ဒေါင်းနီးရွက်ခြောက်ရောဂါ
  • ဘက်တီးရီးယားကြောင့်ဖြစ်သောရောဂါများ - စပါးဘက်တီးရီးယားရွက်ခြောက် ရောဂါ၊ စပါးဘက်တီးရီးယားရွက်စင်းရောဂါ၊ ခရမ်းချဉ်ဘက်တီးရီးယားပင်ညှိုးရောဂါ၊ ကွမ်းရိုးမဲဆစ်ပြုတ်ရောဂါ၊ ဝါထောင့်ကွက်နှင့်လက်မဲ‌ရောဂါ
  •  နီမတုတ်ကြောင့်ဖြစ်သောရောဂါများ - စပါးယူဖရာ (သို့) စပါးလောင်မီး နီမတုတ် ရောဂါ၊ စပါးမြစ်ဖုရောဂါ၊ စပါးမြစ်ပုပ်ရောဂါ၊ စပါးရွက်ထိပ်ဖြူရောဂါ၊ ခရမ်းချဉ်မြစ်ဖု ရောဂါ၊ နှမ်းဆစ်နီမတုတ်ရောဂါ
  •  ဗိုင်းရပ်စ်ကြောင့်ဖြစ်သောရောဂါများ - စပါးတန်ဂရိုဗိုင်းရပ်စ်ရောဂါ၊ ပဲရွက်ဝါ ရောင်မညီကွက်ကြားရောဂါ၊ ပဲရောင်မညီကွက်ကြားရောဂါ၊ ခရမ်းချဉ်ရွက်လိပ်ရောဂါ စသည်တို့ ပါဝင်ပါသည်။

အပင်ရောဂါများကို အချိန်မီကာကွယ်နှိမ်နင်းမှုများ မပြုလုပ်ပါက သီးနှံအထွက်နှုန်းများကို အရင်းပင် ပြန်မရနိုင်သည်အထိ ဆိုးရွားစွာ ထိခိုက်စေနိုင်ပါသည်။ 

ကာကွယ်နှိမ်နင်း (Plant Disease Control) လိုပါက ဆောင်းပါးအစတွင် ဖော်ပြခဲ့သည့် ရောဂါတြိဂံ၏ အနား (၃) ဖက်ဖြစ်သည့် ရောဂါဖြစ်စေသက်ရှိ၊ လက်ခံပင်၏ခံနိုင်ရည်နှင့်ပတ်ဝန်းကျင်အခြေအနေတို့အနက် တစ်ခု (သို့) တစ်ခုထက်ပို၍ ဖျက်ဆီးပစ်ရန် လိုအပ်ပါသည်။ 

ဆိုလိုသည်မှာ ရောဂါဖြစ်စေသက်ရှိကို …

  • မပွားများနိုင်အောင်/မပျံ့နှံ့နိုင်အောင် လုပ်ပေးခြင်း၊ 
  • လက်ခံပင်၏ ရောဂါဒဏ်ခံနိုင်ရည် ရှိမှုကို မြှင့်တင်ပေးခြင်း၊ 
  • ရောဂါဖြစ်စေသက်ရှိ၏ ရှင်သန်မှု၊ ရောဂါကူးစက်ပျံ့နှံ့မှုနှင့် ရောဂါဖြစ်ပွားမှုတို့ကိုအားပေးသည့် ပတ်ဝန်းကျင်အခြေအနေများကို ပြောင်းလဲပေးခြင်း 

စသည်တို့ကို ပြုလုပ်ပေးခြင်းအားဖြင့် အပင်ရောဂါတစ်ခု မဖြစ်ပွားစေရန် ထိန်းချုပ်ကာကွယ်နိုင်ပါသည်။ 

ထိုသို့ပြုလုပ်ရန်အတွက် ရောဂါဖြစ်စေသက်ရှိ မျိုးစိတ်တစ်ခုချင်းစီတိုင်း၏ မျိုးပွားပုံ၊ ကြီးထွားပုံ၊ ကူးစက်ပျံ့နှံ့ပုံ၊ အပင်အတွင်းသို့ ဝင်ရောက်တိုက်ခိုက်ပုံ၊ ကြိုက်နှစ်သက်သည့် လက်ခံပင်၊ ကြိုက်နှစ်သက်သည့် ရာသီဥတုအခြေအနေ၊ ၎င်းကြောင့် ဖြစ်ပေါ်တတ်သည့် ရောဂါပင်ပြလက္ခဏာများ စသည်တို့ကို အသေးစိတ်လေ့လာ၍ သိရှိနားလည်ထားရန် လိုအပ်ပါသည်။ ထိုအချက်များကို သေချာသိရှိထားမှသာ ရောဂါဖြစ်စေသက်ရှိအလိုက် သင့်လျော်ရာ ရောဂါကာကွယ်နှိမ်နင်းနည်းများကို ထိရောက်စွာ ရွေးချယ်အသုံးပြုနိုင်မည် ဖြစ်ပါသည်။

 ယေဘုယျအားဖြင့် သီးနှံစိုက်ပျိုးနည်းစနစ်များ၊ ခံနိုင်ရည်ရှိမျိုးများ၊ ဓာတုဆေးများ၊ ဇီဝနည်းလမ်းများ စသည်တို့ဖြင့် ကာကွယ်နှိမ်နင်းလေ့ရှိကြသည်။ ဤနေရာတွင် သတိချပ်ရန်မှာ နည်းလမ်းတစ်မျိုး (ဥပမာ - ဓာတုဆေးများ အလွန်အကျွံသုံးစွဲခြင်း)ဖြင့် ကာကွယ်နှိမ်နင်းခြင်းထက် နည်းလမ်းမျိုးစုံပေါင်းစပ်၍ ဘက်စုံရောဂါကာကွယ်နှိမ်နင်းခြင်း (Integrated Disease Management)သည် ပို၍ထိရောက်ပြီး ရေရှည်တွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုကိုလည်း နည်းပါး‌စေမည်ဖြစ်ကြောင်း အကြံပြုလိုပါသည်။  

အပင်ရောဂါဗေဒပညာသည် စပါး၊ မြေပဲ၊ ပဲမျိုးစုံ စသည့် လယ်ယာသီးနှံများ (Agronomic Crops)၊ ခရမ်းချဉ်၊ သရက်သီး၊ နှင်းဆီပင်စသည့် ဥယျာဉ်ခြံသီးနှံများ (Horticultural Crops) ၊ ကျွန်း၊ ပျဉ်းကတိုး စသည့် သစ်တော သစ်ပင်များ (Forest Trees)  စသည်တို့တွင် ကျရောက်တတ်သော ရောဂါဖြစ်စေသော သက်ရှိများ (Micro Organisms) ကိုလေ့လာခြင်း၊ ရှာဖွေဖော်ထုတ်ခြင်းနှင့် ကာကွယ်နှိမ်နင်းခြင်းတို့ ဖြစ်ပါသည်။

ရောဂါဖြစ်စေသက်ရှိများကို

  • (က) မြေဆောင်ရောဂါများ  (Soil-Borne Disease) မြေကြီးကနေ ကူးစက်ပြန့်ပွားခြင်း ( ဥပမာ - ခါးရိရောဂါ (Damping off)၊ အမြစ်ပုတ်ရောဂါ (Root-Rot))
  • (ခ) မျိုးစေ့ဆောင်ရောဂါများ (Seed-borne Disease) မျိုးစေ့များမှ ကူးစက် ပြန့်ပွားခြင်း (ဥပမာ - စပါးမှိုသီးရောဂါ)
  • (ဂ) လေဆောင်ရောဂါများ (Air-borne Disease) လေမှ ကူးစက်ပြန့်ပွားခြင်း ( ဥပမာ - မြေပဲရွက်ပြောက်ရောဂါ (Groundnut Leaf-Spot))

စသည်တို့အဖြစ် ခွဲခြားလေ့လာနိုင်ပါသည်။

စိုက်ပျိုးမွေးမြူရေးနှင့် ပတ်သက်သော ပညာရပ်များမှာ လေ့လာ၍ မကုန်နိုင်ပါ။

 ပြီးခဲ့သော စနေနေ့ (၂၀၂၂  ဩဂုတ်လ ၆-ရက်) ဗဟုသုတမျှဝေခြင်း အစီအစဉ် (Knowledge Sharing Program) မှာ ဆရာဦးရန်လင်းက သရက်သီးထိုးယင် (Mango Fruit Fly) ကျရောက်မှုတွင် သရက်စိုက်တောင်သူများ လွဲမှားစွာကျင့်သုံးနေသည့်အချက်မှာ သီးထိုးယင်ကြောင့် သရက်သီးပုတ်သွားပါက မြေကြီးပေါ်တွင် အမှိုက်ပုံသလို ပုံကြခြင်းဖြစ်ပြီး ယင်းလုပ်ဆောင်ချက်မှာ သီးထိုးယင် ပိုးတုံးလုံး (Larva Stage) ဘဝမှ ပိုးရုပ်ဖုံး (Pupa Stage) ဘဝသို့ မြေကြီးထဲသို့ ပြန်ရောက်ရင်း အကောင်ကြီးဘဝ (Adult Stage) သို့ တပတ်ပြန်လည်ကာ (Insect Pest Life-Cycle) ပိုးကောင်များ ပိုမိုများပြားလာနိုင်ပါသည်ဟု ဆွေးနွေးပါသည်။ 

ဩစတေးလျနိုင်ငံတွင် သရက်သီးများကို ပြည်နယ် တစ်ခုမှတစ်ခုသို့ သယ်ဆောင်လျှင်ကိုပဲ နယ်စပ်များတွင် ရောဂါပိုးမွှားကင်းစင်ရေးလုပ်ဆောင်မှု (Plant Quarantine Inspection) တင်းကြပ်စွာ ပြုလုပ်သည်ဟု ပြောပါသည်။

တောင်သူဦးကြီးများအတွက် စိုက်ပျိုး၊ မွေးမြူရေးဆိုင်ရာ လက်မှတ်ရ (Certificate)၊ ဒီပလိုမာ (Diploma)၊ ဘွဲ့ဒီဂရီ (Degree) သင်တန်းများ အစိုးရနှင့်ပုဂ္ဂလိကကဏ္ဏ များ (Government and Private Sectors)၊ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (Non-Governmental Organization – NGO; Civil Society Organization - CSO) မှ အချိန်ပြည့်၊ အချိန်ပိုင်း (Full-Time and Part-Time)၊ ပုံမှန် စနစ်တကျနှင့် ပေါ့ပေါ့ပါးပါး သင်တန်းဆွေးနွေးပွဲများ (Formal and Non-Formal (Informal) Training, Workshops, Conference, Panel Discussion Program   ) များစွာ ပြုလုပ်ပေးရန်လိုပါဦးမည်ဟု ထင်မြင်ယူဆမိပါသည်။ 

(စကားချပ် - ကျွန်တော်တို့ ရွှေရောင်လွင်ပြင်အဖွဲ့မှ စနေနေ့ည ၈-နာရီတိုင်း ဗဟုသုတမျှဝေခြင်း အစီအစဉ် (Knowledge Sharing Program)   ပြုလုပ်လျှက်ရှိပါတယ်။ တောင်သူများ စိုက်ပျိုးရေးနှင့်မွေးမြူရေးဆိုင်ရာ ဗဟုသုတ ရရှိစေဖို့ တက်ရောက်ဆွေးနွေးမေးမြန်းဖို့ ဖိတ်ခေါ်ပါတယ်။ အပတ်စဉ် အစီအစဉ်များကို ရွှေရောင်လွင်ပြင် (Golden Plain Livelihood Development Services Co-op Ltd facebook page) မှ ကြေငြာပေးနေပြီး  ၎င်းမှလည်း တိုက်ရိုက်ကြည့်ရှု (Live Stream) မေးမြန်းနိုင်ပါတယ်)

စင်ကာပူနိုင်ငံ၊ စင်ကာပူအမျိုးသားတက္ကသိုလ် (National University of Singapore) တွင် နိုင်ငံရှိ အလုပ်လုပ်နေသော ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ (Working Staff and Working Students) အတွက် အချိန်ပြည့်၊ အချိန်ပိုင်း ညသင်တန်းများ (Night Classes) ကို နေ့စဉ် ည ၇ နာရီမှ ၁၁ နာရီလောက်အထိ သင်ကြားသင်ယူနေကြသည် ဟူ၍ ကြားသိရပါသည်။ အသက်၊ ကျားမ ကန့်သတ်ချက်မရှိ၍ ရာသက်ပန်သင်ယူနေသည့် စနစ် (Lifelong Learning System) ကို ကျင့်သုံးနေသည်မှာ အလွန်အားကျဖွယ် ကောင်းလှပါသည်။ 

ယင်းမှာ ကျွန်တော်တို့နိုင်ငံ၏ တစ်ချိန်တုန်းက သက်ကြီးတက္ကသိုလ် ပုံစံမျိုးပါ။  ဥပမာ - စိုက်ပျိုးရေးဖြင့် ဘွဲ့ရထားသူက ဥပဒေ (Law)၊ စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲမှု ပညာ (Business Management and Administration)၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးဆိုင်ရာနည်းပညာ (Information and Communication Technology - ICT) စသည့် လက်မှတ်ရ သင်တန်းများ တက်သလိုမျိုး ဖြစ်ပါသည်။ ကိုဗစ်ကာလတွင် အိမ်မှာနေ၍ လေ့လာရသော သင်ကြားနည်းစနစ် (Home-Based Learning System) သို့မဟုတ် ဆရာတပည့် မျက်နှာချင်းဆိုင်တွေ့ဆုံပြီး သမားရိုးကျ သင်ယူနည်း (Conventional face-to-face learning System) နှင့် နှစ်ခုပေါင်းသင်ယူခြင်း (Blended learning System) စသည်တို့ဖြင့် နည်းအမျိုးမျိုး သင်ကြား၊ သင်ယူနိုင်ပါသည်။ အခွင့်အခါသင့်ပါက ဆက်ရေးပါဦးမည်။ 

(ဒေါက်တာမျိုးကြွယ်)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်